အီရတ်ကျူးကျော်မှု၊ ဓာတုလက်နက်နှင့် အမေရိကန်၏ ဖိအားပေးမှု

အီရတ်ကျူးကျော်မှု၊ ဓာတုလက်နက်နှင့် အမေရိကန်၏ ဖိအားပေးမှု
အီရတ်စစ်ဆင်ရေးအတွင်း ၂၀၀၃ ခုနှစ် မတ် ၂၁ ရက်တွင် အီရတ်နိုင်ငံ သဲကန္တာရ၌ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များက စစ်သုံ့ပန်းများကို ထိန်းသိမ်းခေါ်ဆောင်လာစဉ်
အီရတ်စစ်ဆင်ရေးအတွင်း ၂၀၀၃ ခုနှစ် မတ် ၂၁ ရက်တွင် အီရတ်နိုင်ငံ သဲကန္တာရ၌ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များက စစ်သုံ့ပန်းများကို ထိန်းသိမ်းခေါ်ဆောင်လာစဉ်
Published 2 December 2019

မြန်မာနိုင်ငံသည် ဓာတုလက်နက်များကို ပိတ်ပင်ထားသည့် ကမ္ဘာ့သဘောတူညီချက်ကို ချိုးဖောက်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များက ကျန်ရစ်သည့် သိုလှောင်ထားသော ဓာတုလက်နက်များ ရှိနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် အမေရိကန်က စွပ်စွဲပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၌ Mustard Gas (အရေပြားကို လောင်စေတတ်သော အဆိပ်ဓာတ်ငွေ့) များ ထုတ်လုပ်သည့် သမိုင်းဝင်နေရာ၌ ဓာတုလက်နက်များ ရှိနေဆဲ ဖြစ်နိုင်သည်ဟု ဓာတုလက်နက် ပိတ်ပင်ရေးဆိုင်ရာအဖွဲ့ (OPCW) ၏ နှစ်ပတ်လည် အစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဓာတုလက်နက်စက်ရုံမှာ ဓာတုလက်နက်တွေ သိုလှောင်ထားရှိဆဲ ဖြစ်နိုင်တာကို အမေရိကန်က အလွန်အမင်း စိုးရိမ်ပါတယ်” ဟု အမေရိကန် ပူးတွဲလက်ထောက် နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်ဒီနန်နိုကသည် ဟိတ်မြို့ရှိ OPCW ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဆာလ်ဖာမက်စ်တက် ဖွံ့ဖြိုးရေးစီမံချက်နှင့် ဓာတုလက်နက် ထုတ်လုပ်ရေးစက်ရုံတို့ အပါအဝင် ဓာတုလက်နက် စီမံကိန်း တစ်ရပ်သည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက ရှိထားသည့်အကြောင်း အမေရိကန်တွင် အချက်အလက်များ ရှိသည်ဟု ဒီနန်နိုက ဆိုသည်။

“သူ့ရဲ့ အရင်က ဓာတုလက်နက် စီမံကိန်းအကြောင်း ကြေညာခဲ့ခြင်း မရှိမှုနဲ့ သူ့ရဲ့ ဓာတုလက်နက် စက်ရုံကို ဖျက်ဆီးခဲ့ခြင်း မရှိမှုတွေကြောင့် မြန်မာနိုင်ငံဟာ CWC နဲ့ ကိုက်ညီခြင်း မရှိတဲ့အကြောင်း ရရှိနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အမေရိကန်က တရားဝင် ထုတ်ပြန်ပါတယ်” ဟု ဒီနန်နိုက ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟူသည့် စွပ်စွဲမှုကို လွန်ခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရအဖွဲ့က ငြင်းဆိုခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် ယင်းကိစ္စကို ဆွေးနွေးခဲ့ကြောင်းနှင့် အမေရိကန်သည် ဓာတုလက်နက်များ ဖျက်ဆီးရာ၌ မြန်မာနိုင်ငံကို အကူအညီပေးရန် အသင့်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး အရာရှိက ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင် စတင်သက်ဝင်ခဲ့ပြီး OPCW က စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိန်းချုပ်စောင့်ကြည့်သည့် ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်သို့ မြန်မာနိုင်ငံသည် ၁၉၁ နိုင်ငံမြောက်အဖြစ် ဝင်ရောက်ထားသည်။

