မွန်ပြည်နယ်တောင်ဘက်စွန်းက ဖာလိန်ဒေသခံတွေရဲ့စိုးရိမ်မှုကို မြင့်တက်စေတဲ့ ဒုတိယစီမံကိန်းလှိုင်း

မွန်ပြည်နယ်တောင်ဘက်စွန်းက ဖာလိန်ဒေသခံတွေရဲ့စိုးရိမ်မှုကို မြင့်တက်စေတဲ့ ဒုတိယစီမံကိန်းလှိုင်း
ထောက်ပံ့ရေးစခန်းအလိုမရှိဟုဆိုကာ ဖာလိန်ဒေသခံအချို့ ဆန္ဒထုတ်ဖော်စဉ်
ထောက်ပံ့ရေးစခန်းအလိုမရှိဟုဆိုကာ ဖာလိန်ဒေသခံအချို့ ဆန္ဒထုတ်ဖော်စဉ်
Published 1 December 2019
ဘိုဘိုမြင့်

ဖာလိန်ဒေသဆိုတာ မွန်ပြည်နယ် တောင်ဘက်စွန်းမှာရှိတဲ့ ရေးမြို့နယ်ရဲ့ အနောက်ပိုင်းမှာတည်ရှိတဲ့ တောင်တန်းတစ်ခုရဲ့ အမည်ဖြစ်ပြီးတော့ အဲဒီတောင်တန်းအမည်ကို အစွဲပြုပြီး အဲဒီဒေသကို ဖာလိန်ဒေသလို့ဒေသခံတွေက ခေါ်ဆိုကြပါတယ်။

အဲဒီ ဖာလိန်ဒေသရဲ့ အနောက်ပိုင်းမှာဆိုရင် အံဒင်ကျေးရွာအုပ်စုကြီးတည်ရှိပြီး ပလိုင်သိမ်၊ နှီးနှူ၊ သာဂရံ၊ အံဒင်၊ အံဒင်ရွာ သစ်၊ နှစ်ကရုပ်၊ ရေပေါ်သောင် စတဲ့ ကျေးရွာ တွေနဲ့ပေါင်းစုဖွဲ့စည်းထားပါတယ်။

အိမ်ခြေပေါင်း ၁၆၀၀ ခန့်ရှိပြီး ရေလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်ခြံ နဲ့ နှစ်ရှည်ပင်စိုက်ပျိုးတဲ့ လုပ်ငန်းတွေကို အဓိကလုပ်ဆောင်ကြပါတယ်။ အဲဒီထဲကမှ ဝင်ငွေအများဆုံးရရှိတဲ့ အဓိက စီးပွားရေးလုပ်ငန်းက ကွမ်းသီးခြံလုပ်ငန်း၊ စပါးစိုက်ပျိုး ရေးလုပ်ငန်းနဲ့ငါးဖမ်းလုပ်ငန်းတို့ ဖြစ်ကြ ပါတယ်။

မွန်တိုင်းရင်းသားများအဓိကနေထိုင် ကြတဲ့ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးမှာ ယခင်အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၄ ခုနှစ် မေလအတွင်းက  Toyo-Thi ကုမ္ပဏီကနေ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ကြိုးစားလာတဲ့အပေါ် မှာ ဒေသခံပြည်သူတွေက စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြလို စီမံကိန်းလည်း လုံးဝပိတ်သိမ်းသွား ခြင်းမရှိသေးဘဲ ခေတ္တဆိုင်းငံ့ထားဆဲ အခြေအနေသာရှိသေးတဲ့အပေါ်မှာ ဒေသခံပြည်သူ တွေရဲ့စိုးရိမ်ပူပန်မှုတွေက ရှိနေဆဲဲဖြစ်ပါ တယ်။

ဒါက ဖာလိန်ဒေသခံတွေ စိုးရိမ်ပူပန်မှု ကို ဖြစ်ပေါ်နေဆဲ ပထမစီမံကိန်းလှိုင်းပဲ ဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက် ၂၀၁၇ ခုနှစ် အတွင်းမှာ အဲဒီ ဖာလိန်ဒေသအတွင်းမှာပဲ အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေး ရွာအနီးမှာ  Forever Thanlwin ကုမ္ပဏီလီမိတက်က ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ ရေးစခန်းစီမံကိန်း တည်ဆောက်ဖို့ဆောင်ရွက်လာပြန်ပါတယ်။

