တစ်နေ့ကသိမ်ဖြူလမ်းမှာရှိသည့် စာအုပ်လမ်းသို့ ကျွန်တော်ရောက်သွားသည်။ ယခင်ကဆိုလျှင် ရန်ကုန်မြို့ထဲရောက်သည်နှင့် စာအုပ်အဟောင်းတန်းရှိရာ ပန်းဆိုးတန်းသို့ မရောက်မဖြစ် ရောက်ခဲ့သည်ချည်း။ တခြားနေရာတွေ မရောက်လျှင်သာရှိမည် စာအုပ်ဆိုင်တွေရှိရာသို့ ခြေဦးလှည့်မိစမြဲ။ အခုနောက်ပိုင်း မိမိအလုပ်နှင့် မိမိ လုံးလည်ချာလည်လိုက်ကာ မြို့ထဲသို့ပင် ပုံမှန်မရောက််ဖြစ်တော့ချေ။ ထိုအခါ စာအုပ်အဟောင်းတန်းသို့လည်း မရောက်ဖြစ်တော့။ ထိုနေ့ကတော့ ကျွန်တော်စာအုပ်တွေရှိရာ စာအုပ်လမ်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။
ကျွန်တော်သည် စာအုပ်အဟောင်းများ လမ်းဘေးချခင်းထားတာမြင်လျှင် မနေနိုင်။ မဝယ်လျှင်တောင်မှ ရပ်ပြီးငေးကြည့်လိုက်ရမှ အာသာပြေတတ်သူ ဖြစ်သည်။ စာအုပ်မြင်လျှင် ကိုယ်ခန္ဓာထဲမှာရှိသည့် သွေးတွေပူပြီး ဆူလာသလိုခံစားရသူ ဖြစ်သည်။ လူတစ်ယောက် လက်ထဲမှာစာအုပ်တစ်အုပ် ကိုင်လာတာတွေ့လျှင် “ ဘာစာအုပ်ပါလိမ့်” ဆိုပြီး မရမကလိုက်ကြည့်တတ်သူလည်း ဖြစ်သည်။ ထိုနေ့ကလည်း စာအုပ်ပင်လယ်ထဲသို့ ကျွန်တော် ရောက်သွားပါသည်။ ကျွန်တော့်မြင်ကွင်းရှေ့မှာ စာအုပ်တွေ စာအုပ်တွေ မနည်းမနောပါလား။
ကျွန်တော်သည် စာအုပ်ဆိုင်ရှေ့ရပ်ကာ ဖြန့်ခင်းထားသည့် စာအုပ်တွေကိုကိုင်ကြည့်သည်။ ဟိုလှန် ဒီလှန် ဖတ်ကြည့်သည်။ ထို့နောက် ပြန်ချထားလိုက်သည်။ နောက်တစ်အုပ် ကောက်ကိုင်သည်။ ပြီးနောက်တစ်အုပ်။ တစ်ဆိုင်ပြီး တစ်ဆိုင်။ တစ်အုပ်ပြီး တစ်အုပ်။ စာအုပ်လမ်းမှာ စာအုပ်ငေးသူတစ်ယောက်။ ကျွန်တော့်ကိုယ်ကျွန်တော် ထိုကဲ့သို့ ပြန်မြင်နေမိသည်။ ကျွန်တော့်မျက်လုံးတို့သည် စာအုပ်ပေါ်မှ ခွာမရ။ စာအုပ်များသည် ကျွန်တော့်ကိုညှို့ငင်နေဘိသကဲ့သို့ပင်။ စာအုပ် မြစ်ထဲမှာ ကျွန်တော် ကူးခပ်ပျော်ပါးနေပါသည်။ ကျွန်တော်သည် စာအုပ်များကို အငမ်းမရ သောက်သုံးနေပါသည်။ ကျွန်တော့်အတွက်တော့ စာအုပ်ဟူသည် သောက်လေ သောက်လေငတ်မပြေသည့် ပင်လယ်ရေသာ ဖြစ်လေသည်။