၂၀၀၅ ခုနှစ်ကလည်း လန်ဒန်မြို့အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေး အဖွဲ့က ယခင်တပ်မတော် အစိုးရသည် ကရင်တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များကို အသုံးပြုခဲ့ကြောင်း စွပ်စွဲခဲ့ဖူးသည်။

မြန်မာနိုင်ငံဘက်က ငြင်းဆိုမှုများ

ယင်းစွပ်စွဲမှုများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ ၂၆ ရက်တွင် ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်များနှင့် ပတ်သက်ပြီး သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ရန် ရည်ရွယ်ချက်နှင့် အသုံးပြုခြင်းများ လုံးဝမရှိကြောင်း၊ ဓာတုလက်နက်အပြင် ဖျက်အားပြင်း လက်နက်များဖြစ်သည့် နျူကလီးယားလက်နက်၊ ဇီဝလက်နက်များလည်း သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ အသုံးပြုရန် ရည်ရွယ်ချက်နှင့် အသုံးပြုခြင်းမျိုး မရှိကြောင်း၊ မြန်မာနိုင်ငံသည် ဓာတုလက်နက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ပိတ်ပင်တားမြစ်သည့် ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် (CWC) ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်းနှင့် အဆိုပါ လက်မှတ်မရေးထိုးမီကလည်း ယင်းလက်နက်များနှင့် ပတ်သက်၍ မရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောလိုတာကတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ် အမြဲတမ်း ပြောနေကျပဲ။ သူတို့အနေနဲ့က ICC၊ ICJ ဒါတွေရော နိုင်ငံတကာ ဖိအားပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အာဂျင်ဒါဆွဲပြီး ဖိအားပေးတာလို့ပဲ ကျွန်တော်မြင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက် ပိုင်ဆိုင်သူဖြစ်ရန် မည်သည့်အခါကမျှ ရည်ရွယ်ချက် မရှိခဲ့ဖူးကြောင်း ဓာတုလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက် ပိတ်ပင်တားဆီးရေးစာချုပ် (CWC) ကို အခိုင်အမာလိုက်နာရန် ပိုင်းဖြတ်ထားသည့် တာဝန်ယူမှု တာဝန်ခံမှုရှိသော နိုင်ငံဖြစ်သည်နှင့်အညီ စာချုပ်ပါ ကန့်သတ်ချက်များကို တင်းကျပ်စွာ လိုက်နာကြောင်း၊ ဓာတုလက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက် မရှိသကဲ့သို့ စာချုပ်နှင့်အညီ ဆောင်ရွက်ချက်များကိုလည်း အမြင့်ဆုံး အလေးထား ဆောင်ရွက်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ လိုအပ်သလို ဆောင်ရွက်ရန် မြန်မာအစိုးရဘက်က အသေအချာ ဆောင်ရွက်ပြီး စိုးရိမ်မကင်းဖြစ်မှု များကိုလည်း ဖြေရှင်းဆောင်ရွက်ရန် အဆင့်သင့်ရှိပြီး ဆောင်ရွက်လိုသည့် ဆန္ဒလည်းရှိကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနှင့် ဓာတုလက်နက်ဟု စွပ်စွဲမှု