ဒီစီမံကိန်းကိုလည်း ဖာလိန်ဒေသခံ ပြည်သူတွေက ဘယ်လိုအကြောင်းတွေကြောင့် ကန့်ကွက်ရတာလဲ။

“အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ် ကျေးရွာအနီးမှာ အကောင်အထည်ဖော်မယ် ဆိုတဲ့ စီမံကိန်းကို ကန့်ကွက်ရတဲ့အကြောင်း အဓိကနှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ Forever Thanlwin ကုမ္ပဏီ ကနေပြီး တော့ ၂၀၁၇ ခုနှစ်တုန်းက နှစ်ကရုပ်ကျေးရွာ က ဆရာတော်ထံကို သူတို့ရဲ့စီမံကိန်း မိတ် ဆက်ဆိုပြီးတော့ စာအုပ်တစ်အုပ်လာပေးပါ တယ်။ အဲဒီစာအုပ်ထဲမှာဆိုရင် ကွမ်းခရီ ကျွန်းနဲ့ပင်လယ်ကမ်းစပ်ကြားမှာ လှိုင်းကာတံတိုင်း အရှည်ကြီးဆောက်ဖို့ရှိတယ်ပေါ့နော်။ တကယ်လို့အဲဒီတံတိုင်းဆောက်ဖြစ်မယ် ဆိုရင် ဒီဒေသခံတွေရဲ့အသက်မွေး ဝမ်းကျောင်းတစ်ခုဖြစ်တဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းအတွက် အခက်အခဲတွေဖြစ်သွားနိုင်ပါတယ်။ ငါးတွေမရှိတော့တာ၊ ရေစီးကြောင်းပြောင်းလဲတာတွေဖြစ်မယ်ပေါ့နော်။ အဲဒါတွေကြောင့် ဒေသခံတွေရဲ့ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းပျက်စီးသွားမှာပေါ့ နော်။ စာအုပ်ထဲမှာပါတဲ့ နောက်တစ်ခုက သင်္ဘောကြီးတွေ ဝင်ထွက်သွားလာဖို့ရှိတယ်။ ဒီသင်္ဘောကြီးတွေ ဝင်ထွက်သွားလာလို့ရှိရင် ပင်လယ်ငါးဖမ်းလုပ်ငန်းကို ဆက်လုပ်ဖို့တော်တော် ခက်ခဲသွားပါလိမ့်မယ်” လို့ အံဒင်ကျေး ရွာ ဒေသခံတစ်ဦးဖြစ်တဲ့ မိနီမာဦးက ပြောပါ တယ်။

၎င်းက ဆက်လက်ပြီးတော့ “နောက်တစ်ချက်ကျတော့ ကုမ္ပဏီက စီမံကိန်းဧရိယာ ကို ဝယ်ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ တရားဝင် လယ်/စီ တွေနဲ့လက်မှတ်ထိုးပြီး ဝယ်ထားတာမဟုတ်ဘူး။ ကျေးရွာက လယ်/ စီ တွေ လက်မှတ်ထိုးပေးဖို့အတွက်ကို မြို့ နယ် လယ်/စီ သွားပြီးတော့ ချဉ်းကပ်တယ် ပေါ့။ မြို့နယ် လယ်/စီ ကနေတစ်ဆင့်မှ ကျေး ရွာ လယ်/စီ ကို အတင်းဖိအားပေးတယ်။ ကျေးရွာ လယ်/စီ တွေက လက်မှတ်ထိုးဖို့အတွက်တစ်ညလောက် စဉ်းစားပါရစေလို့ပြောပေမဲ့ မရဘူး။ လက်မှတ် မထိုးနိုင်ရင် နုတ်ထွက်ပါ ဆိုပြီး တရားဝင်လမ်းကြောင်းက မလာဘဲ အတင်းအကျပ် ဖိအားပေးတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ သဘောပေါ့ နော်။ အဲဒီအကြောင်းတွေကြောင့် ကုမ္ပဏီနဲ့ကျွန်မတို့ဒေသခံတွေကြားမှာ ယုံကြည်မှု တည်ဆောက်လို့တော့မရတော့ပါဘူး”လို့ပြောကြားပါတယ်။

