ကျောက်တော်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်နှင့် AA အဖွဲ့တို့၏ အပြန်အလှန်ပစ်ခတ်မှုများအကြား ကလေးငယ်တစ်ဦး သေဆုံး

ကျောက်တော်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်နှင့် AA အဖွဲ့တို့၏ အပြန်အလှန်ပစ်ခတ်မှုများအကြား ကလေးငယ်တစ်ဦး သေဆုံး
Published 6 December 2019
မင်းနိုင်စိုး

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က RPG ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တို့၏ အပြန်အလှန်ပစ်ခတ်မှုများအကြား ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်သည် ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်တစ်ဦး၏ သေဆုံးမှုသည် အဆိုပါပစ်ခတ်မှုများအကြား သေနတ်ထိမှန်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“မနက် ၉ နာရီလောက်မှာ ကျောက်တော် မြို့အဝင်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို RPG နဲ့ AA က ပစ်ခတ်သွားတာရှိပါတယ်။ ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး။ အဲဒါကတော့ ကျွန်တော်တို့လည်း အတိအကျတော့ မသိသေးဘူး။ အဲဒီမှာ ဖြစ်ခဲ့တာတော့ ရှိတယ်။ RPG နဲ့ လာပြီးတော့ သိပ်မဝေးပါဘူး။ မီတာ ၅၀၀၊ ၆၀၀ လောက်ပဲဝေးတယ်။ အဲဒီကျောက်တော်မှာရှိတဲ့ တံတားအဆင်းဘက်လောက်ကနေပြီးတော့ မြို့အဝင်မှာ လုံခြုံရေးချဆောင်ရွက်နေတဲ့ အဖွဲ့ကို လာပစ်သွားတာပေါ့။ တပ်ဘက်က အဲဒီဘက်ကို ခြောက်လှန့်ပစ်ခတ်ခဲ့တာ ရှိတယ်။ အဲဒီတော့ ဟိုဘက်ကလည်း ပြန်ပစ်တာ ရှိတယ်။ အဲဒီကြားထဲမှာပဲ သေဆုံးသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ပစ်ခတ်မှုများကြောင့် ကျည်ဆန်ထိမှန် သေဆုံးသွားသူမှာ ကျောက်တော်မြို့ ရွာမကျောင်းတွင် တတိယတန်း တက်ရောက်နေသည့် ပိုက်သည်ရပ်ကွက်မှ ဦးမိုးကျော်နှင့် ဒေါ်ဖြူဖြူသန်းတို့၏သား အသက် (၉) နှစ် အရွယ် မောင်ကျော်မင်းမြတ်ဆိုသူဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက် ညနေပိုင်းကလည်း မြောက်ဦးမြို့နယ် ချင်းပျံတောရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ကလေးငယ်နှစ်ဦးနှင့် အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ချင်းပျံတောရပ်ကွက်နေ မောင်လှမောင်သိန်းသည် ဒီဇင်ဘာ ၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် အလယ်ဝေးရပ်ကွက်၊ ကျောက်ပြင်ဆပ်တောရဘုန်းကြီးကျောင်းအနီး၌ တွေ့ရှိခဲ့သည့် အရှည်တစ်ပေခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား ယူဆောင်လာပြီး ၎င်း၏အိမ်အနီးရှိ လမ်းမပေါ်၌ချထားခဲ့ကြောင်း၊ ၎င်း၏အစ်မဖြစ်သူ မဆန်းအေးနုက အဆိုပါဗုံးသီးဟောင်းအား ကျောက်ခဲဖြင့် ထုနှက်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မနုနုဝင်းနှင့် ကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငါးဦးတို့ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂  ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြောက်ဦးမြို့ မြောက်ဘက်၊ ရန်အောင်ပြင်အုပ်စု၊ နလိတ်ကျေးရွာအတွင်း၌လည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်က မြောက်ဦးမြို့နယ် ရာရှည်ပြင်ကျေးရွာတွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုများကြောင့် ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent