အနုပညာကို ခံစားသက်ဝင်ရခြင်းမှာ သီချင်းတွေ နားထောင်ရတာကို အနှစ်သက်မိဆုံးပါပဲ။ သီချင်းသံတစ်ခု ကြားလိုက်ရပြီ ဆိုတာနဲ့ သီချင်းစာသားတွေနဲ့အတူ လိုက်ပါစီးမျောရင်း ရင်ထဲမှာ အမျိုးမျိုးသော ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ သီချင်းသံကနေ ထွက်ပေါ်လာတဲ့ အသံလှိုင်းလေးတွေဟာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အရေပြား နံရံပေါ်မှာရှိတဲ့ သွေးကြောလေးတွေကို လာပြီး ရိုက်ခတ်တယ်။ သွေးကြောလေးတွေကတစ်ဆင့် နှလုံးသားဆီကို စီးဝင်သွားကြတယ်။ အဲဒီမှာ နှလုံးသားကနေ ခံစားမှုအမျိုးမျိုး ပုံဖော်ခံစားတော့တာပါပဲ။
သီချင်းတွေကို ကလေးဘဝကတည်းက နှစ်နှစ်ခြိုက်ခြိုက် နားထောင်ဖြစ်ခဲ့တယ်။ ဘယ်အရွယ်လောက်ကတည်းကလို့ အတိအကျ မမှတ်မိပေမဲ့ သုံး၊ လေးတန်းအရွယ်မှာ နွားကျောင်းရင်း သီချင်းတွေ နားထောင် ဖြစ်ခဲ့တာတော့ သေချာကို မှတ်မိနေတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက နွေစပါး (သီးထပ်) စိုက်ပျိုးတာ မရှိသေးဘူး။ ဒီတော့ နွေဘက်ရောက်ရင် ကျွဲတွေ၊ နွားတွေ အနားယူကြရတယ်။ အဲဒီ ကျွဲနွားတွေကို ညနေ စောင်းအချိန်မှာ လွှတ်ကျောင်းလေ့ ရှိကြတယ်။ နွားကျောင်းသားအများစုက ကျွန်တော်တို့လို့ ကလေးတွေပေါ့။ ကျွဲနွားတွေကို လွှတ်ပေးထားပြီး ကန်သင်းရိုးပေါ်ကနေ ထိုင်ကြည့်နေရတယ်။ တချို့လည်း နှစ်ယောက် သုံးယောက် စုပြီး ကစားရင်း နွားကျောင်းကြတယ်။
ကျွန်တော်ကတော့ အိမ်ကနေ စာအုပ် တစ်အုပ်ယူသွားပြီး ဖတ်လေ့ရှိတယ်။ အဖေကစပြီး ကျွန်တော့် အစ်ကို၊ အစ်မတွေအကုန်လုံး စာဖတ်ဝါသနာပါကြတော့ အိမ်မှာ ဖတ်စရာစာအုပ်က မပြတ်ရှိနေတတ်တယ်။ နောက်တစ်ခုကတော့ ကန်သင်းရိုးပေါ်မှာ ပက်လက်လှန်ပြီး လေထဲက လွင့်ပျံလာတဲ့ သီချင်းတွေကို နားဆင်တာပါပဲ။ ဟင်္သာတဦးထွန်းရင်ရဲ့ “ နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းလေးမှာ” လို့ အစချီထားတဲ့ စာဥသီချင်း။ တွံတေးဦးသိန်းတန်ရဲ့ ပြဇာတ်ဆန်ဆန် စကားပြောတွေပါတဲ့ ထွေးညို စတဲ့သီချင်းတွေက နားထောင်လို့ မဝနိုင်အောင် ရှိခဲ့ရတဲ့ သီချင်းတွေပါပဲ။