အံဒင်ဒေသခံ လူငယ်တွေအနေဖြင့် လည်း ဒေသခံများရဲ့ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး သုတေသနပြု လုပ်ထားတာရှိကြောင်း၊ ကုမ္ပဏီက လာပြီး တော့ အလုပ်ပေးမည်ဆိုပါက လုပ်ကြမလား ဟု မေးမြန်းချက်နှင့်ပတ်သက်ပြီး ဒေသခံများက မလုပ်ကြဘူးဟုသာ ဖြေဆိုကြကြောင်း၊ လက်ရှိလုပ်နေတဲ့ ငါးဖမ်းလုပ်ငန်းကိုသာ ဆက်လုပ်သွားမည်ဟု ဆိုထားကြသည့်အ တွက် ထောက်ပ့ံရေးစခန်း စီမံကိန်း လည်ပတ်ရန်အတွက် ကုမ္ပဏီအနေနဲ့ အခြေအနေအရ တခြားဒေသမှ အလုပ်သမားများကို ငှားရမည်ဖြစ်ကြောင်း၊ တခြားဒေသမှ လူများ အံဒင်ဒေသကို အများကြီးဝင်လာမယ်ဆိုပါက ဥပမာအားဖြင့် လူမျိုးရေးပြဿနာများ၊ ဘာသာရေးပြဿနာများ စသည်ဖြင့် ပြဿနာ အမျိုးမျိုးဖြစ်နိုင်ကြောင်း၊ ထို့အတွက် ပြဿနာများဖြစ်လာမည်ကို ဒေသခံများက အများ ကြီးစိုးရိမ်နေကြကြောင်း မိနီမာဦးက ပြောဆိုပါတယ်။

“ကျွန်မတို့အံဒင်ဒေသမှာ ကျောက်မီး သွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံ ကိန်းကလည်း ဆိုင်းငံ့ထားတဲ့အဆင့်မှာပဲ ရှိ သေးတယ်။ လုံးဝ ရုပ်သိမ်းသွားတာမျိုး မဟုတ်သေးဘူး။ အခုလည်း ဒီ ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းဆိုပြီး လာပြန်ပြီးပေါ့ နော်။ ဒီစီမံကိန်းတွေက အကြီးကြီးတွေပါ။ စီမံကိန်းတွေက ကြီးလေ၊ သူတို့ရဲ့ဆိုးကျိုးတွေ၊ ဒေသခံတွေရဲ့ ထိခိုက်မှုတွေ က ပိုပြီးတော့ ကြီးမားလေပေါ့နော်။ ဒေသခံတွေရဲ့ဆန္ဒကို ပြောရရင် ကျွန်မတို့ဒေသမှာ အခုလက်ရှိ ဥယျာဉ်ခြံလုပ်ငန်းတွေ၊ ပင်လယ်ငါးဖမ်းလုပ် ငန်းတွေ၊ လယ်ယာလုပ်ငန်းတွေကပဲ စားဝတ် နေရေးအတွက် အဓိက ဖူလုံမှုပေးနေတယ်။ နေရတာ အေးအေးချမ်းချမ်း ရှိတယ်။ ပဋိပက္ခ ဘာမှဖြစ်စရာမရှိဘူး။ ကိုယ့်ဒေသခံလူတွေ အချင်းချင်း အေးအေးချမ်းချမ်း ရရှိတယ် ဆိုတော့ ကျွန်မတို့အနေနဲ့ဒီအတိုင်းလေးပဲ နေချင်တယ်။ ကျွန်မတို့လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ဥပမာ လယ်ယာမြေအတွက်ဆိုရင် တာတမံတွဖို့ပေးပါ။ ဘယ်နေရာ မှာတော့ လယ်စိုက်ချင်တယ်ပေါ့။ စသည်ဖြင့် ရှိနေတဲ့ သယံဇာတတွေကို တန်ဖိုးမြှင့်တင်ဖို့ ကိစ္စက ကျွန်မတို့သုတေသနလုပ်နိုင်ပါတယ်။ ဆောင်ရွက်နိုင်တယ်။ ဒါတွေကို အကူအညီ တောင်းတယ် ဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက ကျွန်မတို့မလိုချင်တဲ့အရာကို အတင်း အကျပ်လာပေးတာကို ကျွန်မတို့အနေနဲ့ဘယ်ကုမ္ပဏီမဆို လက်ခံဖို့အစီအစဉ်မရှိပါဘူး” လို့ မိနီမာဦး က ဆက်လက်ပြောကြားပါတယ်။

