ဝန်ထမ်းငယ်များနဲ့ သာမန်ပြည်သူတွေ ဝယ်ယူဖို့ အခက်ကြုံနိုင်တဲ့ နေပြည်တော်စည်ပင်က ရောင်းချမယ့် မြေကွက်များ

ဝန်ထမ်းငယ်များနဲ့ သာမန်ပြည်သူတွေ ဝယ်ယူဖို့ အခက်ကြုံနိုင်တဲ့ နေပြည်တော်စည်ပင်က ရောင်းချမယ့် မြေကွက်များ
နေပြည်တော်တွင် လူစည်ကားရာ နေရာတစ်ခုဖြစ်သော သပြေကုန်း ရပ်ကွက်ကို တွေ့ရစဉ်
နေပြည်တော်တွင် လူစည်ကားရာ နေရာတစ်ခုဖြစ်သော သပြေကုန်း ရပ်ကွက်ကို တွေ့ရစဉ်
Published 24 November 2019
အောင်မင်းသိန်း

နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရောင်းချပေးမယ့် ဒက္ခိဏသီရိ မြို့နယ်က မြေကွက်တွေကို ဝယ်ယူဖို့ ဝန်ထမ်းငယ်တွေနဲ့ သာမန်ပြည်သူတွေအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်အချို့ကြောင့် ဝယ်ယူနိုင်ဖို့ အခက်အခဲကြုံရနိုင်တယ်လို့ နေပြည်တော် အိမ်ခြံမြေစျေးကွက်မှ သိရပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ရောင်းချမယ့် မြေကွက်တွေကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားတဲ့လူတွေ ရှိနေပေမယ့် စည်ပင်က သတ်မှတ်ထားတဲ့ အချက်များထဲက တစ်ချက်ဖြစ်တဲ့ မြေကွက်စတင်ချထားတဲ့ နေ့မှ ခြောက်လအတွင်း ခြံစည်းရိုးကာရံခြင်း ကိုဆောင်ရွက်ပြီး တစ်နှစ်အတွင်း နေအိမ်အပြီးဆောက်လုပ်ရမည်ဆိုတဲ့အချက်က ဝန် ထမ်းငယ်တွေနဲ့ သာမန်ပြည်သူတွေ ဝယ်ယူဖို့ အတွက် အဟန့်အတားတစ်ခုသဖွယ်ဖြစ် နေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

“ဝယ်ယူသူတွေအတွက် အဆင်ပြေနိုင်ပါ့မလားဆိုတော့ အဲဒီကန့်သတ်ချက်တစ်ခုကြောင့်လည်း ဝယ်ယူသူတွေကလည်း တုံ့ဆိုင်းနေမယ့် သဘောလည်းပါမှာပဲ။ ပါမှာပဲ ဆိုတာက Home Loan နဲ့ ဝယ်မယ့်သူကတော့ အိမ်ဆောက်တာရော၊ မြေဝယ်တာရော နိုင်ငံတော်က အကုန်လုံးလုပ်ပေးမယ်ဆိုရင်တော့ သူကတော့ နေစရာထိုင်စရာပြီး ခုနက အိမ် ဆောက်တဲ့ကိစ္စက ပြေလည်သွားမယ်။ တကယ် ၂၅၀ နဲ့ တကယ်ပေးဝယ်ပြီးတော့ အိမ်ကတော့ နောက်မှပဲ ဖြည်းဖြည်းချင်း ဆောက်မယ်ဆိုတဲ့ လူကတော့ မဲနှိုက်ပြီးတော့ ရတဲ့မြေကွက်ကို ချက်ချင်းသူဆောက်နိုင်မှာ မဟုတ်ဘူး” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ်။

မြေကွက်တွေကို ဝယ်ယူရာမှာ Home Loan နဲ့ဝယ်ယူခြင်းမဟုတ်တဲ့ ဝယ်ယူသူတွေ အတွက် အိမ်ဆောက်ရန် ငွေကြေးအခက်အခဲ ရှိနိုင်ပြီး ဘဏ်ကို အကူအညီတောင်းပါက ထိုက်သင့်တဲ့ အတိုးနှုန်းပေးရမယ်ဆိုတဲ့ အတွက် စည်ပင်က ရောင်းချမယ့် မြေကွက် တွေကိုဝယ်ယူဖို့ တွက်ချက်စဉ်းစားမယ့်လူ တွေလည်း ရှိနိုင်တယ်လို့ ဦးကျော်စွာမြင့်က ဆိုပါတယ်။

ဦးကျော်စွာမြင့်က “အဲဒါလေးတော့ နည်းနည်းလေး ချက်ချင်းလက်ငင်းကြီး အကောင်အထည်ဖော်ဖို့ကျတော့ Customer အနေနဲ့ ခက်ခဲလိမ့်မယ် အဲဒီကိစ္စက။ အဲဒီ အတွက် အဝယ်မှာကျတော့ နည်းနည်းတုံ့ ဆိုင်းနေလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ရောင်းချဖို့ ကြေညာထားတဲ့ မြေကွက်တွေက ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရောင်းချရာမှာ ကျန်ရှိနေတဲ့ မြေကွက်တွေဖြစ်ပြီး လမ်းမကြီးနံဘေး မြေကွက် တွေ၊ နေရာကောင်း မြေကွက်တွေ သိပ်မပါဝင်တော့ဘဲ ရပ်ကွက်အတွင်းပိုင်းမြေကွက်တွေ အများဆုံးပါဝင်နေတယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်က နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်တွင် မြေကွက်ဝယ်ယူ၍ နေအိမ်ဆောက်လိုသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား မည်သူမဆို အဆင်ပြေစွာဖြင့် မြေကွက်ဝယ်ယူနေထိုင်နိုင်ရေးအတွက် ပေ(၈၀x၈၀) မြေကွက်လပ်များရှိသည့်အနက် ပထမအကြိမ်အဖြစ် မြေ ကွက်လွတ် ၁၉၇ ကွက်ကို ၂၀၁၉ ခုနှစ် ဒီဇင် ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ မြေကွက်တစ်ကွက်လျှင် ယခင်သတ်မှတ်စျေးနှုန်း ကျပ် ၃၅၀ သိန်းမှ ကျပ် ၂၅၀ သိန်းသို့စျေးနှုန်း လျှော့၍ ရောင်းချသွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ Facebook တွင် စတင်ကြေညာခဲ့ပါတယ်။

ယင်းကြေညာချက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေက စျေးနှုန်းမြင့်မားနေတာကြောင့် သာမန်ပြည်သူတွေနဲ့ ဝန်ထမ်းတွေအတွက် ဝယ်ယူရန် အနားမကပ်နိုင်တဲ့ စျေးနှုန်းတွေ ဖြစ်နေကြောင်းနဲ့ အောက်ခြေလူတန်းစားတွေ ဝယ်ယူနိုင်မယ့် စျေးနှုန်းဖြစ်ဖို့ ပြင်ဆင်ပေးလိုတယ်ဆိုတဲ့ မှတ်ချက် ပေးသူများလည်း ရှိနေပါတယ်။