ကျွန်တော်သည် တစ်မျှော်တစ်ခေါ် မြင်နေရသည့် စာအုပ်ပြင်ကျယ်ကြီးကို လှမ်းကြည့်ရင်း စိတ်ထဲမှာ မချင့်မရဲဖြစ်နေမိသည်။ မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေမိသည်။ တခြားကြောင့်မဟုတ်ပါ။ မြင်နေရသည့် စာအုပ်များကိုပိုင်ဆိုင်ခွင့် မရသောကြောင့် ဖြစ်လေသည်။ ကောက်ကြည့် မြည်းကြည့်ပြီးနောက် ပြန်ပြန်ချထားခဲ့ရသောကြောင့် ဖြစ်ပါသည်။ လိုချင်ပါလျက် မဝယ်နိုင်သောကြောင့် ပြန်ချထားခဲ့ရသည့် စာအုပ်များကြောင့် ဖြစ်ပါသည်။ မိမိစာအုပ်စင်မှာသိမ်းဆည်းခွင့် မရလိုက်သောစာအုပ်များကြောင့် ဖြစ်ပါသည်။ ကျွန်တော် စိတ်မကောင်းပါ။ သို့သော် မည်သို့မျှလည်း မတတ်နိုင်ပါ။ ကျွန်တော်သည် အာသာငမ်းငမ်းမျက်လုံးများဖြင့် တစ်ဆိုင်ပြီးတစ်ဆိုင် ဖြတ်ကျော်လာခဲ့ပါသည်။ လိုချင်တောင့်တ စိတ်ဆန္ဒဖြင့် တစ်အုပ်ပြီး တစ်အုပ် ချထားခဲ့ရပါသည်။ ကျွန်တော် ပိုင်ဆိုင်ခွင့် မရလိုက်သောစာအုပ်များ ကျွန်တော့် အနောက်မှာ ကျန်ရစ်ခဲ့ကြပါသည်။ ထိုစာအုပ်များသည် ကျွန်တော်နှင့် အတူနေဖို့ရာ ကံပါလာပုံမရပါ။ ထို့ကြောင့် ကျွန်တော်သည် ကံမကုန်လျှင် ပြန်ဆုံကြတာပေါ့ဟု စိတ်ထဲမှ တီးတိုးရေရွတ်ကာ မပြယ်သောသံယောဇဉ် မျက်လုံးများဖြင့် ငေးမောရင်း ထိုစာအုပ်များကို စွန့်ခွာထားရစ်ခဲ့ရပါသည်။
ကျွန်တော်သည် တစ်ဆိုင်ပြီးတစ်ဆိုင် ဖြတ်ကျော်လာရတိုင်း စာအုပ်များအပေါ် တွယ်တာမှု အဟောင်းပျောက်ကာ တွယ်တာမှုအသစ် ရောက်လာသည်ကို သတိထားမိနေပါသည်။ ဆိုင်ပေါ်မှာ ဖြန့်ခင်းထားကြသည့် စာအုပ်များကလည်း ပုံစံမျိုးစုံ ဒီဇိုင်းမျိုးစုံ သွင်ပြင်မူရာမျိုးစုံနှင့် ကျွန်တော့်ကို အစွမ်းကုန် သွေးဆောင်ဖြားယောင်းနေကြပါသည်။ ကျွန်တော်ကလည်း စာအုပ်များ၏ ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါ အောင်လိုက်မိလျက်သား ဖြစ်နေလေသည်။ သို့သော် အဆုံးစွန်ထိ မလိုက်ပါနိုင်သော အခါမှာတော့ အားမတန် မာန်လျှော့ရသည့်သဖွယ် လမ်းခုလတ်မှာပဲ လက်တွဲဖြုတ်ခဲ့ရပြန်ပါသည်။ ထိုအခါ စာအုပ်များသည် ဝမ်းနည်းသည့်အမူအရာဖြင့် ကျွန်တော့်ကိုမခွဲနိုင် မခွာရက် လက်ပြနှုတ်ဆက်ကာ ကျန်ရစ်ခဲ့ကြပါတော့သည်။
ကျွန်တော်သည် ထိုနေ့က တစ်အုပ် ၅၀၀ တန် စာအုပ်လေးနှစ်အုပ်သာ လွယ်အိတ်ထဲ ကောက်ထည့်ပြီး စာအုပ်လမ်းမှ ကျောခိုင်းပြန် လာခဲ့ပါသည်။ ကျွန်တော့် စိတ်ထဲမှာသိပ်ပြီး ဘဝင်မကျ ဆန္ဒ မပြည့်ဝလှသော်လည်း မိမိလိုချင်သည့် စာအုပ်လေးနှစ်အုပ်ရခဲ့သည့် အတွက်တော့ အနည်းငယ်ဖြေသိမ့်ခွင့် ရခဲ့ပါသည်။ တကယ်တော့ ထိုကဲ့သို့ တစ်အုပ်စ နှစ်အုပ်စ ဝယ်ယူစုဆောင်းရင်း ကျွန်တော့်ကိုယ်ပိုင် စာအုပ်စင်လေးကို