မြန်မာနိုင်ငံသည် ယခင်ကလည်း ဓာတုလက်နက်များ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်းရှိ ကြေးနီသတ္တုတွင်း တစ်ခု၌ ဆန္ဒပြသူများကို ယခင်နှစ်က ဖော့စဖရပ်များ အသုံးပြုခဲ့ပြီး ပြင်းထန်သော မီးလောင်နာများကို ဖြစ်စေခဲ့သည်ဟူသည့် အမေရိကန် ပါလီမန် အစီရင်ခံစာတစ်စောင် ၂၀၁၃ ခုနှစ်က ထွက်ပေါ်ခဲ့ဖူးသည်။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “၂၀၁၃ ခုနှစ် ကြေးနီသတ္တုတွင်း ဆန္ဒပြသူတွေကို ဖော့စဖရပ် အဆိပ်ဓာတ်ငွေ့ အသုံးပြုခဲ့တယ်ဆိုပြီး ပြောတာတွေ့ရတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့က ၂၀၁၃ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ အဲဒီမှာ ကျွန်တော်တို့ သပိတ်စခန်းနဲ့ ပတ်သက်ပြီး တားဆီးခဲ့တာတွေရှိတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ အသုံးပြုခဲ့တာက အဓိကရုဏ်း နှိမ်နင်းရေး လက်နက်တွေ အသုံးပြုပြီး သပိတ်စခန်းကို ရပ်တန့်စေခဲ့တာရှိတယ်။ အဲဒီမှာ ကျွန်တော်မြင်တာကတော့ သတင်းလည်း ထုတ်ပြန်ပြီးသားပါ။ အဲဒီတုန်းကလည်း ကျွန်တော် မှတ်မိသလောက် အစိုးရကလည်း တရားဝင် သတင်းထုတ်ပြန်ပြီးသား ဖြစ်တယ်။ အဲဒီတုန်းက နှိမ်နင်းတဲ့အခါမှာ မျက်ရည်ယိုဗုံး အသုံးပြုခဲ့တာရှိတယ်။ မျက်ရည်ယိုဗုံး မီးခိုးဗုံးဆိုတာ နိုင်ငံတကာက အဓိကရုဏ်း နှိမ်နင်းရေးတွေမှာ အသုံးပြုတဲ့ ဟာတွေပါပဲ။ အဲဒါကိုတောင် မီးလောင်ဗုံးဆိုပြီး လုပ်လိုက်တာတွေ ရှိသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောချင်တာက မျက်ရည်ယိုဗုံး ဆိုတာသည် သူကအခိုးငွေ့ထွက်တဲ့ ဗုံးပါပဲ။ အဲဒီဟာကို အသုံးပြုခဲ့တဲ့ နေရာမှာ ဖော့စဖရပ်ဆိုတာ ဖော့စဖရပ်နဲ့ လေထုနဲ့ ထိတွေ့လို့ရှိရင် မီးခိုးငွေ့ထွက်စေတယ်။ လေထုနဲ့တွေ့ရင် လောင်ကျွမ်းတဲ့ သဘောရှိတယ်။ ဒီဥစ္စာပါမှာပေါ့။ ပါတဲ့အခါကျတော့ အဲဒီမှာ မိုးရွာနေချိန်မှာ ရေနဲ့ထိတဲ့ အခါကျတော့ မီးတောက်ဖြစ်တာရှိတယ်။ မီးတောက်ဖြစ်တော့ ဒဏ်ရာရတာ ရှိတာပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့ မှတ်မိသလောက်ကတော့ ဒဏ်ရာရရှိခဲ့တဲ့ ဆရာတော်တွေကို ထိုင်းနိုင်ငံကို လွှတ်ပြီးတော့ ဆေးကုသမှု ခံယူစေခဲ့တယ်။ ကျွန်တော်တို့  ဓာတုလက်နက် အသုံးပြုတယ်ဆိုရင် အဲဒီကတည်းက သွားပြီပေါ့ဗျာ။ ကျွန်တော်တို့ ပြည်တွင်းမှာတောင် ကုတာမဟုတ်ဘူး။ အဲဒီဘက်မှာကုတော့ တွေ့ရမှာပေါ့။ ဒါကိုပဲ ပြန်ပြီးတော့ အမှုမကြီးကြီးအောင် လုပ်တာ ဖြစ်မှာပေါ့။ အဆိပ်ဓာတ်ငွေ့လို့ တပ်တာပေါ့” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယူနတီဂျာနယ်၏ ဓာတုလက်နက်စက်ရုံဟု ရေးသားခဲ့မှု