ဖာလိန်ဒေသခံ တစ်ဦးဖြစ်သူ မိစန္ဒာအေးကလည်း “ကျွန်မတို့ဒေသမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေ၊ ကျေးရွာတွေက ရပ်မိရပ်ဖတွေရော၊ အုပ်ချုပ်ရေးမှူးတွေရော၊ လူငယ်တွေရော အားလုံး အစည်းအဝေးလုပ် ပြီး ဆုံးဖြတ်ထားတာတွေရှိပါတယ်။ ဒီ ထောက်ပံ့ရေးစခန်း စီမံကိန်းကို ဘာ့ကြောင့် ကန့်ကွက်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာကို တင်ပြထားတာတွေလည်း ရှိပါတယ်” လို့ပြောပါတယ်။

“ဘယ်ကုမ္ပဏီပဲ ဖြစ်ဖြစ် ကျွန်မတို့ ကောင်းကျိုးအတွက်မဟုတ်ရင်တော့ ကန့်ကွက်သွားမှာပါ။ ကျွန်မတို့ဒေသခံတွေအတွက် မပါဘဲနဲ့ သူတို့အတွက်၊ သူတို့စီးပွားရေး အတွက် ကိုယ့်စီးပွားရေးကို ဖျက်ပြီးတော့ သူတို့ကို လုံးဝမပေးနိုင်ပါဘူး။ အဲဒါကြောင့် ဘယ်စီမံကိန်းမဆို ကျွန်မတို့ကန့်ကွက်သွား ပါမယ်” လို့ မိစန္ဒာအေးက ဆက်လက်ပြောကြားပါတယ်။

Forever Thanlwin ကုမ္ပဏီလီမိတက်က ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ် ဓမင်းဆိပ် ကျေးရွာအနီး ဆောင်ရွက်မည့် မုတ္တမကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း (Offshore Supply Base) စီမံကိန်းလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ဆောင်ရွက်ရန် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများ၊ NGO အဖွဲ့အစည်းများနဲ့ ဒေသတွင်း သတင်းမီဒီယာများ အား ရှင်းလင်းတင်ပြပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှာ အံဒင်ကျေးရွာအုပ်စု၊ ရွာသစ်ဓမင်းဆိပ်ကျေးရွာမှာ ပြုလုပ်ဖို့စီစဉ်ထားခဲ့ပေမယ့် ကုမ္ပဏီဘက်က လာရောက်ခဲ့ခြင်းမရှိဘူးလို့ ဒေသခံပြည်သူတွေရဲ့ပြောကြားချက်တွေအရ သိရတယ်။ အဲဒီအပြင်ကို ဒေသခံပြည်သူတွေ အနေဖြင့်လည်း အံဒင်ကျေးရွာကနေ ရွာသစ်ဓင်းဆိပ်ကျေးရွာအထိ လမ်းတစ်လျှောက်မှာ “ထောက်ပံ့ရေးစခန်း အလိုမရှိ” စာတမ်းပါ စာရွက်များကိုကိုင် ဆောင်ပြီးတော့ စီမံကိန်းအား ကန့်ကွက်ကြောင်းပြသဖို့စောင့် ဆိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။

အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဦးစိုးမိုးကျော်က နိုဝင်ဘာ ၁၄ ရက်မှာ ကုမ္ပဏီနဲ့ ဒေသခံများ တွေ့ဆုံပွဲလုပ်မည် ဆိုသည့် အကြောင်းကို သတင်းစာ၌ ကြေညာ တယ် ဆိုသည့်အကြောင်း  Facebook ပေါ်မှာ တွေ့မှ သိရကြောင်း၊ အဓိကအချက်အနေဖြင့် ကုမ္ပဏီဘက်ကနေ တွေ့ဆုံပွဲလုပ်မည်ဆို သည့်အကြောင်း ကြိုတင်အသိပေးတာမျိုးမရှိခဲ့ကြောင်း၊ ဒေသခံများကိုလည်း အသိ ပေးအကြောင်းကြားတာမျိုးလည်း မရှိခဲ့ကြောင်း၊ ၎င်းတို့လူထုတွေ့ဆုံပွဲ လုပ်ရန် မြို့ နယ်ကို ခွင့်တောင်းစာ မိတ္တူတစ်စောင်ကိုသာ ကျေးရွာအုပ်ချုပ်ရေးမှူးသို့လာပေး၊ မိမိအနေ ဖြင့်လည်း ယင်းစာကို ရုံးဝင်စာအနေဖြင့်သာ လက်ခံထားပါကြောင်း ပြောပါတယ်။

“ဒီစီမံကိန်းနဲ့ပတ်သက်လို့ဒီဒေသမှာရှိတဲ့ သံဃနာယကအဖွဲ့ဝင် ဆရာတော်တွေရှိ တယ်။ ကျောင်းထိုင်ဆရာတော်တွေ၊ သံဃာတော်တွေအားလုံး၊ ရပ်ဖိရပ်ဖတွေ၊ ဒေသခံတွေ၊ လူငယ်အဖွဲ့တွေအကုန်လုံးက သဘာမတူတဲ့ ဒီစီမံကိန်းကို ကုမ္ပဏီဘက်က ဒီလို လုပ်ဆောင်တာတွေက နောက်လုပ်ထုံးလုပ် နည်းအရ ပွင့်လင်းမြင်သာမှုမရှိဘူး။ ကြိုတင် အသိပေးအကြောင်းကြား ထားတာမျိုးလည်း မရှိဘူး။  နောက် ခေါင်းစဉ်ပြထားတာက နှုဗ  ဆိုတော့ ဒီခေါင်းစဉ်နဲ့လည်း လုံးဝကိုက်ညီမှုမရှိဘူးလို့မြင်ပါတယ်။ နောက်ပြီးတော့ လက်ရှိ အံဒင်ဒေသမှာက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဆိုတဲ့ မီးကလည်း မငြိမ်းသေးဘူးလေ။ ဒါကြောင့် လက်ရှိအချိန်မှာ ဘယ်စီမံကိန်းမဆို ကျွန်တော့်အနေနဲ့လည်း လက်ခံမှာမဟုတ် သလို၊ ဒေသခံတစ်ဦးအနေနဲ့လည်း လက်ခံ သွားမှာမဟုတ်ပါဘူး။ အဓိက လူထုရဲ့ဆန္ဒက ကျွန်တော့်ရဲ့ဆန္ဒ နဲ့တစ်ထပ်တည်းပါပဲ” လို့ ဦးစိုးမိုးကျော်က ဆက်လက်ပြောကြားပါတယ်။

လက်ရှိ ဖာလိန်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးကလည်း “ဒီဘက်ခေတ်မှာ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင်တော့ အတိုင်းအတာတစ်ခုအထိလိုလားတယ် ဆိုတာ ရှိပြီးသားပါ။ ပြောချင်တာက ကိုယ့် ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မှုပေးနိုင်မယ့် စီမံကိန်းလုပ်ငန်းတွေကို ကျွန်တော်တို့က မူအားဖြင့် ကြိုဆိုပြီးသားဖြစ်ပါတယ်။ အဲဒီနေရာမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်း တွေ၊ စီမံကိန်းတွေနဲ့ ပတ်သက်လို့ တစ်ဖက်မှာ လိုလားတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ အဲဒီစီမံကိန်းတွေလုပ်မယ့် ဒေသနဲ့ သဟဇာတဖြစ်စေမယ့် စီမံကိန်းလုပ်ငန်းမျိုး၊ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် လုပ်ငန်းမျိုး ဖြစ်စေချင်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် ပြောရရင် အစိုးရနဲ့ပြည်သူအကြား နှစ်အတန်ကြာ ယုံကြည်မှုကွဲလွဲနေတာတွေ၊ ယုံကြည်မှု တည်ဆောက်လို မရသေးတဲ့ အခြေအနေတွေကို တစ်နည်းအားဖြင့် တည်ဆောက်ပေးနိုင်စွမ်းရှိတဲ့ ပုံစံမျိုးနဲ့သွားစေချင်ပါတယ်” လို့ပြောပါတယ်။

၎င်းက ဆက်လက်ပြီးတော့ “တချို ့ ဒေသတွေမှာတော့ အမှန်တကယ်ပဲ သူတို့ ဒေသမှာရှိတဲ့ နေရာတွေ၊ ပထဝီအနေအထား တွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်တော့ အဲဒီဒေသခံတွေအနေနဲ့ဘာမှ ငြင်းပယ်၊ ကန့် ကွက်စရာအကြောင်းလည်း မရှိတဲ့ နေရာ ဒေသတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို ့ နေရာတွေမှာကျတော့ သူ့ဟာသူ ရှိနှင့်ပြီးသား သယံဇာတနဲ့သူ့ဟာနဲ့သူ အသက်မွေးဝမ်းကျောင်း လုပ်နိုင်တယ်။ သူ့ဟာနဲ့သူ ဘဝကို အေးအေးဆေးဆေး သာသာယာယာ နေနိုင်တယ် ဆိုတဲ့ ဒေသမျိုးတွေလည်းရှိပါတယ်။ အဲဒီ ဒေသမျိုးတွေကျတော့ အစိုးရဘက်ကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကုမ္ပဏီအဖွဲ့အစည်းတွေဘက်ကပဲဖြစ်ဖြစ် နေရာတစ်နေရာမှာ သွားပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အဲဒီ ဒေသခံတွေနဲ့ အမြင်မတူတာတွေရှိတော့ ပဋိပက္ခ ဖြစ်နေတာတွေလည်းရှိနေတယ်။ ဆိုလိုတာက ဒီဒေသမှာ သူ ့ဟာနဲ့သူ ဘဝရှင် သန်ဖို့အတွက် ရပ်တည်နိုင်တယ်။ ဘာအနှောင့် အယှက်မှလာမပေးနဲ့။ ဘာဖွံ့ဖြိုးရေး ထောက်ပံ့မှုမှ သူတို့မလိုဘူးဆိုတဲ့ ဒေသတွေ လည်းရှိပါတယ်။ ပြောချင်တာက သူ့ဆီက ထွက်တဲ့ သယံဇာတနဲ့ဥပမာ ရေထွက်ပစ္စည်း တွေလို့ပဲ ပြောပြော၊ ဥယျာဉ်ခြံတို့လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတို့ပဲ ပြောပြော သူ့ဟာသူ ပြည့်စုံနေပြီလို့ယုံကြည်တဲ့ ဒေသတွေမှာ သူတို့ရဲ့မူလအရင်းအမြစ်ပျက်စီးသွားမှာကို အရမ်းစိုးရိမ်ကြတယ်။ ဒါမျိုးတွေလည်းရှိပါတယ်” လို့ပြောပါတယ်။

ဒါကြောင့် တစ်ဖက်မှာ အစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုသည် တစ်ဖက်တွင် ဒေသခံလူ ထု၏ စိုးရိမ်ပူပန်မှု၊ ကြောက်စိတ်၊ သဘာဝ အရင်းအမြစ်များ ထိခိုက်စေမယ့် ကိစ္စမျိုး အရမ်းသတိထားစေချင်ပါကြောင်း၊ ဥပမာ အားဖြင့် သူ့ပုံစံနှင့် သူ ရှင်သန်နေသည့် ဒေသအား အစိုးရက စီမံကိန်းကြီး သွားချပေးလိုက် ခါမှ ဒေသအတွက်အကျိုးမရှိစေတဲ့အပြင် အစိုးရကိုပါ ယုံကြည်မှုပျက်ပြားစေသည့်  ကိစ္စမျိုးဖြစ်ပါက ရှောင်ရှားသင့်သည်ဟု မြင်ပါကြောင်း ဒေါက်တာအောင်နိုင်ဦးက သုံး သပ်ပြောကြားပါတယ်။

“နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုက ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုလည်း စဉ်းစားဖို့သင့်ပါတယ်။ ဆိုလိုတာက ဒီဒေသ မှာ ဘာပစ္စည်း သယံဇာတတွေထွက်လဲ။ အဲဒီထွက်တဲ့ သယံဇာတတွေနဲ့အဲဒီဒေသခံ တွေက မူလကုန်ကြမ်းကနေတစ်ဆင့်မြင့်ကုန်ချောဖြစ်နိုင်စေမယ့် စက်ရုံ အလုပ်ရုံမျိုး ရင်းနှီးမြှုပ်နှံမှုမျိုးဆိုရင် အဲဒီဒေသအတွက်လည်း ပိုအကျိုးရှိစေမယ်။ တစ်ခါတလေဒေသနဲ့ သဟဇာတမဖြစ်တဲ့ လုပ်ငန်းမျိုးဆိုရင်တော့ သူတို့က ဘယ်လို မှ လက်ခံကြမှာမဟုတ်ဘူး။ ဥပမာ ဒီနယ်မှာ ဒူးရင်း၊ ကြက်မောက်၊ နာနတ် စသည်ဖြင့် သစ်သီးဝလံတွေ ထွက်တယ်ဆိုပါ စို့။ အဲဒီ သစ်သီးဝလံတွေကို တစ်ဆင့်မြင့် ဖန်တီးပေးနိုင်မယ့် ထုတ်လုပ်မှုလုပ်ငန်းဆိုရင် တော့ ဒေသခံတွေအနေနဲ့လည်း အလုပ်အ ကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ ကောင်းစေသလို သူတို့ဒေသက ထွက်ရှိတဲ့ ခြံထွက်သီး နှံတွေကိုတစ်ဆင့်မြင့် ကုန်ချောအဖြစ် ကမ္ဘာကြီးကို ဖြန့်လို့ရတယ်ဆိုတာမျိုးဆိုရင် အဲဒီ စီမံကိန်းမျိုး ဒေသခံတွေက ကန့်ကွက်စရာရှိမှာ မဟုတ်ဘူးလို့ယူဆရနိုင်ပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။

၎င်းကဆက်လက်ပြီး ဓတစ်ခါတလေကျ ရင် အဲဒီလိုမဟုတ်ဘဲနဲ့ ရှိနေပြီးသား အလုပ် အကိုင်အခွင့်အလမ်းနဲ့သယံဇာတထွက်ရှိမှု အခြေအနေနဲ့ကိုယ်ကသွားလုပ်မယ့် စီမံကိန်း နဲ့ဘာမှမဆိုင်ဘူးဆိုရင် ဥပမာအားဖြင့် ဒီ တောဒီတောင်ကနေ ဒူးရင်း၊ ကြက်မောက်၊ နာနတ်ထွက်မယ်။ ပင်လယ်ကနေ ရေသယံဇာတတွေထွက်တယ်။ ဒါပေမဲ့ ကိုယ်သွားလုပ်တာက ကျောက်မီးသွေးစီမံကိန်းတို့လို၊ အခု ကမ်းလွန်ထောက်ပ့ံရေးဆိပ်ကမ်းတို့လို ဆိုရင် ဒီစီမံကိန်းတွေက ဒေသနဲ့သဟဇာတမဖြစ်ဘူး။ အဲဒါဆိုရင် ဒေသခံတွေ ကန့်ကွက်ကြမှာ ပဲလေ။ ဒီတော့ ဒေသခံတွေ ကန့်ကွက်တဲ့ နေရာမျိုးကိုရှောင်ပြီးတော့ တခြားနေရာတွေမှာ ရှောင်ပြီးတော့ လုပ်မယ်ဆိုရင်တော့ ဒေသခံတွေလည်း ကန့်ကွက်စရာအကြောင်း မရှိနိုင်ဘူး။ အဲဒီဒေသမှာက ဥပမာ ကွမ်းသီး နဲ့ပဲ တစ်နှစ်ကို သိန်းရာချီပြီးတော့ မြတ်နေ တဲ့လူတစ်ယောက်ဟာ တခြားဘယ် လုပ်ငန်းမျိုးကို သူက စိတ်ဝင်စားမှာလဲ။ ပြောချင်တာက ပြည်နယ်ရဲ့ ထွက်ကုန်တွေကို ထိခိုင်စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို အစိုးရအနေ နဲ့ရှောင်စေချင်တယ်။ အဲဒီတော့ ဒေသခံတွေ ရဲ့အကျိုးစီးပွား မထိခိုက်နိုင်တဲ့ တခြားနေရာတွေကဆိုရင် ဘယ်သူမှလည်း ကန့်ကွက်ကြမှာ မဟုတ်ဘူး။ အဲဒါမျိုးကို အစိုးရအနေနဲ့ ညှိနှိုင်းပြီးတော့ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

ဖာလိန်ဒေသခံ လူငယ်တွေဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း တစ်နှစ်နီးပါးအကြာ ဖာလိန်ဒေသရဲ့ သယံဇာတကြွယ်ဝပုံ နဲ့လူမှုစီးပွားဖြစ်ထွန်းပုံ ကို ကိုယ်တိုင်စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ အဲဒီစစ်တမ်းစာအုပ်ကို ၂၀၁၆ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့ပါတယ်။

အဲဒီ စစ်တမ်းစာအုပ်ပါ အချက်အလက်တွေအရ ၂၀၁၄ ခုနှစ်အတွင်းမှာ ဖာလိန်ဒေသရဲ့အဓိက လုပ်ငန်းကြီး သုံးခုအနက် ကွမ်းခြံလုပ်ငန်းကနေ တစ်နှစ်ကို ကျပ် ၃၀၀၈၅၂၀၀၀၀ ရရှိခဲ့ကြောင်း၊ ဆန်စပါး လုပ်ငန်းကဆိုရင်လည်း ၅၁၀၅၆၆၀၀၀  ကျပ် ရရှိခဲ့ကြောင်းနဲ့ငါးဖမ်းလုပ်ငန်းတွေကနေ ဝင်ငွေ ၃၀၀၈၅၂၀၀၀၀ ကျပ်ရရှိခဲ့ကြောင်း ကိန်းဂဏန်းတွေအရ သိရပါတယ်။ အဲဒီအပြင်ကို အသီးအနှံစိုက်ပျိုးရေးလုပ်ငန်း တွေနေလည်း ၄၅၈၀၁၃၆၅၀ ကျပ် ရရှိခဲ့ကြောင်း စစ်တမ်းစာအုပ်ပါ အချက်အလက်တွေအရ သိရပါတယ်။

နှစ်စဉ် ကျပ်သိန်းပေါင်း ခုနစ်သောင်း ကျော်ဝင်ငွေရှိနေတဲ့ ဒေသတစ်ခုမှာ ဒေသခံ တွေရဲ့လူမှုစီးပွားဘဝတွေအတွက် အကျိုးဖြစ်ထွန်းမှုမရှိသော၊ ဒေသခံပြည်သူတွေရဲ့ အ ကျိုးယုတ်လျော့စေသော စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြမယ့် အစား ဒေသခံတွေရဲ့အကျိုးစီးပွား ဖြစ်ထွန်း စေတဲ့ စီမံကိန်းမျိုးတွေ အကောင်အထည် မဖော်သင့်ဘူးလား။

အစိုးရအနေနဲ့လည်း ဘယ်စီမံကိန်းလုပ်ငန်းမဆို ဒေသခံတွေအတွက် အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ စီမံကိန်းမျိုးတွေကိုသာ သေချာလေ့လာသုံးသပ်ပြီးမှ ဆောင်ရွက် ခွင့်ပြုသင့်ပါတယ်။ ဒါမှဟုတ်ဘဲ ဒေသဖွံ့ဖြိုး ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေသခံပြည် သူတွေ စိုးရိမ်ပူပန်မှုတွေ၊ စိုးရိမ်ထိတ်လန့် မှုတွေ တွေ့ကြုံခံစားနေကြရတော့မှာလား။

ဒါကြောင့် ဘယ်စီမံကိန်းကိုမဆို ဒေသခံတွေရဲ့အကျိုးစီးပွားရှေးရှုပြီး၊ ဒေသခံတွေရဲ့ သဘောဆန္ဒတွေနဲ့အညီ ဆောင်ရွက်ပေးကြ ဖို့ တိုက်တွန်းလိုပါတယ်။        

Most Read

Most Recent