ဖြည့်တင်းခဲ့ရသည် မဟုတ်ပါလား။ မည်သို့ဆိုစေ ကျွန်တော့်ပိုင်ဆိုင်မှုထဲမှာ စာအုပ်နှစ်အုပ် တိုးသွားခဲ့ပါပြီ။ ကျွန်တော်သည် အိမ်ပြန်ရောက်သည်နှင့် ဝယ်လာသည့် စာအုပ်နှစ်အုပ်ကို တသသ ကိုင်ကြည့်နေမိပါသည်။ လက်ဖက်ရည်ဆိုင် ထွက်တော့လည်း ထိုစာအုပ်နှစ်အုပ်အနက်မှ တစ်အုပ်ကို ယူဆောင်သွားပါသည်။ လက်ဖက်ရည်သောက်လိုက် စာအုပ်လေးကိုဖတ်လိုက်နှင့် တစ်ကိုယ်တည်း ကြည်နူးနေပါသည်။ စာအုပ်လေးက အဟောင်းနံ့သင်းနေသည့် ခပ်နွမ်းနွမ်းစာအုပ်လေး။ သို့သော် ကျွန်တော်သည် ထိုစာအုပ်လေးကို ဖွဖွလေးကိုင်သည်။ စာရွက်အသားလေးတွေကို ယုယုယယ ကြင်ကြင်နာနာ လှန်ကြည့်သည်။ စာလုံးကလေးများကို မြန်မြန်ပြီးဆုံးသွားမှာ စိုးရိမ်သည့်စိတ်နှင့် အေးအေးဆေးဆေးဖတ်သည်။ စာတစ်ပုဒ် ပြီးဆုံးသွားလျှင် တစ်ခါနားသည်။ နောက်တစ်ပုဒ်ကို ချက်ချင်းမဖတ်သေး။ တကယ်တော့ စာအုပ်ထဲမှ အတွင်းစာသားများကို အရသာခံသလိုစာအုပ်လေး၏ ပြင်ပထုထည်ပုံသဏ္ဌာန်ကိုလည်း အရသာခံနေခြင်း ဖြစ်ပါသည်။
စက္ကူနှင့် ပြုလုပ်ထားသည့် စာအုပ်တစ်အုပ်ကို မိမိလက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ခွင့်ရခြင်း၏ အရသာကို ကျွန်တော် မည်ကဲ့သို့ ရှင်းပြရမလဲမသိပါ။ စာအုပ်ဟောင်းစုဆောင်းသူများနှင့် စာအုပ်ကိုချစ်မြတ်နိုးသူများသာ ထိုခံစားမှုကို နားလည်နိုင်ပါလိမ့်မည်။ ကိုယ်ချင်းမစာ မခံစားတတ်သူများကတော့ စာအုပ်ကို ရူးသွပ်သည့်နေရာမှာ အစွန်းရောက်သူများဟု ပြောကောင်းပြောကြပေလိမ့်မည်။ ကျွန်တော်သည် မိမိသဘောကျသည့် စာအုပ်မျိုးဆိုလျှင် ဖတ်ရုံသက်သက်နှင့် အားရကျေနပ်လေ့မရှိဘဲ မိမိစာအုပ်စင်မှာပါ အမြတ်တနိုး သိမ်းဆည်းထားချင်သူမျိုး ဖြစ်ပါသည်။ အားလပ်ချိန်ရတိုင်းထိုစာအုပ်လေးကို ပြန် ပြန်ထုတ်ကြည့်ကာ တစိမ်စိမ့်ကြည့်ရှုခံစားချင်သူမျိုး ဖြစ်ပါသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း နည်းပညာတွေ ဘယ်လိုပင် တိုးတက်နေပါစေ ကျွန်တော်ကတော့ စက္ကူ သားဖြင့် ချုပ်လုပ်ထားသည့် စာအုပ်ကိုပင် ခုံမင်နှစ်သက် မြတ်နိုးနေမိဦးမည် ထင်ပါသည်။ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ စာရွက်အသားများကို တစ်ရွက်ချင်းလှန်ကာ ဖတ်ရှုရသည့်အရသာကို မက်မောတွယ်တာ နေမိဦးမှာလည်း သေချာပါသည်။ ကွန်ပျူတာမှတစ်ဆင့် မိမိလိုချင်သည့် စာအုပ်ကိုရှာဖွေရခြင်းထက် စာကြည့်တိုက်ထဲဝင်ပြီး စာအုပ်စင်တွေကြား လျှောက်သွားကာတစ်အုပ်ချင်း ဆွဲထုတ်ကြည့်ရသည့် အရသာကိုတရှိုက်မက်မက် စွဲလန်းနေမိဦးမည်မှာလည်း သိပ်ကိုသေချာပါသည်။
