မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် တွေ့ဆုံခြင်း

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် တွေ့ဆုံခြင်း
Photo: Aung Mun Thant
Photo: Aung Mun Thant
Published 6 December 2019
ညီညီစိုးညွန့်

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ နာမည်ကြီးကြက်တောင်မယ် သက်ထားသူဇာဟာ ပထမအဆင့်မှာ နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားပြီဖြစ်တာကြောင့် ပွဲအပြီးမှာ Eleven Sports နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး - ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲမှာ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ပွဲအနေအထားကို အရင်ဆုံးသုံးသပ်ပေးပါဦး။

ဖြေ - ဒီဇင်ဘာ (၄)ရက်မှ ဖိလစ်ပိုင်နိုင်ငံကိုရောက်တာဖြစ်ပြီး ကွင်းကတော့ နည်းနည်းစိမ်းပါတယ်။ တစ်ရက်လောက်ပဲ လေ့ကျင့်ထားတာကြောင့် အသင်းလိုက်ပြိုင်ပွဲယှဉ်ပြိုင်ထားတဲ့ ကစားသမားတွေနဲ့ယှဉ်ရင် ကစားရတာ အခက်အခဲတော့ရှိပါတယ်။ ဒါပေမဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ပထမပွဲ (ပထမပွဲငယ်)မှာ Error တွေများခဲ့လို့ အနိုင်ကနေရှုံးသွားပေမယ့် ဒုတိယပွဲငယ်မှာ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။ 

မေး - ပြိုင်ဘက်ကစားသမားက ဘာလို့ အရှုံးပေးသွားတယ်လို့ ထင်ပါသလဲ။ 

ဖြေ - ပြိုင်ဘက်ကစားသမား အရှုံးပေးသွားတာက သေချာတော့မပြောတတ်ပါဘူး။ ဒဏ်ရာပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ အရင်တုန်းက ကိုယ့်ပြိုင်ဘက်တွေ အရှုံးပေးသွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ 

မေး - ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်နေရတဲ့အတွက် ခရီးပန်း၊ ပွဲပန်းတဲ့ဒဏ်တွေ ခံစားနေရသလား။ 

ဖြေ - ပြိုင်ပွဲတွေယှဉ်ပြိုင်တာက ကစားသမားတစ်ဦးလုပ်ရမယ့် အရာဖြစ်ပါတယ်။ အိုလံပစ်ဝင်ခွင့် မျှော်မှန်းထားတဲ့အတွက် ကမ္ဘာ့အဆင့်ကျလို့မရဘဲ ပြိုင်ပွဲတွေဆက်တိုက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ လုပ်ဆောင်နေတာဖြစ်လို့ ပင်ပန်းတယ်လို့ မခံစားရပါဘူး။ 

မေး - ဒဏ်ရာပြဿနာတွေရှိနေလား။

ဖြေ - ကြီးကြီးမားမား မရှိပါဘူး။ ကစားသမားတစ်ဦးမှာ ဖြစ်တတ်တဲ့ ဒဏ်ရာလောက်ပဲ ရှိတာပါ။    

မေး - ဆီးဂိမ်းစ်ပြိုင်ပွဲ အတွေ့အကြုံလည်း ပြောပြပေးပါဦး။ 

ဖြေ - ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်တာ (၄) ကြိမ်မြောက်ဖြစ်ပါတယ်။ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၇ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းက ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တာနဲ့ အခုယှဉ်ပြိုင်ရတာ ကွာခြားမှုတော့ ရှိပါတယ်။ အတွေ့အကြုံတွေများလာတဲ့အတွက် ကစားရတာ ပိုကောင်းလာပါတယ်။