အိမ်နီးချင်းနိုင်ငံများရှိ ရော်ဘာပင်များတွင် Pestalotipsis spp. မှိုရောဂါကျရောက်နေကြောင်း သိရ၍ မြန်မာနိုင်ငံအတွင်းသို့ ရော်ဘာတင်သွင်းရန် ခွင့်မပြုကြောင်း ထုတ်ပြန်

အိမ်နီးချင်းနိုင်ငံများရှိ ရော်ဘာပင်များတွင် Pestalotipsis spp. မှိုရောဂါကျရောက်နေကြောင်း သိရ၍ မြန်မာနိုင်ငံအတွင်းသို့ ရော်ဘာတင်သွင်းရန် ခွင့်မပြုကြောင်း ထုတ်ပြန်
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
Published 30 November 2019
နီလာ

အိမ်နီးချင်းနိုင်ငံများရှိ ရော်ဘာပင်များတွင် Pestalotipsis spp. မှိုရောဂါ ကျရောက်နေကြောင်း သိရှိရ၍ မြန်မာနိုင်ငံအတွင်းသို့ ရော်ဘာတင်သွင်းရန် ခွင့်မပြုကြောင်း စိုက်ပျိုးရေးဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများရှိ ရော်ဘာပင်များတွင် Pestalotipsis spp. မှိုရောဂါ ကျရောက်နေကြောင်း သိရှိရ၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မကူးစက်စေရန် နိုင်ငံတကာလေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များမှ ရော်ဘာပျိုးပင်အပါအဝင် အပင်အစိတ်အပိုင်းများ ဝင်ရောက်မှုအပေါ် စိစစ်ကြပ်မတ်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်မည့်အစီအစဉ်များ တင်ပြရန် အကြောင်းကြားလာကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ရာ ရော်ဘာပျိုးပင်၊ ပျိုးကိုင်း၊ မျိုးစေ့အပါအဝင် အပင်အစိတ်အပိုင်းအားလုံး တင်သွင်းမှုကို ခွင့်မပြုကြောင့် စိုက်ပျိုးလုပ်ကိုင်နေသူများအား အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍသည်  ရော်ဘာစိုက်ပျိုးသော အခြားနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့်  နှိုင်းယှဉ်ပါက အထွက်နှုန်းရော အရည်အသွေးပါ  နိမ့်ကျနေသေးသည့်အတွက်  နိုင်ငံတကာစျေးကွက်တွင် စျေးကောင်းမရရှိခြင်း၊ စျေးအနှိမ်ခံရခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ (Myanmar Rubber Forum-2018) တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရော်ဘာသည် ကမ္ဘာတစ်ဝန်း အရေးကြီးသည့်  စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် သံနှင့် သံမဏိလုပ်ငန်းပြီးလျှင် ဒုတိယအကြီးမားဆုံး စက်မှုလုပ်ငန်းဖြစ်ကြောင်း၊ ရော်ဘာသည် ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့်နေရာတွင်  မရှိမဖြစ်

အသုံးပြုရသော  စက်မှုကုန်ကြမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးတာယာလုပ်ငန်းများ၏ ဝယ်လိုအားများကြောင့် ရော်ဘာသည် အဖိုးတန်နိုင်ငံခြားဝင်ငွေ ရရှိစေသည့် ကုန်ပစ္စည်းတစ်ခုလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရော်ဘာကို အဓိကဦးစားပေးစက်မှု ကုန်ကြမ်းသီးနှံအဖြစ် သတ်မှတ်ထားပြီး ရော်ဘာလုပ်ငန်းစဉ်ဆက်မပြတ် တိုးတက်မှုရရှိနေရေး အားစိုက်ဆောင်ရွက်သွားကြရန် ၎င်းက ဆိုသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်းနှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိက တင်ပို့နေသည့်နိုင်ငံမှာ တရုတ် ဖြစ်သည်။

ရော်ဘာကို မွန်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက် ရှိသည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းများတွင်လည်း စိုက်ပျိုးသည်။ မွန်ပြည်နယ်တွင် ရော်ဘာစိုက် ဧကငါးသိန်းနီးပါးရှိပြီး ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ စိုက်ပျိုးမှုမှာ ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent