အပြုသဘောဆောင်သည့် နိုင်ငံချစ်စိတ်

အပြုသဘောဆောင်သည့် နိုင်ငံချစ်စိတ်
Published 27 November 2019

နိုင်ငံတစ်နိုင်ငံနှင့် သက်ဆိုင်သော ကိုယ်ပိုင်အမှတ်လက္ခဏာ သို့မဟုတ် ယင်းကို သိမြင်မှုအား နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်လက္ခဏာဟု ခေါ်ဆိုခြင်းဖြစ်သည်။ ကွဲပြားခြားနားသော ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် နိုင်ငံရေးတို့ကို ကိုယ်စားပြုလျက် တစ်ခုလုံးကို ပေါင်းစည်းမှုတစ်ရပ်အဖြစ် နိုင်ငံတစ်နိုင်ငံဟု သိမြင်ခြင်းဖြစ်သည်။ လူတစ်ဦး၏ ဥပဒေအရ နိုင်ငံသားဖြစ်မှုနှင့်မဆိုင်ဘဲ နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်၍ လူတစ်ဦးက အခြားလူအုပ်စုတစ်စုနှင့် မျှဝေခံစားသော ဓမ္မဓိဋ္ဌာန်ကျသည့် ခံစားမှုတစ်ရပ်ကို နိုင်ငံ၏ကိုယ်ပိုင် အမှတ်လက္ခဏာဟု ရည်ညွှန်းနိုင်သည်။ စိတ်ပညာဆိုင်ရာအရ နိုင်ငံ၏ကိုယ်ပိုင် အမှတ်လက္ခဏာကို ကွဲပြားခြားနားမှုကို သိမြင်မှုတစ်ရပ်အဖြစ်လည်းကောင်း၊ “ကျွနု်ပ်တို့” နှင့် “သူတို့” ဟူ၍ ခံစားသိမြင်မှုတစ်ရပ်အဖြစ်လည်း ကောင်းရှုမြင်ကြသည်။ လူတစ်ဦးက နိုင်ငံ၏ကိုယ်ပိုင် အမှတ်လက္ခဏာနှင့် ပတ်သက်၍ ဖော်ထုတ်ပြသမှုကို အကောင်းဘက်မှကြည့်မြင်ပါက မျိုးချစ်စိတ်ဟု ခေါ်ဆိုကြသည်။ ယင်းကို မိမိနိုင်ငံနှင့်ပတ်သက်၍ ဂုဏ်ယူခြင်း၊ မိမိနိုင်ငံကို ချစ်မြတ်နိုးမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ခံစားချက်ရှိခြင်းတို့အဖြစ် သတ်မှတ်နိုင်သည်။

တိုင်းရင်းသားလူမျိုးစုအမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစု ကိုယ်ပိုင်အမှတ်လက္ခဏာအမျိုးမျိုးနှင့် နိုင်ငံ၏ ကိုယ်ပိုင်အမှတ်လက္ခဏာ အမျိုးမျိုးရှိသည့် နိုင်ငံများတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။ ယင်းပဋိပက္ခများကို တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံဆိုင်ရာ ပဋိပက္ခများဟု ရည်ညွှန်းခေါ်ဆိုကြသည်။ တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံဆိုင်ရာပဋိပက္ခများအနက် ထင်ရှားသောသာဓကတစ်ရပ်မှာ သြစတြေးလျအစိုးရနှင့် အဘိုရီဂျင်း တိုင်းရင်းသားတို့အကြားမှ တင်းမာမှုများဖြစ်သည်။ သြစတြေးလျအစိုးရနှင့်အတူ အများစုယဉ်ကျေးမှုသည် အများစုက ထောက်ခံသောမူဝါဒများနှင့် မူဘောင်များအတွင်း၌ ရှိသည်။ ယင်းသည် ဥရောပအခြေစိုက် ယဉ်ကျေးမှု၏ စံတန်ဖိုးများဖြစ်ပြီး အင်္ဂလိပ်ဘာသာသည် နိုင်ငံတော် ဘာသာစကား ဖြစ်သည်။ အဘိုရီဂျင်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို နိုင်ငံတော်က ထောက်ခံခြင်းမရှိဘဲ ၂၀ ရာစုအတွင်း လုံးဝနီးပါး အမြစ်ဖြတ်ခဲ့သည်။ ယင်းပဋိပက္ခများကြောင့် အဘိုရီဂျင်းတို့သည် သြစတြေးလျနိုင်ငံသား ဖြစ်ခြင်းဟူသော နိုင်ငံ၏ကိုယ်ပိုင် အမှတ်လက္ခဏာနှင့် မလျော်ညီဘဲ ၎င်းတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာသည် နိုင်ငံတော်နှင့် ပဋိပက္ခအသွင် ဆောင်နေခဲ့သည်။