“ဝန်ထမ်းတောင်မှ သူက  လစာများတဲ့ ဝန်ထမ်းအကြီးတွေလောက်ပဲ ဒီကောင်က သုံးနိုင်မှာလေ အနေအထားက။ သုံးနိုင်မှာဆို တော့ ခုနကပြောတဲ့ Home Loan ကိစ္စတွေ ပေါ့။ ဘဏ်နဲ့ အိမ်ရာချေးငွေယူပြီးတော့ ဆောက်တဲ့ကိစ္စတွေ။ အဲဒီကိစ္စတွေမှာ ဝန်ထမ်းအကြီးတွေလောက်ပဲ အဆင်ပြေလိမ့်မယ်ထင်တယ်။ ဝန်ထမ်းအငယ်တွေအတွက်ကတော့ အဆင်မပြေလောက်ဘူး။ ဝန်ထမ်း အငယ်တွေအတွက်ကိုတော့ ရန်ကုန်လိုမျိုး စုပေါင်းအိမ်ရာတိုက်ခန်းတွေလိုမျိုးမှာ ၁၀၀၊ ၁၅၀ တန်လောက်တွေ ဖန်တီးပေးရန်တော့ အိမ်လေးလည်း ရသွားမယ်။ နေစရာလေးလည်း ရသွားမယ်။ စုပေါင်းအိမ်ရာစနစ်တွေ အဲဒါအကောင်အထည် ဖော်ပေးနိုင်တယ်ဆို ရင်တော့ ဝန်ထမ်းအငယ်တွေအတွက် အဆင် ပြေလိမ့်မယ်” လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်းရဲ့ အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့လိုနေရာမှာ မြေကွက်အလွတ်ကို ကျပ် သိန်း ၂၅၀ နဲ့ ဝယ်ယူပြီး အိမ်ဆောက်မယ်ဆိုရင်လည်း သိန်း ၂၅၀ နီးပါး ကုန်ကျနိုင်တာကြောင့် ရာထူးကြီးတဲ့ ဝန်ထမ်းတွေလောက်သာ Home Loan ကိစ္စကို စိတ်ဝင်စားနိုင်ပြီး ဝန်ထမ်းငယ် တွေနဲ့ သာမန်ပြည်သူတွေအတွက်ကတော့ ဝယ်ယူဖို့ အလှမ်းဝေးနေ သေးတယ်လို့လည်း ဝေဖန်နေကြပါတယ်။

ဦးကျော်စွာမြင့်က “ဝန်ထမ်းအငယ်တွေ ကတော့ အနားကပ်နိုင်ဖို့ကိုက တော်တော်ကြီးကို  အလှမ်းဝေးနေတယ်။ သူတို့ရတဲ့လစာလေးနဲ့ပေါ့။ ဝန်ထမ်းအငယ်တွေအတွက်ကို အကြံပြုချင်တာက တိုက်ခန်းတွေကို၊ စုပေါင်း အိမ်ရာတိုက်ခန်းတွေကို အကောင်အထည် ဖော်ပေးနိုင်ရင်တော့ ဝန်ထမ်းတွေအတွက် နောင်တစ်ချိန်အတွက် နေစရာထိုင်စရာလေးရှိမယ်။ အဲဒါအပြင် သူတို့သုံးတဲ့ငွေလေးလည်း ၁၀၀၊ ၁၅၀ နဲ့ နေရာလေးလည်းရတယ်ပေါ့။ မြေတော့ မပိုင်ဘူးပေါ့။ အခု ဒက္ခိဏလိုမျိုး ကျတော့ ဝန်ထမ်းငယ်တွေအတွက်ကျတော့ လုံးဝ သူတို့အတွက်ကတော့ အဆင်မပြေနိုင် ပါဘူး” လို့ ပြောပါတယ်။

နေပြည်တော် အိမ်ခြံမြေစျေးကွက်ရဲ့ လက်ရှိအခြေအနေကတော့ စျေးနှုန်းအတက်အကျ သိပ်ရှိဘဲ အရောင်းအဝယ်ပုံမှန်ရှိနေပြီး နေပြည်တော်စည်ပင်က ရောင်းချပေးမယ်ဆိုတဲ့ မြေကွက်တွေနဲ့ပတ်သက်ပြီး လာရောက် စုံစမ်းမေးမြန်းမှုတွေလည်း ရှိတယ်လို့ နေပြည်တော်တွင် အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“ရှိပါတယ်ဆိုတာက ဒီမြေကွက်တွေကို သတင်းကို စောင့်နေတဲ့လူတွေကလည်း များတာဆိုတော့ ရှိပါတယ်။ သူတို့ရောင်းမယ့် ၁၉၇ ကွက်ကလည်း  အပြင်ပေါက်စျေးလောက်ပဲ သွားမှာပေါ့။ တချို့ နေရာနည်းနည်း ကောင်းတဲ့ကောင်ကတော့ ၂၅၀ ထက် အပြင် ပေါက်စျေးမှာ ပိုဝယ်ရမှာတွေတော့ ရှိတာပေါ့” လို့ နန်းရွှေပြည် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်မြို့အတွင်းသို့ ဝင်ရောက်ရာမှာ ပထမဦးဆုံးတွေ့ရတဲ့ မြို့ ဖြစ်ပြီး ပြီးခဲ့တဲ့အစိုးလက်ထက်က အကွက်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒက္ခိဏမြို့နယ်ထဲမှာ စက်မှုဇုန်တစ်ခုလည်း တည်ဆောက်ထားကာ လုပ်ငန်းအချို့ လည်ပတ်ကြောင်း သိရပါတယ်။

