ဂိုးပြတ်နိုင်ပွဲနဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တဲ့ မန်စီးတီး

ဂိုးပြတ်နိုင်ပွဲနဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တဲ့ မန်စီးတီး
Photos: Getty Images & PA
Photos: Getty Images & PA
Published 4 December 2019

■ ဘန်လေ ၁-၄ မန်စီးတီး

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို သရေကျခဲ့တဲ့ မန်စီးတီးဟာ ဘန်လေကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အနိုင်ယူပြီး အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

မန်စီးတီးအသင်းရဲ့ ပွဲထွက်စာရင်းမှာ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဒေးဗစ်ဆေးလ်ဗားတို့နဲ့ လူစုံခဲ့ပြီး အိမ်ရှင်ဘန်လေအသင်းမှာလည်း အဓိက ကစားသမားတွေအစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ပွဲစကတည်းက ဘန်လေအသင်းကို ဖိကစားခဲ့ပြီး ဘန်လေအသင်းကတော့ မန်စီးတီးတိုက်စစ်ကို မာမာထန်ထန်နဲ့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။  ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးအသင်းဟာ ကစားကွက်ပိုမိလာခဲ့ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပါတယ်။ 

မန်စီးတီးအတွက် အဖွင့်ဂိုးကို ပွဲချိန် (၂၄)မိနစ်မှာ ဒေးဗစ်ဆေးလ်ဗားရဲ့ ပေးပို့မှုကနေ ဂျေးဇူးက လှလှပပသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း မန်စီးတီးအသင်းအခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ မန်စီးတီးက (၁-၀)ဂိုးနဲ့ပဲ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ဖိကစားပြီး ပွဲချိန် (၅၀)မိနစ်မှာ ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ တွဲလုံးကနေ ဘာနာဒိုဆေးလ်ဗား ဖြတ်တင်ပေးတာကို ဂျေးဇူးက အပိုင်ပိတ်သွင်းပြီး မန်စီးတီးအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။ ဒီဂိုးဟာ ဂျေးဇူးအတွက် ပရီးမီးယားလိဂ် (၃၂)ဂိုးမြောက် ဖြစ်ပြီး ကော်တင်ဟို (၄၁ ဂိုး)၊ ဖေမီနို (၅၂ ဂိုး)တို့ပြီးရင် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ဘရာဇီးလ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဘန်လေအသင်းအနေနဲ့ တန်ပြန်တိုက်စစ်ကနေ မန်စီးတီးအသင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ပွဲချိန် (၆၈)မိနစ်မှာ မန်စီးတီးကို တတိယဂိုး ပေးလိုက်ရပြန်ပါတယ်။ ဒီဂိုးကိုတော့ ရိုဒရီက သွင်းယူခဲ့တာပါ။ 

ကျန်ပွဲချိန်တွေမှာလည်း မန်စီးတီးတို့ ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၈၆)မိနစ်မှာ မာရက်ဇ်က မန်စီးတီးအတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။ ဘန်လေအသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် (၈၈)မိနစ်မှာ ဘရက်ဒီက သွင်းယူခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ လက်စတာထက် တစ်ပွဲပိုကစားပြီး အဆင့် (၂)နေရာကို တက်လှမ်းနိုင်ခဲ့သလို၊ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကိုလည်း (၈)မှတ်အကွာနဲ့ ပြန်ဖိအားပေးနိုင်ခဲ့ပါတယ်။