၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် 9-Ball Pool ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့် အတွဲကစားသမား (၂)ဦးနှင့် တွေ့ဆုံခြင်း

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် 9-Ball Pool ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့် အတွဲကစားသမား (၂)ဦးနှင့် တွေ့ဆုံခြင်း
Published 6 December 2019
အောင်မင်းသန့်

ဒီဇင်ဘာ(၅)ရက်ကကျင်းပတဲ့ 9-Ball Pool အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲမှာ မောင်မောင်နဲ့ အောင်မိုးသူအတွဲက မြန်မာနိုင်ငံအတွက် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ဒုတိယမြောက်ရွှေတံဆိပ်ရယူပေးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာ သူတို့ရဲ့ရင်ခုန်စကား သံတွေကို အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။

9-Ball Pool ရွှေတံဆိပ်ဆုရှင် မောင်မောင်နှင့် တွေ့ဆုံခြင်း

မေး - အရင်ဆုံးအနေနဲ့ အခုလို ရွှေတံဆိပ်ဆုရယူနိုင်တဲ့အတွက် ခံစားချက်ကို ပြောပြပေးပါဦး။

ဖြေ - အရမ်းဝမ်းသာပါတယ်။ ကျွန်တော် အရမ်းဖြစ်ချင်တဲ့ အရာတစ်ခု ပြည့်မြောက်သွားပါပြီ။ နိုင်ငံတော်အပေါ်မှာ ကျွန်တော်အကြွေးရှိနေပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်ကကျွေးတဲ့ ထမင်းစားခဲ့လို့ ပိုပြီးအကြွေးရှိပါတယ်။ နေပြည်တော်မှာလည်း လစာနဲ့ လေ့ကျင့်ခဲ့တယ်။ အဲဒီမှာစလေ့ကျင့်တော့ ကျွန်တော်လက်ရွေးစင်မဖြစ်သေးဘူး။ အဲဒီအချိန်ကတည်းက ကျွန်တော့်ရည်မှန်းချက်က ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တစ်နေ့ရွှေတံဆိပ်ယူနိုင်ရမယ်။ မြန်မာနိုင်ငံတော်သီချင်းဖွင့်နိုင်ရမယ်ဆိုပြီး ရည်မှန်းထားတာပါ။ အခုတော့ တကယ်လုပ်နိုင်ခဲ့ပါပြီ။

မေး - အတူကစားဖော်ဖြစ်တဲ့ အောင်မိုးသူကရော အထောက်အပံ့ကောင်းပေးနိုင်တဲ့သူလို့ ပြောနိုင်မလား။

ဖြေ - အခုလိုအောင်မြင်မှုရတာ ကျွန်တော့်တစ်ယောက်တည်း ကြောင့်မဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းလည်းပါပါတယ်။ သူနဲ့ကျွန်တော်ကစားခဲ့ရတာ တကယ်မလွယ်ပါဘူး။ သူနဲ့ကျွန်တော်က ခင်လာတာလည်း ကြာပါပြီ။ ဟိုးအရင်လက်ရွေးစင်မဖြစ် ခင်ကတည်းကပါ။

မေး - ဗိုလ်လုပွဲမှာ (၈)ပွဲအသာနဲ့ ဦးဆောင်ထားနိုင်ပြီးမှ (၄)ပွဲပြန်ရှုံးခဲ့လို့ ဖိအားဝင်သွားသေးလား။

ဖြေ - တကယ်တော့ (၈-၀)ဖြစ်နေချိန်မှာ ကျွန်တော်က (၉-၀)နဲ့ ပြီးမယ်ထင်တာပါ။ အဲဒီမှာ ကျွန်တော်တို့ တစ်ချက်မှားသွားတယ်။ အဲဒါကြောင့် (၄)ပွဲလောက် ပြန်ရှုံးသွားတာပါ။ မမှားရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်ကတော့ အဲဒီလိုထပ်မမှားစေဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၉-၄)ဆိုတဲ့ရလဒ်ကလည်း အောင်မြင်မှုပါပဲ။ ဒီအောင်မြင်မှုအတွက်၊ နိုင်ငံတော်သီချင်းဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။