ကျွန်တော့် မျက်လုံးထဲမှာတော့ စာအုပ်များသည် သက်မဲ့အရာဝတ္ထုအသွင် မဆောင်ပါ။ အသက်ဝင် လှုပ်ရှားနေသည့် သက်ရှိနှင့် တူလွန်းလှပါသည်။ သူ့ကိုဖတ်ရှုရသည့်အခါ တစ်ကြိမ်နှင့် တစ်ကြိမ်မတူဘဲ တစ်ခါဖတ်လျှင် တစ်မျိုးမြင် တစ်မျိုးခံစားရစေသော စာအုပ်မျိုးသည် သက်ငြိမ်ရုပ်တုတစ်ခုနှင့် မတူပါ။ အမြဲတစေ ပြောင်းလဲလှုပ်ရှားနေသည့် သက်ရှိနှင့်သာ တူပါသည်။ ထို့ကြောင့် စာအုပ်ဆိုသောအရာသည် အံ့သြစရာ ကောင်းသလို စိတ်ဝင်စားစရာ ချစ်စရာလည်းကောင်းသည့် အရာဟုဆိုရပေလိမ့်မည်။ ကျွန်တော့်အဖို့တော့ စာအုပ်တစ်အုပ်ဖတ်ရခြင်းသည် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေသည့် တောမြိုင်အတွင်း လှည့်လည်သွားလာရသည်နှင့် တူပါသည်။ ကျွန်တော်တို့ မျှော်လင့်မထားသည့်အရာတွေ၊ ကျွန်တော်တို့ သတိမပြုမိသေးသည့် အရာတွေ၊ ကျွန်တော်တို့ မကြုံဖူးသေးသည့် ခံစားမှုတွေက အသင့်စောင်ကြိုလျက်ရှိနေသည် မဟုတ်ပါလား။
ကျွန်တော်သည် လက်ထဲမှစာအုပ်လေး ကို ငုံ့ကြည့်နေမိသည်။ ထူးဆန်းသည့် မှော်သေတ္တာလေးတစ်လုံးကို ပိုင်ဆိုင်ထားရသလို စိတ်လှုပ်ရှားစရာ ကောင်းလှပါသည်။ ထို့ပြင် ထိုအရာသည် အာလာဒင်၏ မီးခွက်ကလေးလိုပင်။ သူ့ကို ပွတ်ကြည့်လိုက်လျှင် မီးခွက်စောင့်ဘီလူး ထွက်လာကာ “ အသင် လူသား ဘာများအလိုရှိပါသလဲ” ဟု မေးကောင်းမေးလိမ့်မည် ထင်ပါသည်။ တစ်ခုတော့ ရှိပါသည်။ စာအုပ်ထဲမှ ဖန်ဆင်းရှင်ဘီလူးသည် ကျွန်တော်တို့ကို အခါခပ်သိမ်းတော့ အလိုလိုက်လေ့မရှိပါ။ တစ်ခါတစ်ရံ ကျွန်တော်တို့ လိုချင်တာထက် ကျွန်တော်တို့ လိုအပ်တာကို ရှာဖွေပေးလေ့ရှိသောကြောင့် ဖြစ်ပါသည်။
မည်သို့ဆိုစေ ကျွန်တော်သည် ထိုနေ့က စာအုပ်လေးနှစ်အုပ်ကို ပိုင်ဆိုင်ခွင့်ရလိုက်သည့်အတွက် ပြောမပြတတ်အောင် ဝမ်းသာနေမိပါသည်။ ထို့ပြင် လက်ဝယ်ရောက်ရှိလာသည့် ထိုစာအုပ်လေး နှစ်အုပ်ကိုလည်း တစိမ့် စိမ့်ကြည့်ကာ ရင်ထဲမှာတသိမ့်သိမ့် ခံစားနေမိပြန်ပါသည်။ ကျွန်တော့်အတွက်တော့ စာအုပ်ဟူသည်မှာအပြစ်ကင်းသည့် တစ်ကိုယ်တော် ကြည်နူးမှုတစ်မျိုးသာ ဖြစ်ပါသည်။










