အာဏာကြီး သုံးရပ်နှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ

အာဏာကြီး သုံးရပ်နှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ
Published 26 November 2019

အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတစ်ခုကို စည်းကမ်းနည်းလမ်း ကျနစွာဖြင့် မောင်းနှင်ထိန်းသိမ်းနိုင်ရန် အတွက်လည်းကောင်း၊ ပြည်သူတို့၏ အကျိုးစီးပွား တိုးတက်မှုကို ကာကွယ်ရန်အတွက်လည်းကောင်း လိုအပ်သည့် အာဏာမျိုး ဖြစ်သည်။ အချုပ်အခြာပိုင်ဆိုင်မှု ရှိမှသာလျှင် မိမိတို့နိုင်ငံနှင့် နိုင်ငံသားများအကျိုးကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ခြင်းသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ အဓိက ၀ိသေသလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာအာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။

အချုပ်အခြာ အာဏာပိုင်နိုင်ငံဟူသည် ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာ သက်ရောက်မှု ရှိခြင်း၊ လူဦးရေ အတည်တကျ ရှိခြင်း၊ အုပ်ချုပ်သည့် အစိုးရရှိခြင်း၊ အခြားသော အချုပ်အခြာ အာဏာပိုင်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် အခြေအနေ ရှိခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသောနိုင်ငံကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားနိုင်ငံတစ်ခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်း ခံမနေရသော နိုင်ငံကို ခေါ်ဆိုခြင်း ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံသည် အခြားအချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခုကမျှ အသိအမှတ်မပြုဘဲ နိုင်ငံအဖြစ် ရပ်တည်နိုင်သော်လည်း စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် သံတမန်ဆက်ဆံရေးတို့တွင်မူ အခက်အခဲရှိမည် ဖြစ်သည်။

နိုင်ငံ (country) ဟူသည့် စကားလုံးကို အကြမ်းဖျင်းးအားဖြင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံများကို ရည်ညွှန်း သုံးနှုန်းကြသည်။ အစပိုင်းက နိုင်ငံဆိုသည်မှာ ပထဝီဒေသကိုသာ ရည်ညွှန်းသော်လည်း နောက်ပိုင်းတွင် အချုပ်အခြာအာဏာနှင့် ပထဝီအနေအထား ထိန်းချုပ်နိုင်မှုကိုပါ ရည်ညွှန်းလေသည်။ မည်သို့ပင်ဆိုစေကာမူ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု၌ အဓိကအာဏာ သုံးရပ် ရှိသည်။ ၎င်းတို့မှာ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ ဖြစ်ကြသည်။

အုပ်ချုပ်ရေး အာဏာ - အုပ်ချုပ်ရေး အာဏာကို ပြည်သူတို့ရွေးကောက်ထားသည့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲက ကိုင်တွယ်အုပ်ချုပ်သည်။ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ဝန်ကြီးချုပ်၊ သမ္မတစနစ် ကျင့်သုံးသည့် နိုင်ငံများတွင် သမ္မတများက အုပ်ချုပ်ရေး အကြီးအကဲအဖြစ်ဖြင့် ယင်းအုပ်ချုပ်ရေး အာဏာကို စွဲကိုင်ကျင့်သုံးသည်။

ဥပဒေပြုရေး အာဏာ - ဥပဒေပြုရေး အာဏာကိုမူ လူတစ်ဦးတစ်ယောက်၏ ဦးစီးမှုအောက်တွင် ထားလေ့မရှိဘဲ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်သို့ အပ်နှင်းထားသည်။ ထိုလွှတ်တော်၏ တာဝန်မှာ နိုင်ငံတွင် လိုအပ်သည့် ဥပဒေများကို အချိန်အခါနှင့် အခြေအနေအရ သတ်မှတ်ပေးရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ဥပဒေတစ်ရပ်ကို အတည်ပြု၊ မပြု မဲပေးခြင်းစနစ်ကို ကျင့်သုံးသည်။

တရားစီရင်ရေး အာဏာ - တရားစီရင်ရေး အာဏာကို တရားသူကြီးချုပ်နှင့် ဗဟိုတရားရုံးချုပ်အဖွဲ့ဝင် တရားသူကြီးများထံ အပ်နှင်းသည်။ ပြစ်မှုဆိုင်ရာ ကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှုနှင့် သက်ဆိုင်ရာ ဥပဒေသများကို ကျေညက်စွာ နားလည်မှုတို့ပေါ်တွင် မူတည်သဖြင့် တရားသူကြီးချုပ်ရာထူးကို ပြည်သူတို့ ရွေးကောက်ခြင်းဖြင့် ခန့်အပ်၍ မရနိုင်ပေ။ တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များကို နိုင်ငံ့အကြီးအကဲ (သမ္မတ/ဝန်ကြီးချုပ်)က ရွေးချယ်ပေးပြီး လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ခန့်အပ်လေ့ ရှိကြသည်။

မည်သို့ပင်ဆိုစေကာမူ ယင်းအာဏာ သုံးရပ်ကို ကောင်းစွာ ကျင့်သုံးနိုင်မှသာလျှင် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

နိုဝင်ဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်