နွားကျောင်းရင်းနဲ့ သီချင်းကို ဘယ်ကနေ နားထောင်လဲလို့ မေးစရာရှိမယ် ထင်တယ်။ ကျွန်တော်တို့ နားထောင်ခဲ့တဲ့ သီချင်းသံတွေဟာ ကိုယ်ပိုင်ကက်ဆက်၊ ဖုန်းတွေနဲ့ ဖွင့်ပြီး နားထောင်ခဲ့ရတာတော့ မဟုတ်ပါဘူး။ လော်စပီကာကနေ ဖွင့်ထားတာကို နားဆင်ခဲ့ရတာ။ ဘယ်က လော်စပီကာလဲ ဆိုတော့ အဲဒီခေတ်က လော်စပီကာ အငှားလိုက်ဖွင့်တဲ့သူတွေ ရှိတယ်။ အဲဒီသူတွေက အငှားမလိုက်ရတဲ့ အချိန်ဆိုရင်လည်း သူတို့အိမ်မှာ ညနေစောင်းဆို ဖွင့်လေ့ရှိကြတယ်။ သစ်ပင်မြင့်မြင့်ပေါ်တင်ပြီး ဖွင့်ကြတာဆိုတော့ ကျွန်တော်တို့အတွက် အခမဲ့ ဖျော်ဖြေရေးကြီး ဖြစ်နေတော့တာပေါ့။
အဲဒီခေတ်အခါက ကျွန်တော်တို့တော ရွာတွေမှာ တယ်လီဗေးရှင်း မပြောနဲ့ ကက်ဆက်တောင် အတော်ရှားသေးတယ်။ ဒီတော့ လော်စပီကာတွေကနေ ပြဇာတ်ဇာတ်လမ်းတွေ သီချင်းတွေဖွင့်ရင် တစ်နေရာရာမှာ ထိုင်ပြီး နားစွင့်ခဲ့ရတာ။ လော်စပီကာ ဖွင့်တဲ့ နေရာက ဝေးလို့ အသံသဲ့သဲ့ပဲ ကြားရတဲ့အခါ အားမလိုအားမရ နားစွင့်ခဲ့ရတာပေါ့။
နောက်တော့ ကက်ဆက်တွေ၊ အဲဒီကမှ ဒီကနေ့ခေတ် ဖုန်းတွေပေါ်လာတော့ သီချင်းကို အလွယ်တကူပဲ နားထောင်လို့ ရလာတယ်။ လွယ်လွယ်နားထောင်လို့ရလာမှ သီချင်းတွေကို အရင်လောက် နားမထောင် ဖြစ်ခဲ့တာ အမှန်ပါပဲ။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ နားထောင်ဖြစ်တယ်။ ပြီးတော့ အွန်လိုင်းမှာ Facebook သုံးရင်း သီချင်းကောင်းလေးတွေ နားထောင်ဖြစ်တယ်။
လွန်ခဲ့တဲ့ လေးငါးရက်က Facebook မှာ မိတ်ဆွေတစ်ယောက် Share ထားတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ကြည့်မိတယ်။ အဆိုတော်က ကိုထီး။ ဆိုင်းထီးဆိုင်။ တေးရေးက ဆရာစိုင်းခမ်းလိတ်။ သီချင်းနာမည်က လူငယ်ခြေကျတွေ။ ဟိုခေတ် ဟိုအခါက ထုတ်ခွင့်မရခဲ့တဲ့ သီချင်းတစ်ပုဒ်။ Public အဖြစ် ထုတ်ထားတာမဟုတ်ဘဲ ဆိုထားတာလို့ post တင်တဲ့သူက ရေးထားတယ်။ နားထောင်ကြည့်လိုက်တော့ သီချင်းစာသားတွေက အတော်လေးကို ထိမိတယ်။ ပညာရေး အခြေအနေကို မီးမောင်းထိုးပြထားတာ။ အဲဒီခေတ်က ပညာရေးအခြေအနေကို ရေးဖွဲ့ထားတာဆိုပေမဲ့ စာသားတွေက ဒီကနေ့ ခေတ်အထိ သက်ရောက်မှု ရှိနေသေးတယ်လို့ ခံစားရတယ်။ သီချင်းစာသားလေးတွေက ဒီလို ဒီလို။
“ သင်တုန်းကတော့ သင်လိုက်ရတဲ့
ပညာတွေ...
ကမ္ဘာမြေကို အုပ်စိုးဖို့ မလောက်ကျနေ
ကိုယ်ဘွဲ့ရတော့ ရှာထားခဲ့တဲ့ ဒီအတတ်တွေ...
အသုံးဝင်ပေမဲ့ ဘယ်သူမှ မသုံးပေ...
အတောင်အလက် ပြည့်ပြီးကာမှ
ကောင်းကင်လိုင်စင်မရလို့ မပျံနိုင်တဲ့
ငှက်ကလေးလို တို့များရဲ့ ဘဝဟာလေ...
ဆယ်တန်းကျလို့ ကျန်နေရစ်တဲ့ လူတွေတောင်...
အိမ်ပိုင်ကိုယ်ပိုင်ကားနဲ့ သူဌေးဖြစ်နေ...
ကိုယ်ဘွဲ့ရတော့ သူတို့တွေဆီ ပြန်သွား
ပြီး ကားဒရိုင်ဘာ ဝင်ကာလုပ်ဖို့ကိန်းပေ...
အတောင်အလက် ပြည့်ပြီးကာမှ ကောင်း
ကင်လိုင်စင် မရလို့...
မပျံနိုင်တဲ့ ငှက်ကလေးလို တို့များရဲ့ဘဝဟာလေ...
တကယ့် လူမှန်နေရာမှန်မရှိတဲ့ ခေတ်
လူငယ် ခြေကျတွေ...
ညည်းတွားရင်းနဲ့ ပြီးသွားရင်းနဲ့ အချိန်တွေ
ကုန်သရွေ့ တောင့်တရင်းနဲ့ ကြောင့်
ကြခြင်းပဲလေ...
ဖြစ်သမျှအကြောင်းပဲ စိတ်ဓာတ်မကျနဲ့
ပညာရှင်ရေ...
ရောင့်ရဲခြင်းက ပြည့်ဝခြင်းပဲလေ...
ယူတုန်းကတော့ ယူလိုက်ရတဲ့ အသပြာတွေ...
အချိန်ကြာရင်တောင် မိဘအပြစ်ကျနေ...
ကိုယ်ဘွဲ့ရတော့ ပြန်ပေးနိုင်တာ ဧည့်ခန်းမှာ ...
ကြွားစရာ ဂုဏ်ယူစရာ ပုံတစ်ချပ်ပဲလေ...”
သီချင်းစာသားလေးတွေက ကျွန်တော့် နှလုံးသားကို စိမ့်ဝင်စီးဆင်းသွားမှုနဲ့အတူ စိတ်အစဉ်မှာ အတွေးမျှင်တွေ ယှက်သန်း သွားတယ်။ ကျွန်တော်တို့ရဲ့ ကလေးဘဝ၊ လူငယ်ဘဝ အချိန်တွေကို ရင်းနှီးပေးဆပ်ပြီး ပညာတွေ သင်ခဲ့ကြတယ်။ ဘွဲ့တွေ ယူခဲ့ကြတယ်။ ကျွန်တော်တို့ ယူခဲ့တဲ့ဘွဲ့ဟာ ကျွန်တော်တို့ ၀ါသနာနဲ့ တစ်ထပ်တည်းကျတဲ့သူက နည်းတယ်။ ပြီးတော့ ရတဲ့ဘွဲ့နဲ့လုပ်တဲ့ အလုပ် တစ်ထပ်တည်း ကျတာကလည်း နည်းတယ်။ ကျွန်တော်တို့သင်ခဲ့တဲ့ ပညာတွေက အသုံးမဝင်တာတော့ မဟုတ်ဘူး။ အသုံးချစရာ နေရာမရှိသလောက် ရှားပါးတာ၊ အသုံးချဖို့ အခွင့်အရေး နည်းပါးတာပါပဲ။