မြန်မာတပ်မတော်သည် ဓာတုလက်နက်များ ထုတ်လုပ်နေသည့်အကြောင်း စွပ်စွဲထားသည့် သတင်းတစ်ပုဒ်ကြောင့် ၂၀၁၄ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံမှ ဂျာနယ်လစ်ငါးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ပေးခဲ့ဖူးသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ယူနတီဂျာနယ်မှ သတင်းထောက်ငါးဦးကို ထောင်ဒဏ်ချမှတ်မှုသည် ဓာတုလက်နက်စက်ရုံဟု ရေးသားခြင်းကြောင့် တရားစွဲဆိုခဲ့ခြင်း မဟုတ်ဘဲ  ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေအရ စက်ရုံအဆောက်အအုံကို ဓာတ်ပုံရိုက်ခဲ့ခြင်း၊ ဖော်ပြခဲ့ခြင်းများနှင့် ပတ်သက်၍ တရားစွဲခြင်းဖြစ်ကြောင်း၊ တရားစီရင်မှုကိုလည်း ပခုက္ကူ၌ပင် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခဲ့မှုများကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် စွပ်စွဲရေးသားထားခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဖမ်းဆီးအရေးယူခံရသူများထဲ၌ ပါဝင်ခဲ့သည့် ဂျာနယ်လစ်များထဲမှ တစ်ဦးဖြစ်သော ကိုလူမော်နိုင်ကလည်း ယခုကဲ့သို့ ရှင်းလင်း ပြောကြားခဲ့သည်။

ကိုလူမော်နိုင်က “ကျွန်တော်တို့ ပေါက်မြို့နယ်က ဓာတုလက်နက်စက်ရုံအကြောင်း ရေးခဲ့တယ် ဆိုတာက တကယ်တမ်းတော့ လယ်ယာမြေ သိမ်းဆည်းမှုကို လူအများ စိတ်ဝင်စားအောင် ခေါင်းစဉ်တစ်ခုကပ်တဲ့ သဘောပါပဲ။ ကျွန်တော်တို့ သတင်းထောက် ငါးယောက်မှာ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ လက်နက်အကြောင်း ကောင်းကောင်းသိသူ တစ်ယောက်မှ မပါဘူး။ ကျွန်တော်တို့ရေးတဲ့ ဆောင်းပါးထဲမှာလည်း ဓာတုလက်နက်နဲ့ ဆက်နွှယ်တဲ့ အချက်အလက် တစ်ခုမှ မပါဘူး။ ခေါင်းစဉ်မှာသာ စကားလုံး တစ်ခုအနေနဲ့ ပါခဲ့တာ။ အဲဒီအချိန်က ကျွန်တော်က ပေါက်မြို့မှာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်တန်းဖွင့်ပြီး ယူနတီဂျာနယ်မှာ နယ်သတင်းထောက် လုပ်နေတာဆိုတော့ အဲဒီလက်နက်စက်ရုံမှာလည်း ကျွန်တော့်သင်တန်းက သင်တန်းသား သင်တန်းသူတွေ ရှိကြတယ်။ သူတို့နဲ့ဆက်သွယ်ပြီး ဒီသတင်းကို ယူခဲ့တာ။ တကယ်တမ်း သတင်းရင်းမြစ်က လယ်ယာမြေ သိမ်းဆည်းခံရသူတွေပါ။ သူတို့ လယ်ယာမြေတွေကို သိမ်းဆည်းခံရတဲ့အ ကြောင်း သတင်းထောက်တွေကို ပြောချင်၊ သူတို့ လယ်ယာမြေနေရာတွေကို ပြချင်လို့ခေါ်တာ အဲဒီမှာ ကျွန်တော်က ယူနတီ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ကိုတင်ဆန်းကို ဆက်သွယ်ပြီး ခေါ်လိုက်တာ” ဟု ဆိုသည်။