9-Ball Pool ရွှေတံဆိပ်ဆုရှင် အောင်မိုးသူနှင့် တွေ့ဆုံခြင်း

မေး - ရွှေတံဆိပ်ရယူနိုင်ခဲ့တဲ့ ခံစားချက်ကို သိပါရစေ။

ဖြေ - ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့မျှော်မှန်းထားတဲ့ ရွှေတံဆိပ်ယူပေးနိုင်ခဲ့တဲ့အတွက် နိုင်ငံအတွက်ရော၊ ကိုယ့်အတွက်၊ ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော့်ကို ပံ့ပိုးပေးတဲ့သူတွေ၊ ဆရာသမားတွေအတွက်၊ နိုင်ငံသားတွေ အားလုံးအတွက် အရမ်းဝမ်းသာပါတယ်။

မေး - ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေအကြောင်း ပြောပြပေးပါဦး။

ဖြေ - ဒီရွှေတံဆိပ်ရဖို့အတွက် ကျွန်တော်တို့အနေနဲ့ အိမ်ရှင်ဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အသင်းကိုရော မနှစ်ကရှုံးခဲ့တဲ့ စင်ကာပူအသင်းကိုရော အကြိတ်အနယ်ကြိုးစားယှဉ်ပြိုင်ခဲ့ရတဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူပါတယ်။

မေး - အစ်ကိုနဲ့ ကိုမောင်မောင်တို့က တွဲကစားတာလည်းကြာပြီးဆိုတော့ နှစ်ယောက်ကြားမှာ ဘယ်လိုနားလည်မှုတွေယူထားလဲ။

ဖြေ - ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေပါ။ လက်ရွေးစင်မဖြစ်ခင် ၂၀၁၁ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ ကစားကတည်းက စတွဲခဲ့ဖူးတာပေါ့။ ဆီးဂိမ်းစ်မှာဆိုရင်လည်း (၂)ယောက်တွဲပြိုင်ပွဲစပြိုုင်ကတည်းက စင်ကာပူဆီးဂိမ်းစ်(၂၀၁၅)၊ မလေးရှားဆီးဂိမ်းစ် (၂၀၁၇)၊ အခု ဖိလစ်ပိုင်ဆီးဂိမ်းစ်အထိ အတူတူတွဲပြီးတော့ နိုင်ငံအတွက် ဆုယူပေးလာတာပါ။ ဒီနှစ်ကတော့ ရွှေတံဆိပ်ပေါ့။

မေး - အစ်ကိုတို့နှစ်ယောက်ပေါင်းပြီးတော့ ရွှေတံဆိပ်ရယူနိုင်တာ ပထမဆုံးအကြိမ်လား။

ဖြေ - ဟုတ်ပါတယ်။ ပထမဆုံး ရွှေတံဆိပ်ပါ။ ဒီဆုတံဆိပ်က 9-Ball Pool အားကစားနည်းရယ်လို့ မြန်မာနိုင်ငံမှာစဖြစ်လာကတည်းက ရွှေတံဆိပ်အနေနဲ့ ပထမဆုံးရခဲ့တာပါ။ တစ်ဦးချင်းအနေနဲ့တော့ ၂၀၁၃ အိမ်ရှင်ဆီးဂိမ်းစ်မှာ ကြေးတံဆိပ်၊ စင်ကာပူဆီးဂိမ်းစ်နှစ်မှာ (၂)ယောက်တွဲကြေးတံဆိပ်၊ မလေးရှားဆီးဂိမ်းစ်နှစ်မှာ  (၂)ယောက်တွဲ ငွေတံဆိပ်ရရှိခဲ့ဖူးပါတယ်။