လက်ဖက်ရည်ဆိုင် ထိုင်တိုင်း ဝေ့ဝဲပျံ့လွင့်နေတတ်သည့် အတွေးတစ်စ

လက်ဖက်ရည်ဆိုင် ထိုင်တိုင်း ဝေ့ဝဲပျံ့လွင့်နေတတ်သည့် အတွေးတစ်စ
ဓာတ်ပုံ- အောင်ကျည်စိုးမြင့်
ဓာတ်ပုံ- အောင်ကျည်စိုးမြင့်
Published 28 November 2019
ခက်ဆစ်လင်း (ပြည်)

ညတိုင်း ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်၏။ လူပျိုလူလွတ်ဘဝက သူငယ်ချင်းများနှင့် ထိုင်ဖြစ်ခြင်းဖြစ်ပြီး အိမ်ထောင်ပြုပြီး နောက်ပိုင်းတွင်တော့ အမျိုးသမီးနှင့်သာ နေ့စဉ်ထိုင်ဖြစ်ခြင်း ဖြစ်ပါသည်။ အပေါင်းအသင်း သူငယ်ချင်းများနှင့်တော့ အသက်အရွယ် ကြီးရင့်လာလေလေ၊ ကိုယ်စီဘဝခရီးလမ်းများအား ယုံကြည်ရာအတိုင်း ဖြတ်သန်းနေကြရသည့်အတွက်ကြောင့် လက်ဖက်ရည်ဆိုင်တွင် ဆုံတွေ့ဖြစ်မှု နည်းပါးသထက် နည်းပါးလာခဲ့ရပေသည်။ မည်သို့ပင်ဆိုစေ ညစဉ်နီးပါးတော့ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင် ဖြစ်ခဲ့သည်သာ ဖြစ်ပါ၏။ ညစဉ်နီးပါး လက်ဖက်ရည်ဆိုင်ထိုင်ရခြင်း၏ ကျွန်တော့်၏ ရည်ရွယ်ချက်ကလည်း ရိုးရိုးရှင်းရှင်းလေးသာ ဖြစ်ပါသည်။ ဆိုရလျှင် ညစဉ်နီးပါး လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ခြင်း၏ ကျွန်တော့်၏ ရည်ရွယ်ချက်မှာ စိတ်အပန်းဖြေလိုမှု သက်သက်သာ ဖြစ်ပါသည်။

ဘဝအမောများအား ခဏတာမေ့ထားခြင်းဖြင့် စိတ်အပန်းဖြေရန်အတွက် ကျွန်တော် ညစဉ်နီးပါး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခြင်း ဖြစ်ပါသည်။ ညစဉ်နီးပါး လက်ဖက်ရည်ဆိုင်ထိုင်၍ ကျွန်တော် ဘောလုံးပွဲများ ကြည့်ဖြစ်ခဲ့သည်ရှိသလို နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများကိုလည်း ကြည့်ဖြစ်ခဲ့ပါသည်။ လက်ဖက်ရည်ဆိုင်မှပြသည့် လက်ဝှေ့ပွဲများ ကို ကျွန်တော် ကြည့်ဖြစ်ခဲ့သလို သတင်းစာ၊ ဂျာနယ်တစ်စောင်စောင် ယူဆောင်သွားခြင်းဖြင့်လည်း ကျွန်တော် လက်ဖက်ရည်ဆိုင်တွင် ဖတ်ရှုဖြစ်ခဲ့ပေသည်။ တစ်ခါတစ်ရံလည်း အမျိုးသမီးနှင့်နှစ်ဦးတည်း လက်ဖက်ရည်ဆိုင်တွင်ထိုင်၍ စကားဖောင်ဖွဲ့၍နေမိ ပြန်ပါသည်။ တစ်ချိန်ကတော့ အပေါင်းအသင်း သူငယ်ချင်းများနှင့်ဖြစ်၏။