ဆက်လက်ပြီး သူက “ပြောရမယ်ဆိုရင် အဲဒီစက်ရုံက ဆောက်လက်စပဲ ရှိသေးပြီး လုပ်ငန်းလည်ပတ်မှုနဲ့ လုံခြုံရေး အင်အားလည်း အတည်တကျ မရှိသေးဘူး။ ဒါကြောင့် သတင်းထောက် ရာဇာဦးနဲ့ စည်သူစိုးတို့ကို အုတ်သယ်တဲ့ကားနဲ့ ထည့်ပေးလိုက်ပြီး စက်ရုံအတွင်းထဲကို ဝင်ကြည့်ခွင့်ရခဲ့တာ။ ပိုင်သက်ကျော်က လယ်သမားတွေ လိုက်ပြတဲ့ သူတို့ယာခင်းထဲကနေ စက်ရုံဓာတ်ပုံကို ရိုက်ခဲ့တာဖြစ်တယ်။ ကျွန်တော်နဲ့ ကိုတင်ဆန်းက စက်ရုံဝန်ထမ်းတွေ အိမ်မှာ စကားစမြည်ပြောရင်း စနည်းနာနေတာ။ အခြေအနေ အခင်းအကျင်း အားလုံးက အလွယ်တကူပါပဲ။ ဘာမှ အခက်အခဲမရှိဘူး။ ဒီကိစ္စ တရားရုံး ထွက်ဆိုချက်မှာလည်း ကျွန်တော်တို့ ဖြစ်စဉ်အမှန်အတိုင်း ထွက်ဆိုခဲ့ပေမဲ့ ခွင့်ပြုချက် မရှိဘဲ စက်ရုံထဲ ဝင်ရောက် ဓာတ်ပုံရိုက် သတင်းရယူတာကြောင့်ဆိုပြီး နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်။ အဲဒီနောက် အယူခံတက်တာ သုံးနှစ်လျှော့ပြီး ထောင်ဒဏ် ခုနစ်နှစ်ချတယ်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် တက်လာတော့ ကျွန်တော်တို့ လွတ်မြောက်ခဲ့တယ်” ဟု ဆိုသည်။

အီရတ်ကျူးကျော်မှု

မြန်မာနိုင်ငံ၌ ဓာတုလက်နက်များ ရှိနိုင်သည်ဟူသော အမေရိကန်၏ စွပ်စွဲခဲ့မှုက၂၀၀၃ ခုနှစ်တွင် အမေရိကန်နှင့် ဗြိတိန်တို့ အီရတ်ကို ကျူးကျော်ဝင်ရောက်ခဲ့မှုကို အမှတ်ရဖွယ်ဖြစ်သည်။

အမေရိကန်က အီရတ်ကို ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်အဖြစ် “လူအစုလိုက် အပြုံလိုက် သေဆုံးစေနိုင်သည့် လက်နက်များကို ဖွံ့ဖြိုးအောင် ပြုလုပ်ပြီး အသုံးပြုနေသော၊ အကြမ်းဖက်သမားများကို လက်ခံထားပြီး ထောက်ပ့ံပေးနေသော၊ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသော၊ ကုလသမဂ္ဂနှင့် ကမ္ဘာကြီး၏ တရားမျှတသည့် တောင်းဆိုချက်များကို အာခံနေသော အစိုးရတစ်ရပ်ကို ဖယ်ရှားရန်” ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် အီရတ်စစ်ပွဲဖြစ်ပွားပြီး ၁၂ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက အီရတ်တွင် ဖျက်အားပြင်း ဓာတုလက်နက်များ ရှိသည်ဆိုသော ထောက်လှမ်းရေး သတင်းမှာ သတင်းအမှားသာ ဖြစ်သည်ဟု ဝန်ခံပြောကြားလိုက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့် အီရတ်စစ်ပွဲ အမှားများအတွက် တောင်းပန်ခဲ့သည်။