ကျွန်တော်တို့ရဲ့ ဘွဲ့လက်မှတ်တွေဟာ ပျံသန်းခွင့် လိုင်စင်မရတဲ့ ငှက်တောင်ပံတွေလိုပါပဲ။ အမြင့်မှာ ပျံချင်လွန်းလို့ အတောင်ပံတွေရအောင် ကြိုးစားခဲ့ကြပေမဲ့ တကယ်တမ်းရရှိလာတဲ့ အတောင်ပံတွေဟာ ကောင်းကင်မှာ ပျံဖို့မစွမ်းနိုင်ရုံသာမက မြေပြင်မှာ လျှောက်လှမ်းဖို့ကိုတောင် အထောက်အကူ သိပ်မပေးချင်လှဘူး။ ဘောလုံးသမားတစ်ယောက်ဟာ ဘောလုံးကန်ခွင့်မရဘဲ ဘောကောက်ပဲ လုပ်နေရမှတော့ ဘယ်မှာခြေစွမ်း ထက်လာမှာလဲ။ခြေစွမ်းတွေဟာ တဖြည်းဖြည်း သုညအထိ ကျဆင်းလာတော့မပေါ့။
တက္ကသိုလ်ဝင်တန်း (၁ဝတန်း) ကို နှစ် နှစ် ဆက်ကျတဲ့ တပည့်တစ်ယောက်က သုံး နှစ်မြောက် ဆက်တက်ချင်လို့ သူ့အိမ်ကို ပြောပေးဖို့ ကျွန်တော့်ဆီ အကူအညီ တောင်းဖူးတယ်။ အဲဒါနဲ့ သူ့မိဘတွေဆီ လိုက်သွားပြီး “ အစ်ကိုရယ် ကလေးကလည်း ဆက်ပြီး တက်ဖို့ ဆန္ဒပြင်းပြနေတော့ ဒီတစ်နှစ်တော့ ထားပေးလိုက်ပါဦး။ သူကြိုးစားလို့ အောင်မြင်သွားတဲ့အခါ အစ်ကိုတို့လည်း သူ့အတွက် စိတ်အေးရတာပေါ့” ဆိုပြီး ပြောကြည့်လိုက်တော့ “ သူ ဆယ်တန်းအောင်တော့ရော ကျွန်တော်တို့ စိတ်အေးရမယ်လို့ တကယ် ပြောနိုင်လို့လား ဆရာ။ ဆယ်တန်းအောင် မပြောနဲ့ ဘွဲ့ရတောင် အလုပ်လုပ်စရာ နေရာ မရှိပါဘူးဗျာ” ဆိုပြီး ပြန်ပြောလာတယ်။ ပြီးတော့ “ ဆယ်တန်းတစ်နှစ် ကုန်ကျစရိတ်က မနည်းဘူးဆရာ။ အဲဒီငွေကို စီးပွားရေး အလုပ်တစ်ခုခုမှာ ရင်းနှီးထားတာကမှ ပိုပြီးသေချာဦးမယ်” လို့ ထပ်ဆိုပြန်ပါသေးတယ်။ ကျွန်တော့်မှာ ချေပစရာ စကားတွေ ဆွံ့အ ခဲ့ရတယ်။
နှစ်ပေါင်း ၂၀ နီးပါး ရင်းနှီးမြုပ်နှံပြီး ရရှိလာတဲ့ ဘွဲ့လက်မှတ်တစ်ခုဟာ မင်္ဂလာဆောင်နဲ့ နာရေးဖိတ်စာမှာ နာမည်နောက်ကနေ အမြီးတပ်ဖို့၊ အိမ်ရဲ့ဧည့်ခန်းမှာ အလှချိတ်ဆွဲဖို့ ဓာတ်ပုံတစ်ပုံရခြင်း စတာတွေနဲ့ပဲ ကျေနပ်နှစ်သိမ့်ရတော့တယ်။ ကိုထီးရဲ့ သီချင်းတစ်ပုဒ်ကို နားဆင်ပြီး စဉ်းစားမိတဲ့ အတွေးတစ်မျှင်ကို သက်ပြင်းမောတွေ မှုတ်ထုတ်ပြီး ကျွန်တော်အဆုံးသတ် လိုက်မိတော့တယ်။