ရေစကြိုမြို့နယ်အတွင်း နွေကာလ သောက်သုံးရေခက်ခဲမှု ကြုံတွေ့ခဲ့သည့် ကျေးရွာများမှ ခုနစ်ရွာအား ယခုနှစ်အတွင်း ရေတွင်းတူးဖော်ခြင်းနှင့် ရေကန်တည်ဆောက်ခြင်းများ လုပ်ဆောင်မည်

ရေစကြိုမြို့နယ်အတွင်း နွေကာလ သောက်သုံးရေခက်ခဲမှု ကြုံတွေ့ခဲ့သည့် ကျေးရွာများမှ ခုနစ်ရွာအား ယခုနှစ်အတွင်း ရေတွင်းတူးဖော်ခြင်းနှင့် ရေကန်တည်ဆောက်ခြင်းများ လုပ်ဆောင်မည်
ELEVEN MEDIA GROUP ရေသယ်ယာဉ်ဖြင့် ရေစကြိုမြို့နယ်တွင် ရေလှူဒါန်းပေးနေစဉ်
ELEVEN MEDIA GROUP ရေသယ်ယာဉ်ဖြင့် ရေစကြိုမြို့နယ်တွင် ရေလှူဒါန်းပေးနေစဉ်
Published 6 December 2019
သက်ထိန်ဝင်း

ရေစကြိုမြို့နယ်အတွင်း နွေကာလ သောက်သုံး ရေခက်ခဲမှု ကြုံတွေ့ခဲ့သည့် ကျေးရွာများထဲမှ ခုနစ်ရွာအား ယခုနှစ်အတွင်း ရေတွင်းတူးဖော်ခြင်း နှင့် ရေကန်တည်ဆောက်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ဌေးအောင်ထံမှ သိရသည်။

ရေစကြိုမြို့နယ်အတွင်း နွေကာလတွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများအတွက် ယခု ၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ်တွင် တွင်းတိမ်တစ်တွင်း ၊ တွင်းနက် (၃) ၊ မြေသား ကန်သုံးကန်နှင့်အခြားလုပ်ငန်းတစ်ခုတို့ အား ငွေ ကျပ် ၁၀၇ ဒသမ ၁၇၂ သန်းအသုံးပြု၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ ဒေသအတွက်တော့ အကျိုးပြုတယ်။ နည်းပညာတိုးတက်နေတော့ ရေတွင်းတူးရင် မြေအောက် ရေ ရ မရ စမ်းသပ်လို့ရပြီ။ ရေချို မချို စမ်းသပ်လို့ ရပြီ။ အခုရတဲ့ ဘတ်ဂျက်ကို နည်းပညာအားထားပြီး  ဒေသအတွက် အကျိုးရှိအောင် သုံးမယ်။ ရေကန်တွေနဲ့ ပတ်သက်လို့လည်း ရေမထိန်း နိုင်တဲ့ကန်တွေပြုပြင်သွားမယ်။သက်ဆိုင် ရာ ဌာနရဲ့လုပ်ငန်းတွေကိုဒေသအတွက် အကျိုး ရှိအောင်ပူးပေါင်းဆောင်ရွက်မှာပါ ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်ဌေးအောင်ထံမှ သိရသည်။

ရေစကြိုမြို့နယ် အနောက်ဘက်ခြမ်းရှိ သိမ်ကုန်း ၊ဘောင့်ဘင်တန်း ၊ချင်းယားကုန်း၊  ကျောက်က္ကာ ၊ ရွာသာ အေး ၊ ထန်းပင်ချောင်း၊ မြစ်လှချောင် ၊ ယာကြီးကုန်းကျေးရွာများမှာ ကန်ရေအားထားသုံးစွဲရပြီး မိုးခေါင်သည့် နှစ်များတွင် သောက်သုံးရေ ရှားပါးမှုအား ပိုမိုကြုံတွေ့ရကြောင်း သိရသည်။

ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာတင်ဌေးအောင် က နွေကာလတွင် ရေစကြိုမြို့နယ် အနောက်ဘက်ခြမ်းရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများအား ရေကူညီပေးနိုင်ရန် ရေ သယ်ယာဉ်ချထားပေးရန် ရှိ ၊မရှိ နိုဝင်ဘာလ ၁၅ရက်နေ့က လွှတ်တော်တွင် ကြယ်ပွင့် မပြ မေးခွန်း မေးမြန်းခဲ့သည်။

“ပခုက္ကူနဲ့ရေစကြိုကားလမ်း အနောက်ဘက်ခြမ်း ကျေးရွာတွေမှာ နွေရောက်တိုင်း ရေအခက်ခဲ ကြုံရတယ်။ မိုးကလည်း ခေါင်တော့ ရေက အရင်လို အလျင်မမီဘူး။ ပြီးခဲ့ တဲ့နှစ်ကဆိုရင် eleven ရေအလှူကား ကံပွင့် ရေအလှူကားနဲ့ တခြားအသင်းက ရေအလှူ ကားတွေ ကူညီပေးကြရတယ်။ မြို့နယ်ပိုင် ကားတစ်စီးရှိရင်တော့ လိုအပ်ချက်တွေကို မြန်မြန်ကူညီနိုင်မှာကြောင့် ရေကားပေးနိုင်ရင် ပေးဖို့ မေးခွန်းမေးတာဖြစ်ပါတယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်ဌေးအောင်ထံမှ သိရသည်။

ဒေါက်တာတင်ဌေးအောင်၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါ ခရိုင်အတွက် ရေဂါလန် ၁၆၀၀ ဆံ့ရေသယ် ယာဉ်တစ်စီးအား ချထားပေးပြီးဖြစ်သည့် အတွက် ရေစကြိုမြို့နယ်အနေနှင့် အဆိုပါ ရေသယ်ယာဉ်အား အသုံးပြုနိုင်ကြောင်း သက်ဆိုင်ရာမှ ပြန်လည် ဖြေကြားခဲ့သည်။

ယခု၂၀၁၉ခုနှစ်နွေကာလတွင် ရေစကြို မြို့နယ် ရှင်မတောင်အနီး ကျေးရွာများမှာ မိုးခေါင်မှုကြောင့် သောက်သုံးရေ ရှားပါးမှုအား ကာလရှည် ကြုံတွေ့ရပြီး ရေလိုအပ်သည့် ကျေးရွာများအား ELEVEN MEDIA GROUP ရေအလှူတော်မှ ရေသယ်ယာဉ် ၂ စင်းဖြင့် သွားရောက် လှူဒါန်းပေးခဲ့သည်။

 

 

Most Read

Most Recent