တိုနီဘလဲက “ထောက်လှမ်းရေးက ရတဲ့သတင်းဟာ မှားယွင်းတယ် ဆိုတာအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အစီအစဉ်ဆွဲ မှုအတွင်းမှာ မှားယွင်းမှုတွေနဲ့ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီး နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ တွက်ချက်မှာ တက်တက်စင်အောင် လွဲခဲ့တာတွေ အတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်” ဟု CNN Euroupe နှင့် အင်တာဗျူးတွင် တိုနီဘလဲက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် ဗြိတိန်တို့၏ အီရတ်စစ်ပွဲသည် IS အဖွဲ့ပေါ်ထွက်လာမှု၏ “အဓိကအကြောင်းရင်း” ဖြစ်သလားဟု မေးမြန်းရာတွင်လည်း ဘလဲက တစ်စိတ်တစ်ပိုင်း မှန်ကန်သည်ဟု ဝန်ခံခဲ့သည်။

“၂၀၀၃ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့တဲ့ ကျွန်တော်တို့ဟာ ဒီ ၂၀၁၅ က အခြေအနေတွေမှာ လုံးဝ တာဝန်မရှိဘူးလို့တော့ ပြောလို့မရပါဘူး” ဟု ၎င်းကဆိုသည်။

တိုနီဘလဲ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း ဘလဲသည် ထောက်လှမ်းရေး၏ အမှားလုပ်မှုနှင့် အစီအစဉ် မမှန်ကန်မှုများအတွက် အမြဲတမ်း တောင်းပန်ခဲ့ကြောင်း၊ သို့သော် ဆက်ဒမ်ဟူစိန်အား ဖြုတ်ချခြင်းကိုမူ မှားယွင်းမှု တစ်ခုဟု ဘလဲက မထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ အီရတ်ကျူးကျော်စစ်တွင် ပါဝင်ရန် တိုနီဘလဲက ဆုံးဖြတ်ချက်ချသည့် အချိန်တွင် ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လော့ဒ်ဘလန့်ကတ်က ဆက်ဒမ်ဟူစိန်အား ဖြုတ်ချအပြီး ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ဘလဲထံမှ ရေရေရာရာ မသိခဲ့ရဟု ပြောကြားခဲ့သည်။

ဘလန့်ကတ်က “စစ်ဆင်ရေး ပြီးသွားတဲ့အခါ ဘာဖြစ်မလဲ ဆိုတာကို တိုနီက ဘာမှ မပြောနိုင်ခဲ့ပါဘူး။ သူက ဒစ်ချေနီ (အမေရိကန် ဒုတိယသမ္မတ) နဲ့ ဒေါ်နယ်လ်ရမ်းစဖဲလ် (အမေရိကန် ကာကွယ်ရေးဝန်ကြီး) တို့ကို ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

“ပြန်ပြောင်းတွေးကြည့်တဲ့အခါ အစိုးရ ယန္တရား တစ်ခုလုံးကို ဖြုတ်ချခြင်းအားဖြင့် ဆက်ဒမ်ရဲ့ ဘာ့သ်ပါတီ သြဇာလွှမ်းမိုးမှုကို လုံးဝဖြိုဖျက်ဖို့ဆိုတဲ့အပေါ် သူတို့ ပါဝင်ခဲ့တာလို့ အခု ကျွန်တော်တို့ သိရှိရပါတယ်။ ဒါက တကယ်အလုပ်လုပ်နိုင်တဲ့ ဘယ်လိုအစိုးရမျိုးကိုမှ ဖွဲ့လို့မရတာ၊ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးတွေ ဖြစ်လာတာဆီကိုပဲ ဦးတည်ခဲ့ပါတယ်” ဟုလည်း ဘလန့်ကတ်က ဆိုသည်။

“တိုနီဘလဲကို ဓားစာခံလုပ်တာတော့ မဟုတ်ပါဘူး။ အမေရိကန်အပေါ်မှာ ကျွန်တော်တို့ဟာ ပိုကြီးမားတဲ့ လွှမ်းမိုးမှုရှိမယ်လို့ ယုံကြည်ထင်မှတ်ပြီး မှောက်မှားသွားတဲ့ ဒီကိစ္စအတွက် ကျွန်တော်တို့အားလုံးကို အပြစ်တင်ရမှာပါ” ဟု ဘလန့်ကတ်က ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်၏ ဖိအားပေးမှု

မြန်မာနိုင်ငံ၌ ဓာတုလက်နက်များ ရှိနိုင်သည်ဟုဆိုကာ အမေရိကန်၏ ဖိအားပေးမှုနှင့် ပတ်သက်၍ သေနင်္ဂမ ဟာဗျူဟာ လေ့လာရေး အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက “အခု အမေရိကန်ဘက်က စွပ်စွဲလာတဲ့ ဓာတုလက်နက် ရှိတယ်ဆိုတဲ့ ကိစ္စက ဒါကတော့ နည်းနည်းလေး အချိန်ကိုက်လုပ်တဲ့ အပြင်ကို နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်စေတဲ့ ပုံစံမျိုးလို့ ကျွန်တော်တို့ သုံးသပ်တယ်။ ဟိုတုန်းကလည်းပဲ မြန်မာနိုင်ငံကို အမြဲတမ်း စွပ်စွဲလာတာပဲ။ ဓာတုလက်နက် သုံးတယ်တို့၊ လူတွေ အစုလိုက် အပြုံလိုက် သေစေတယ်တို့ ဘာညာပေါ့ဗျာ စွပ်စွဲချက်တွေ အများကြီးရှိတယ်။ တစ်ခါမှလည်း သူတို့ သက်သေပြနိုင်တာ မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာ ICJ မှာ တရားစွဲဆိုပြီးတဲ့နောက် နောက်ကနေ ကပ်လျက်ပါလာတဲ့ အခါကျတော့ ကျွန်တော်တို့မှာ စဉ်းစားစရာ ဖြစ်လာတယ်။ ဖြစ်လာတော့ အဲဒါက သိက္ခာချချင်တာထက် စစ်ရေးအရပါ ထပ်ပြီးတော့ အကျပ်အတည်း ဖြစ်စေချင်တဲ့ သဘောမျိုးရှိတယ်။ လောလောဆယ် မြန်မာနိုင်ငံ အနေအထားက ဖြစ်နေတာက EAO တွေနဲ့ကြား လက်နက်ကိုင်တွေ ကြားထဲမှာ တိုက်ပွဲက ဖြစ်တဲ့အခါကျတော့ ဒီဟာက အခုအချိန်မှာ တပ်မတော်ဘက်က စစ်ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားမှု အရမ်းကျပ်တည်းနေတဲ့ အချိန်မျိုးမှာ တစ်ဖက်က ဝင်တိုက်လာလို့ ပြန်လည်တုံ့ပြန်တဲ့ အခါမျိုးမှာ အခု အမေရိကန်က ကြိုပြောထားတဲ့ ဓာတုလက်နက် ဆိုတဲ့စကားကို အသုံးပြုပြီးတော့ တစ်ဖက်က စွပ်စွဲချက်တွေ ထွက်လာနိုင်တဲ့ အနေအထားမျိုးလို့ ကျွန်တော်တို့က သုံးသပ်တယ်။ အဲဒီတော့ စစ်ရေးအရ ပိုချုပ်ချင်တဲ့ သဘောပဲ။ အဲဒီထွက်လာတဲ့ အပေါ်ကတော့ နည်းနည်းလေး ကျွန်တော်တို့ သံသယဖြစ်တယ်။ တမင်သက်သက်ကို တပ်မတော်ရဲ့ လှုပ်ရှားတဲ့အပိုင်းကို ကျဉ်းကျပ်သွားအောင် လုပ်လိုက်တယ်လို့ပဲ လောလောဆယ်ဆယ် သုံးသပ်ထားပါတယ်” ဟု ဆိုသည်။