ခေတ်၏ တိုးတက်လာခြင်းနှင့်အတူ လက်ဖက်ရည်ဆိုင်လေးများ၏ အသွင်အပြင်များကလည်း ပြောင်းလဲတိုးတက်၍ လာခဲ့ပေ၏။ ကျွန်တော်တို့ ကလေးဘဝကဆိုလျှင် လက်ဖက်ရည်ဆိုင်လေးများတွင် ကက်ဆက် တိပ်ခွေဖွင့်၍သာ ဝန်ဆောင်မှုပေးခဲ့ခြင်းအား မိဘများနှင့် လက်ဖက်ရည်ဆိုင်သို့ လိုက်ပါသွားဖြစ်သည့် မြင်ကွင်းလေးများအား ကျွန်တော်ပြန်လည်မြင်ယောင်၍ အမှတ်ရမိ နေပါသေး၏။ ထိုအချိန်က ကက်ဆက်တိပ်ခွေမှ လွင့်ပျံ့လာတတ်သည့် တေးသီချင်းအသံလေးများ လက်ဖက်ရည်ဆိုင်တိုင်းတွင် ဝေ့ဝဲနေခဲ့ဖူးပါသည်။ ထိုအချိန်က ကလေးသဘာဝမို့ သီချင်းနားထောင်ရကောင်းမှန်း မသိသော်လည်း လက်ဖက်ရည်ဆိုင်လေးအတွင်းတွင် ပျံ့လွင့်နေတတ်သည့် တေးဂီတသံလေးများကိုတော့ ယနေ့အချိန်အထိ ကျွန်တော်ကောင်းကောင်း အမှတ်ရနေမိဆဲသာ ဖြစ်ပါသည်။ ဆိုရလျှင် ထိုအချိန်က လက်ဖက်ရည်ဆိုင်လေးများ၏ ဝန်ဆောင်မှုတစ်ခုသည် ကက်ဆက်တိပ်ခွေများဆီမှ ဝေ့ဝဲပျံ့လွင့်နေတတ်သည့် တေးသီချင်း သံလေးများသာ ဖြစ်ပါ၏။

နောက်ပိုင်းတွင်တော့ ခေတ်၏တိုးတက် ပြောင်းလဲလာခြင်းနှင့်အတူ လက်ဖက်ရည်ဆိုင်လေးများ၏ အသွင်အပြင်များလည်း တစ်မျိုးတစ်ဖုံဆန်းသစ်၍ လာခဲ့ပြန်ပါ၏။ လက်ဖက်ဆိုင်လေးများတွင် တီဗွီဖန်သားပြင်များ နေရာယူ၍လာခဲ့ပေသည်။ တစ်နည်းအားဖြင့် ခေတ်၏ ပြောင်းလဲတိုးတက်ခြင်းများနှင့်အတူ လက်ဖက်ရည်ဆိုင်လေးများတွင် တီဗွီများဖြင့် ရုပ်မြင်သံကြား ပြသမှုဝန်ဆောင်မှုများ ဖြစ်တည်၍ လာခဲ့ပေသည်။ တီဗွီ၊ ဗွီစီဒီစက်များဖြင့် ရုပ်ရှင်ဇာတ်ကားများ ပြသပေးသည့်ဝန်ဆောင်မှုများ လက်ဖက်ရည်ဆိုင်လေးများတွင် တစ်စတစ်စထွန်းကား၍ လာခဲ့ပေသည်။ ထိုအချိန်တွင်လည်း ကျွန်တော်သည် ကလေးအရွယ် ကျောင်းသားသာ ဖြစ်သေးသည့်အတွက်ကြောင့်လည်း တစ်ခါတစ်ရံ မိဘများနှင့်လိုက်ပါ၍ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ပုံရိပ်လေးများအား ပြန်လည်မြင်ယောင်မိ၍ အမှတ်ရနေမိခြင်းသာ ဖြစ်ပါသည်။

ထိုအချိန်က ယနေ့ကဲ့သို့ ပုဂ္ဂလိကရုပ်သံလိုင်းများ မရှိသေးသည့်အတွက် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများအား တီဗွီ၊ ဗွီစီဒီစက်ဖြင့် ပြသခြင်းသာ ခေတ်စားခဲ့ပါသေးသည်။ တစ်ခါတစ်ရံ အစိုးရရုပ်သံလိုင်းမှ လွှင့်ပေးတတ်သည့် မြန်မာဘောလုံးပွဲများကိုလည်း ပြသတတ်ပေသည်။ ငြင်သာတိုးညင်းသည့် တေးသီချင်းသံလေးများလည်း တချို့လက်ဖက်ရည်ဆိုင်များတွင် တီဗွီပြသထားပါသော်လည်း တစ်ပြိုင်တည်း ဖွင့်ပေးထားတတ် ပြန်ပါသေးသည်။ ဤသည်မှာ ကျွန်တော်ကလေးအရွယ် ကျောင်းသားဘဝက လက်ဖက်ရည်ဆိုင်လေးများ၏ ပြောင်းလဲတိုးတက်လာသည့် ဝန်ဆောင်မှုပေးခြင်း တစ်မျိုးသာဖြစ်ပါ၏။

ထိုသို့ဖြင့် အစဉ်သဖြင့် ရွေ့လျားလည်ပတ်နေသည့် အချိန်များနှင့်အတူ ကျွန်တော်သည်လည်း လူငယ်ဘဝသို့ရောက်ရှိ၍ လာခဲ့ရပါသည်။ စင်စစ် ကျွန်တော်သည် အထက်တန်းကျောင်းသား ဘဝများအထိ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်ခဲ့ဖူးပါပေ။ ဤသည်ကို ကလေးသဘာဝဟုဆိုလျှင်လည်း ရကောင်းနိုင်ပါပေသည်။ ထိုအချိန်က ကျွန်တော်တို့သူငယ်ချင်းများသည် ကလေးသဘာဝ အချိန်အားသည်နှင့် ကစားဖို့အရေးကိုသာ တွေးတောနေမိခဲ့ခြင်းကြောင့်သာ ဖြစ်ပါသည်။ ကလေးသဘာဝ ကျောင်းဆင်းသည်နှင့် ဘောလုံးကန်ချင်လျှင် ကန်သည်။ ထိုသို့မဟုတ်ဘဲ စွန်လွှတ်ချင်လျှင်လည်း လွှတ်တတ်ကြသည်။ အစရှိသည့် ကလေးသဘာဝ ကစားနည်းအစုံဖြင့်သာ ကျွန်တော်တို့စီးမျော ဖြစ်ခဲ့ပါပေသည်။

ညပိုင်းများတွင်လည်း ကစားချင်လျှင် ကစား၊ ထိုသို့မှမဟုတ်လျှင်လည်း တီဗွီရှားသေးသည့်အချိန်မို့ ဗီဒီယိုရုံများသို့သွားရောက်၍ ဗီဒီယိုကြည့်လျှင်ကြည့်ဖြင့် ကျွန်တော်နှင့် သူငယ်ချင်းများ ကလေးသဘာဝ ဖြတ်သန်းလွန်မြောက် ဖြစ်ခဲ့ပါသည်။ တစ်ခါတစ်ရံမှသာ မိဘများနှင့်လိုက်၍ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ မိဘများနှင့်လိုက်ပါ၍ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ခြင်းများကြောင့် လွန်ခဲ့ပြီးသော ထိုအချိန်များက လက်ဖက်ရည်ဆိုင်လေးများ၏ အသွင်အပြင် မြင်ကွင်းလေးများအား ကျွန်တော် မြင်တွေ့ကာ ယနေ့အချိန်အထိ အမှတ်ရနေမိခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် လူငယ်ဘဝသို့ ပီပီပြင်ပြင် ရောက်ရှိလာသည့်အရွယ်မှ သူငယ်ချင်းများနှင့် ကျွန်တော်လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ပါသည်။

ထိုအချိန်တွင်လည်း ခေတ်၏ပြောင်းလဲ တိုးတက်လာခြင်းနှင့်အတူ လက်ဖက်ရည်ဆိုင်လေးများ၏ အသွင်အပြင်၊ ဝန်ဆောင်မှုများလည်း တစ်မျိုးတစ်ဖုံ ဆန်းသစ်ပြောင်းလဲ၍ လာခဲ့ပြန်ပါသည်။ ထိုအချိန်တွင် စလောင်းဖြင့်ဖမ်းယူ၍ နိုင်ငံခြားဘောလုံးပွဲပြသခြင်းများ ခေတ်စား၍လာခဲ့ပေပြီ။ ကမ္ဘာ့ဖလား၊ ယူရိုဖလားမှအစပြု၍ အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေ အစရှိသည့် နိုင်ငံတကာကလပ်ပွဲများအဆုံး ၊ ဘောလုံးပွဲများအား စလောင်းဖြင့် တိုက်ရိုက်ဖမ်းယူ ပြသပေးသည့်ဝန်ဆောင်မှုအသစ် လက်ဖက်ရည်ဆိုင်လေးများတွင် ဖြစ်တည်၍လာခဲ့ပေသည်။  ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုအား အကြောင်းပြု၍ ထိုအချိန်က ညပိုင်းတွင် သူငယ်ချင်းများနှင့် ကျွန်တော်လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ပါသည်။ ဘောလုံးကစားရခြင်းအား ၀ါသနာထုံသည့် ကျွန်တော် စီရော်နယ်ဒို၏ ဘောလုံးကစားဟန်အား စွဲလမ်းနှစ်ခြိုက်မိသည့်အတွက်ကြောင့် စီရော်နယ်ဒို ပါဝင်သည့် ဘောလုံးပွဲစဉ်တိုင်းအား လက်ဖက်ရည်ဆိုင်ထိုင်၍ သူငယ်ချင်းများနှင့် ကျွန်တော် ကြည့်ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် ညပိုင်းလက်ဖက်ရည်ဆိုင် ထိုင်ခြင်းအကျင့် ကျွန်တော့်တွင် စွဲကပ်၍လာခဲ့ပါသည်။

ဘောလုံးပွဲမရှိသည့် ညများတွင်လည်း  အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်၍ ကျွန်တော်စကားလက်ဆုံကျ နေဖြစ်ခဲ့ဖူးပါသည်။ လူငယ်သဘာဝ ပျော်ရွှင်ခြင်းများအား တစ်ယောက်တစ်ပေါက် ရေရွတ်နေမိကြသလို တစ်ခါတစ်ရံလည်း စိတ်ညစ်ညူးနေခြင်းများအား တစ်ယောက်တစ်ပြန် ရင်ဖွင့်၍နေမိတတ်ပြန်ပါသေးသည်။ အချိန်ကာလများသည် တရွေ့ရွေ့ ကုန်ဆုံးနေမြဲဖြစ်ပါ၏။ ကိုယ်စီ သင့်တော်ရာအလုပ်များ ဝင်ရောက် လုပ်ကိုင်နေရချိန်တွင်လည်း အားလပ်သည့် ညချမ်းလေးများတွင် ကျွန်တော်နှင့်အပေါင်းအသင်း သူငယ်ချင်းတချို့သည် လက်ဖက်ရည်ဆိုင်ထိုင်၍ အပန်းဖြေဖြစ်ခဲ့ပါသည်။ လက်ဖက်ရည်ဆိုင်ထိုင်၍ အိမ်တွင်းရေးအပူများကို တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်ပြမိကြ၏။ လူငယ်သဘာဝ နှလုံးသားရေးရာ အပူအပင်များကိုလည်း တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်တိုင်ပင်တတ်ခဲ့ကြပါသည်။

ထိုအချိန်များအထိ တချို့လက်ဖက်ရည်ဆိုင်လေးများတွင် တေးဂီတသံလေးများ ပျံ့လွင့်၍ နေဆဲလည်းဖြစ်ပါသည်။ အလွမ်းဂီတ၊ မြူးမြူးကြွကြွ ၊ မေတ္တာဘွဲ့ အစရှိသဖြင့် ဂီတသံစဉ်လေးများ အလှည့်ကျ ပျံ့လွင့်နေတတ်ပါသေးသည်။ လူငယ်သဘာဝမို့ ထိုအချိန်တွင်တော့ ဂီတသံစဉ်များအား ကျွန်တော်ကောင်းကောင်း ခံစားနေတတ်ခဲ့ပြီ ဖြစ်ပါသည်။

ထိုအချိန်များတွင် မည်သို့သောတွန်းအားကြောင့်မှန်း ရေရေရာရာတွေးတော၍ မရပါသော်လည်း စာရေးလိုသောဆန္ဒလည်း ကျွန်တော့်တွင်ဖြစ်တည်၍နေပြီ ဖြစ်ပြီး စာရေးခြင်းအား အစပျိုးနေမိပြီ ဖြစ်သည့်အတွက်ကြောင့်လည်း ၀ါသနာတူ သူငယ်ချင်းတချို့ နှင့် လက်ဖက်ရည်ထိုင်၍ စာရေးခြင်းနှင့်ပတ်သက်သည့် ကိစ္စအလုံးစုံကိုလည်း သိသလောက် မှတ်သလောက် အပြန်အလှန် ပြောဆို အကြံပေးဖြစ်နေသည့် ကာလလည်း ဖြစ်ပါသည်။ ကိုယ့်စာတိုလေးတစ်ကြောင်း စာမျက်နှာအပေါ်တွင် မြင်တွေ့လိုက်ရတိုင်းလည်း ၀ါသနာတူ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်၍ အားပါးတရ ဂုဏ်ယူဖူးခဲ့သည့် ကာလအပိုင်းအခြားလေးသာ ဖြစ်ပါသည်။ ဆိုရလျှင် ဤသို့ဖြင့် ထိုအချိန်များမှစ၍ ညစဉ်နီးပါး ကျွန်တော်လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ပါသည်။ ဘောလုံးပွဲလေးကြည့်လိုက်၊ စလိုက်နောက်လိုက်၊ ရင်တွင်းအပူများအား အပြန်အလှန်ချပြလိုက်၊ စာအကြောင်း ပေအကြောင်းလေးများအား ပြောလိုက်ဖြင့် ဘဝ၏အမောများစွာအား ညစဉ်လက်ဖက်ရည်ဆိုင်ထိုင်၍ ကျွန်တော်နှင့် အပေါင်းအသင်းသူငယ်ချင်းတစ်စု ဖြတ်သန်းလွန်မြောက်ခဲ့ပါသည်။

ဤသို့ဖြင့် ကျွန်တော်နှင့် အပေါင်းအသင်းများ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြုဖြစ်ခဲ့ကြ၏။ ယနေ့အထိ လူလွတ်အပေါင်းအသင်းများလည်း ရှိနေပါသေးသည်။ အချိန်ယန္တရားသည် မရပ်မနားဘဲ အဆက်မပြတ် ခုတ်မောင်းနေဆဲ ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ခေတ်၏ပြောင်းလဲ တိုးတက်မှုကလည်း အင်တာနက်ခေတ်သို့ ရောက်ရှိ၍လာခဲ့ရပေသည်။ ကျွန်တော် ညစဉ်နီးပါး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်နေဆဲ ဖြစ်ပါသည်။ အင်တာနက်ခေတ် ဖြစ်သည်နှင့်အညီ လက်ဖက်ရည်ဆိုင်လေးများကိုလည်း အင်တာနက်ကွန်ရက်က လွှမ်းမိုး၍လာပြီ ဖြစ်ပေသည်။ ဆိုရလျှင် ယနေ့လက်ဖက်ရည်ဆိုင်လေးများသည် ၀ိုင်ဖိုင်လွှင့်ပေးခြင်းဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေး၍လာခဲ့ပြီ ဖြစ်ပါသည်။ ခေတ်စနစ်အရ လူတိုင်းဖုန်းကိုင်နိုင်သည့်အချိန်မို့ ၀ိုင်ဖိုင်ဖရီးအသုံးပြုခြင်းဖြင့် လူတိုင်းလက်ဖက်ရည်ဆိုင်ထိုင်၍ ညင်သာစွာစီးမျောနေသည့် အချိန်ကာလသို့ ပြောင်းလဲရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ယနေ့တွင်တော့ လက်ဖက်ရည်ဆိုင်လေးများအတွင်းတွင် ကျောင်းသားကလေး အရွယ်လေးများလည်း ခေါင်းငိုက်စိုက်ဖြင့် ရှိနေတတ်ပေပြီ။

လူငယ်၊ လူကြီးများလည်း ကိုယ်စီကိုယ်စီ ခေါင်းငိုက်စိုက်ချလျက်ဖြင့်ပင် လက်ဖက်ရည်ဆိုင်လေးများအတွင်းတွင် စီးမျော၍ နေတတ်ကြပေပြီ။ ယနေ့အချိန်တွင်တော့ တစ်ချိန်က လက်ဖက်ရည်ဆိုင်လေးများ၌ ပျံ့လွင့်နေခဲ့ဖူးသည့် တေးသီချင်းသံလေးများလည်း ဆိတ်သုဉ်း၍သွားခဲ့ပေပြီ။ ဗွီစီဒီ၊ ဒီဗွီဒီစက်များလည်း အသုံးမဝင်တော့ပေ။ ရုပ်ရှင် ဇာတ်ကားများ၊ ဘောလုံးပွဲများ အစရှိသည့် အစီအစဉ်တို့ကိုသာ လက်ဖက်ရည်ဆိုင်လေးများ အတွင်းရှိ တီဗွီမျက်နှာပြင်အထက်တွင် နေရာယူကြီးစိုးခဲ့ပြီ ဖြစ်သည်။ တစ်ဖက်ကလည်း  ၀ိုင်ဖိုင်ဖရီးလွှင့်ပေးခြင်းဖြင့် အင်တာနက်ကွန်ရက်များသည် လက်ဖက်ရည်ဆိုင်လေးများအား လွှမ်းခြုံ၍ထားခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့်ပင် လူတိုင်းဖုန်းကိုင်နိုင်သည့် ကာလမို့ အများအားဖြင့် လက်ဖက်ရည်ဆိုင်လေးများအတွင်းတွင် လူတိုင်းနီးပါး ခေါင်းငိုက်စိုက်ချ၍ နေကြခြင်းသာဖြစ်ပါသည်။

ဤသည်မှာ လူတိုင်း ခေါင်းငိုက်စိုက်ချလျက် ဖုန်းကလေးများပွတ်ကာ အင်တာနက် အသုံးပြုနေတတ်ကြခြင်းအား ဆိုလိုရခြင်း ဖြစ်ပါ၏။ ယနေ့အထိ အထက်တွင်ဆိုခဲ့သလို ကျွန်တော်လည်း အမျိုးသမီးနှင့် ညစဉ်နီးပါး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်နေဆဲဖြစ်ပါသည်။ စိတ်အပန်းဖြေလိုသည့် ရည်ရွယ်ချက် ဆန္ဒဖြင့်ဖြစ်ပါ၏။ တစ်ခါတစ်ရံ ကျွန်တော်လည်း ခေါင်းငိုက်စိုက်ချလျက်ရှိသည့် လက်ဖက်ဆိုင်လေးအတွင်းမှ အခြားသောသူများအတိုင်း ပြုမူ၍နေမိတတ်ပြန်ပေသည်။ အခြားသောသူများ၏ ခေါင်းငိုက်စိုက်ချနေခြင်းများ၏ ဦးတည်ချက်အား ကျွန်တော်မသိပါသော်လည်း၊ ကျွန်တော်ကတော့ စာပေရေးသားခြင်း ယုံကြည်ချက်အတွက် အထောက်အကူဖြစ်စေနိုင်မည့် အချက်အလက်လေးတချို့အား ရှာဖွေနေမိခြင်းသာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ညစဉ်နီးပါး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်နေခြင်း၏ ကျွန်တော့်အဓိကရည်ရွယ်ချက်ကတော့ ဘဝအမောများအား ခဏတာမေ့ဖျောက်ခြင်းဖြင့် စိတ်အပန်းဖြေလိုခြင်းသာ ဖြစ်ပါသည်။ လက်ဖက်ရည်ဆိုင်လေးများ အတွင်းမှ အခြားသောသူများလည်း ထိုနည်းအတိုင်းသာ ဖြစ်ကြပါလိမ့်မည်။  ဖြစ်နိုင်လျှင်တော့ ယနေ့တိုးတက်ပြောင်းလဲနေသည့် လက်ဖက်ရည်ဆိုင်လေးများ၏ အပြင်အဆင်အတွင်းတွင် စာအုပ်အပြည့်နှင့် စာအုပ်စင်ကလေးများလည်း တည်ရှိ၍နေစေလိုပါသည်။ ဆိုင်ပိုင်ရှင်များကိုလည်း ထိုကဲ့သို့သော ဝန်ဆောင်မှုအား ပေးစေလိုပါ၏။ ဤသည်မှာ ညစဉ်လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တိုင်း တွေးတောဖြစ်ပေါ်နေမိသည့် ကျွန်တော့်၏ရိုးရှင်းလွန်းသည့် စိတ်ကူးဆန္ဒလေးတစ်ခုသာ ဖြစ်ပါပေတော့သည်။