၎င်းအပြင် ရွှေ့ပြောင်းနေထိုင်မှုများ မြင့်မားလာသောအခါ နိုင်ငံများစွာတို့သည် နိုင်ငံ၏ ကိုယ်ပိုင်အမှတ်လက္ခဏာရပ် တည်ဆောက်ရန်နှင့် ရွှေ့ပြောင်းအခြေချလာသူများနှင့် လိုက်လျောညီထွေရှိရန် စိန်ခေါ်မှုများကို ရင်ဆိုင်လာရသည်။ နိုင်ငံအချို့သည်ရွှေ့ပြောင်း အခြေချလာသူများအား ၎င်းတို့၏ အိမ်ရှင်နိုင်ငံနှင့် သက်ဆိုင်သောသိမြင်မှု ဖွံ့ဖြိုးလာအောင် အားပေးခြင်းဖြင့် ပို၍စည်းရုံးရေး သဘောဆောင်ကြသည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းလာသူများ အမြဲတမ်းနေထိုင်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။ ကနေဒါအစိုးရသည် ရွှေ့ပြောင်းလာသူများအား ကနေဒါနိုင်ငံနှင့် သက်ဆိုင်သောသိမြင်မှု မျိုးတည်ဆောက်ပေးရန် အားပေးပြီး ကနေဒါနိုင်ငံ၌ မွေးဖွားသူများနှင့် ရွှေ့ပြောင်းအခြေချလာသူများ နှစ်မျိုးစလုံးပါဝင်သည့် နိုင်ငံ၏ ကိုယ်ပိုင်အမှတ်လက္ခဏာရပ် သဘောတရားကို ပိုမိုကျယ်ပြန့်အောင် ထူထောင်ခဲ့သည်။

နိုင်ငံတော် အထိမ်းအမှတ်သင်္ကေတများ၊ ဘာသာစကား၊ နိုင်ငံ၏သမိုင်း၊ နိုင်ငံချစ်စိတ်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အစရှိသည့် လူတို့၏ နေ့စဉ်ဘဝအတွင်း ဘုံတူညီချက်များအဖြစ် တည်ရှိသည့်အရာများနှင့်ပတ်သက်၍ တိုက်ရိုက်ရလဒ်တစ်ခုအဖြစ် နိုင်ငံတစ်နိုင်ငံ၏ကိုယ်ပိုင်အမှတ်လက္ခဏာသည် စုပေါင်းအခြင်း အရာတစ်ရပ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ လူတစ်ဦးအနေဖြင့် နိုင်ငံနှင့်ပတ်သက်၍ ဂုဏ်ယူသော စိတ်အားဖြင့်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံအပေါ် ချစ်မြတ်နိုးသော အပြုသဘောဆောင်သည့် စိတ်ခံစားချက်အားဖြင့်လည်းကောင်း မိမိနိုင်ငံ၏ကိုယ်ပိုင် အမှတ်လက္ခဏာရပ်များကို ချစ်မြတ်နိုးမှုအား မျိုးချစ်စိတ်ဟု ခေါ်ဆိုနိုင်သည်။ မျိုးချစ်စိတ် နှင့်ပတ်သက်၍ အလွန်အကျွံဖြစ်လာသည့်အခါ လူမျိုးကြီးဝါဒ (Chauvinism) ဟု ခေါ်ဆိုသော မိမိနိုင်ငံ၊ မိမိလူမျိုးသာ ကြီးမြတ်သည်ဟု ထောင်လွှားမှုနှင့် (မည်သည့် ကိစ္စ၌မဆို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ) မိမိနိုင်ငံ၊ လူမျိုးအပေါ်သာ အလွန်အကျွံ သစ္စာရှိမှုတို့ကို ဖြစ်ပေါ်လာစေနိုင်သည်။

ထို့ကြောင့် နိုင်ငံအသီးသီး၌ နိုင်ငံ၏ကိုယ်ပိုင်အမှတ် လက္ခဏာကိုယ်စီရှိကြပြီး နိုင်ငံသားများအနေဖြင့် အပြုသဘောဆောင်သည့် နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်များ ထားရှိကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

နိုဝင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်