AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဟု ထုတ်ပြန်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအနက် ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်ခုနစ်ဦး၏သတင်းကို တစ်လနီးပါးကြာသည်အထိ မသိရသေး

AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဟု ထုတ်ပြန်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအနက် ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်ခုနစ်ဦး၏သတင်းကို တစ်လနီးပါးကြာသည်အထိ မသိရသေး
ပြန်လည်လွတ်မြောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့)
ပြန်လည်လွတ်မြောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့)
Published 26 November 2019
အောင်ထက်ခိုင်

AA ကပြန်လွှတ်ပေးလိုက်ပြီဟု ထုတ်ပြန် ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအနက် ကျန်ရှိနေသည့်တပ်ဖွဲ့ဝင် ခုနစ်ဦး၏သတင်းကို တစ်လနီးပါးကြာသည်အထိ မသိရသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မီးသတ်တပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၆ ရက်တွင် AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းများထွက်ပေါ်လာပြီး အောက်တိုဘာ ၇ ရက်တွင် ရခိုင်ပြည်နယ် မီးသတ်ဦးစီးရုံးသို့ ပြန်လည်ရောက်ရှိလာကြောင်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

AA အဖွဲ့က ပြန်လွှတ်ပေးလိုက်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှာ ၁၈ ဦးရှိသော်လည်း မီးသတ်သို့ ပြန်လည်ရောက်ရှိလာသည်မှာ ၁၁ ဦးသာရှိသေးပြီး ကျန်ခုနစ်ဦး၏သတင်းအား မရရှိသေးကြောင်း နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကျန်တဲ့ခုနစ်ယောက်သတင်းက ဘာမှမထူးဘူး။ တစ်လပြည့်တော့မယ် ဘာသတင်းမှကို အခုထိမကြားရသေးဘူး” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များမှာ အောက်တိုဘာ ၁၀ ရက်က မန္တလေးမြို့မှ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် ရွှေပြည်သစ်မော်တော်ယာဉ်လိုင်းနှင့် လိုက်ပါလာစဉ် မြောက်ဦးမြို့အလွန် သုံးမိုင်ခန့်အကွာ လင်း မြွေတောင်အရောက်တွင် လက်နက်ကိုင်အဖွဲ့ ၁၁ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် အများစုမှာ မီးသတ်တပ်သားအဆင့်များဖြစ်ပြီး ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်းတွင် အခြေခံမီးသတ်ပညာသင်တန်း တက်ရောက်ရာမှ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ရာ ၎င်းတို့အား သွားရောက်ကြိုဆိုသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူးလည်း အဖမ်းခံခဲ့ရသည်။ ပြန်လည်လွတ်မြောက်လာသည့် ၁၁ ဦးမှာ မီးသတ်တပ်သားများဖြစ်ကြောင်း သိရသည်။

အဖွဲ့က ပြန်လွှတ်ပေးလိုက်သူများကို လက်တလောတွင် ကျန်းမာရေးနှင့် စိတ်ဒဏ်ရာများ ကောင်းမွန်စေရေးအတွက်ကို ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကြပ်မတ်ကြည့်ရှုစောင့်ရှောက်လျက်ရှိသည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၆ ရက်ကလည်း ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင်  ရွှေနဒီ  ရှပ်ပြေးအမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများအပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများ စုစုပေါင်း ၅၈ ဦးကို AA လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

AA အဖွဲ့က အစိုးရဝန်ထမ်းများအား ဖမ်းဆီးမှုမှာ အောက်တိုဘာလအတွင်း နှစ်ကြိမ်မြောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ ရွှေနဒီရှပ်ပြေးအမြန်ယာဉ်ပေါ်မှ ခရီးသည်အရပ်သား ၂၅ ဦးအား AA က နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာ့တပ်မတော်မှ စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သူ အများအပြားသေဆုံးရပြီး ၎င်းတို့ တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးခဲ့ရကြောင်း AA က အောက်တိုဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

AA အဖွဲ့မှာ လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရခိုင်၊ ခူမီး၊ မြို၊ သက်၊ မြာ၊ လင်းကြဲတို့အပြင် အခြားသော လူနည်းစုမျိုးနွယ်စုများအကြား အမုန်းစကားများ ပြောဆိုကာ သွေးခွဲနေခြင်း၊ သွေးထိုးလှု့ံဆော်နေခြင်း၊ အထူးသဖြင့် ရခိုင်မျိုးနွယ်စုအပေါ် နှိပ်ကွပ်ရန်ကြိုးစားနေခြင်း AA ၏ စစ်ရေးကဏ္ဍများကို အနှောင့်အယှက်ပြုရန် ကြိုးစားခြင်း၊ ပလက်ဝဒေသအတွင်းရှိ ရခိုင်လူမျိုးများအား AA နှင့်ဆက်စပ်ပတ်သက်နေသည်ဟူသော တိုင်တန်းချက်မျိုးဖြင့် အခက်ကြုံအောင်ပြုလုပ်နေခြင်း၊ စစ်တပ်၏ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေခြင်းများကြောင့် ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ထားသည်။                               

 

 

Most Read

Most Recent