ဦးသိန်းထွန်းဦးက ဆက်လက်၍ “လောလောဆယ် ကျွန်တော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသံတွေကို နားထောင်ကြည့်တဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ အနောက်အုပ်စုရဲ့ အားပြိုင်မှုတွေကြားထဲမှာ သူတို့ရဲ့ အဓိကကတော့ ကိုယ်ကျိုးစီးပွားအတွက် လာပြီး ကစားကြတာပါပဲ။ မြန်မာကို အနောက်အုပ်စုနဲ့ အထူးသဖြင့် အမေရိကန်တို့ ဥရောပတို့နဲ့ ပိုပြီးကပ်စေချင်တယ်။ တရုတ်ဘက်ကနေ ခွာစေချင်တယ်။ ဒါ့အတွက် တစ်ဖက်ကနေ ဖိအားပေးတဲ့ ပုံစံမျိုးလည်းပါတယ်။ ဒါပေမဲ့ အမြဲတမ်း သမိုင်းကြောင်းကို ပြန်ပြန်ကြည့်လိုက်ရင် သူတို့ဘက်က ဖိအားပေးလိုက်တိုင်း ဒီမြန်မာရဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ တရုတ်ဘက်ကို ယိမ်းသွားတာ များနေတယ်။ အဲဒါကို ကျွန်တော်တို့ သံတမန်တွေ၊ အနောက်တိုင်းက ပညာရှင်တွေနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ အမြဲတမ်း ရှင်းပြဖူးတယ်။ တရုတ်နဲ့ ကျွန်တော်တို့ကို တကယ်လို့ ခွာစေချင်တယ်ဆိုရင် အကူအညီပေးတဲ့ နည်းလမ်းမျိုးနဲ့ပဲ သွားလို့ရနိုင်မယ်။ ဒီလိုမျိုး ခြိမ်းခြောက်တာတို့ အကျပ်ကိုင်တာတို့နဲ့လုပ်တဲ့ နည်းလမ်းက အလုပ်လည်း မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဒါကို ဘာလို့ ဆက်သုံးနေသလဲဆိုတာ စဉ်းစားလို့မရဘူး။ အဓိကကတော့ တရုတ်နဲ့ OBOR နဲ့ သူ့စီးပွားရေးကို ကြီးထွားအောင်လုပ်မယ်။ ကမ္ဘာ့နံပါတ် (၁) နေရာကို ရောက်အောင် သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးချင်တာပဲ။ ဒါပေမဲ့ အဲဒီကြားထဲမှာ အရှေ့နဲ့အနောက် အားပြိုင်မှု ကြားထဲမှာ မြန်မာက Buffer ဖြစ်သွားတဲ့ သဘောပေါ့။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံ နှစ်ခုကြား အားပြိုင်ခဲ့မယ်ဆိုရင် ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေစာပင်လို ဖွတ်ဖွတ်ညက်ညက် ကြေသွားစရာ အကြောင်းရှိတယ်။ ကျွန်တော်တို့ဘက်က သတိကြီးကြီးထားပြီးတော့ နိုင်ငံရေးအရရော သံတမန်ရေးရာအရရော တော်တော်လေး တုံ့ပြန်တတ်ဖို့ လိုအပ်တဲ့ အနေအထားပါ” ဟု ဆိုသည်။

 

Most Read

Most Recent