ဒက္ခိဏသီရိမြို့နယ်ရှိ မိန်းလမ်းကြီးများ နံဘေးတည်ရှိသော မြေကွက်များရဲ့ ပေါက်စျေးက ကျပ်သိန်း ၄၅၀၊ ၄၀၀ ခန့် ပေါက်စျေးရှိပြီး ကန်ထရိုက်ဖြင့် တည်ဆောက်ထားတဲ့ အိမ်ပါဝင်ပါက ကျပ်သိန်း ၁၀၀၀ နီး ပါး ပေါက်စျေးရှိနေတယ်လို့ ဒက္ခိဏသီရိမြို့မှာ နေထိုင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးယုယချစ်က ပြောပါတယ်။

“ဒါပေမဲ့ ပေါက်နေတာလေ။ လော လောဆယ် အရောင်းအဝယ်မဖြစ်တာက နှစ်နှစ်လောက်ရှိသွားပြီ။ ရောင်းတဲ့လူကလည်း သူအော်ချင်တဲ့စျေးအော်တာပဲ။ ကျွန်တော့်အနောက်ဘက်က အိမ်ဆိုရင် ၁၂၀၀ နဲ့ ရောင်းမှာကို ပေ ၈၀ ပတ်လည် အိမ်ဝိုင်းတစ် ၀ိုင်းလုံး သမံတလင်းခင်းပြီးသား။ အဲယားကွန်း ငါးလုံးပါတယ်။ အခန်းတွေ အများကြီးပါတယ်။ အဲဒါကို ၁၂၀၀ နဲ့ ရောင်းမှာကို ဝယ်မယ့်လူမရှိဘူး” လို့ ဦးယုယချစ်က ပြောပါတယ်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၂၅၀ နှုန်းဖြင့် ရောင်းချမယ့်မြေကွက်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားသူတွေ ရှိနိုင်သော်လည်း ပေးသွင်းရမည့် စျေးနှုန်း၊ စည်းကမ်း သတ်မှတ်ချက်တွေကြောင့် ဝန်ထမ်းငယ်တွေနဲ့ သာမန်ပြည်သူတွေ အတွက်ကတော့ အခက်အခဲတွေ ရှိနေ တယ်လို့ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။

နေပြည်တော်စည်ပင်က ရောင်းချသည့် မြေကွက်များသည် ပေ (၈၀ x ၈၀) မြေကွက် တစ်ကွက်ကို ကျပ်သိန်း ၂၅၀ ဖြင့် သတ်မှတ် ရောင်းချမယ်လို့ ကြေညာထားတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိတဲ့ ရာဇသင်္ဂဟ အိမ်ရာ (၂) နဲ့ အိုရှင်းစင်တာ အနီးမှာရှိတဲ့ မြေဧက ၉၀ ကျော်ကို ကျပ်သိန်း ၄၅၀၀ နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတည်ဆောက်ရန် ဝယ်ယူခဲ့သည့် မြေတစ်ဧက ကျပ်သိန်း ၅၀ နှုန်းသာ ကျသင့်မှုနှင့် နှိုင်းယှဉ်ဝေဖန်နေမှုများလည်း ရှိနေပါတယ်။

 

 

Most Read

Most Recent