၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့လက်ဝယ်သို့ ငြိမ်းချမ်းရေးပေးအပ်နိုင်ရေး မည်သို့ဆောင်ရွက်ကြမည်နည်း

၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့လက်ဝယ်သို့ ငြိမ်းချမ်းရေးပေးအပ်နိုင်ရေး မည်သို့ဆောင်ရွက်ကြမည်နည်း
 အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့တို့ ကျိုင်းတုံတွင် သြဂုတ် ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေစဉ်
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့တို့ ကျိုင်းတုံတွင် သြဂုတ် ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေစဉ်
Published 24 November 2019
မင်းနိုင်စိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းဖူးသည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းဗဟိုဌာန (၂) ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံတတိယအစည်းအဝေး ဖွင့်ပွဲကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA သုံးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါသီးသန့်အစည်းအဝေးတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်း၏မိန့်ခွန်းတွင် ၂၀၂၀ ပြည့်နှစ်၌ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင် ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“တပ်မတော်အနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။   

ယခုအခါ ၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီကာလအတွင်း ၂၀၂၀ ပြည့်နှစ်သို့ ရောက်ရှိတော့မည်ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်အပေါ် ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပြီဖြစ်သည်။

၂၀၁၈ ခုနှစ်သည် NLD အစိုးရလက်ထက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြဖွယ်ရာ အကြောင်းအရာများစွာဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းသုံးလတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ရသည့် အဓိကအကြောင်းရင်းသည် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် ပြောဆိုဆွေးနွေးမှုများမှ အရင်းခံလာခဲ့ခြင်းဖြစ်ပြီး ယင်းသီးသန့်အစည်းအဝေး၏ အကျိုးဆက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့သည့်အထိ ရိုက်ခတ်ခဲ့သည်။

NCA အရ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် သဘောတူညီထားပြီး ထိုသို့ တည်ဆောက်ရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုရမည်ဟု တပ်မတော်က ယူဆသည်။

နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုဟူသော လောကပါလ တရားသုံးပါးကို အခြေခံရမည်ဖြစ်ပြီး အာမခံချက်သုံးခုမှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြစ်သည်သော်လည်း အဆိုပါအချက်များရရှိရန် လိုက်နာရမည့်အချက်မှာ တို့တာဝန်အရေးသုံးပါးဟု တပ်မတော်က ကိုင်စွဲထားသည်။         

အဆိုပါထိပ်သီးအစည်းအဝေးတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အယူအဆကွဲပြားခဲ့ကြသည့် အဓိကအကြောင်းအရာများအဖြစ် ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များက ခွဲမထွက်ရေးကို အာမခံချက်ပေးနိုင်မှ တပ်မတော်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပေးအပ်မည့် အလဲအလှယ်သဘောတရားများ ပါဝင်လာခဲ့သည်။

ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကျယ်တဝင့် ပြောကြားခဲ့ပြီးနောက် တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအကြား မူဝါဒမတူညီမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ KNU ဗဟိုဌာနချုပ် ဘားအံခရိုင်၊ လေးဝါးတွင် ပြုလုပ်ခဲ့ပြီး အဆိုပါအရေးပေါ်အစည်းအဝေးတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော သီးသန့်အစည်းအဝေး အခင်းအကျင်း၏ အားနည်းချက်များနှင့် အားသာချက်များကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအနေဖြင့် NCA အပေါ် နားလည်မှုကွဲလွဲမှုများရှိနေပြီး အဆိုပါကွဲလွဲမှုများကို ဖြေရှင်းရန်ထက် ရှောင်ကွင်းပြီး မိမိတို့ နားလည်သလို အကောင်အထည်ဖော်နေမှုများကြောင့် ရှုပ်ထွေးမှုများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်နေသည်ဟု KNU က ယူဆခဲ့သည်။

ထို့ပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ဆောင်ရာတွင် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည့်အပြင် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ယန္တရားများ၊ ဘုံမျှော်မှန်းချက်နှင့် ဘုံစံတန်ဖိုးများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စရပ်များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်နေသူများအကြား တည်ဆောက်ရမည်ဟု KNU က လက်ခံယုံကြည်ထားသည်။

2.jpg

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံဆွေးနွေးစဉ်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းနေချိန်တွင် အစိုးရနှင့် တပ်မတော်ဘက်က NCA စာချုပ်တွင် ပါဝင်ခြင်းမရှိသော ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များကို ဆွေးနွေးရန် နေပြည်တော်သီးသန့်အစည်းအဝေးတွင် တင်သွင်းလာသည်ဟု KNU က သတ်မှတ်သည်။ 

ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးတို့တွင် အစိုးရနှင့် တပ်မတော်တို့၏ ကြိုတင်သတ်မှတ်ချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သဘောတူ လက်ခံမှသာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် သုံးပွင့်ဆိုင် သဘောတူညီထားသည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးမည့် သဘောသက်ရောက်မှုများရှိနေသည်ဟု KNU က ယူဆသည်။

KNU အနေဖြင့် လုံခြုံရေးစနစ်ကို ကျေကျေလည်လည် ဆွေးနွေးပြီးမှသာလျှင် တစ်ခုတည်းသော တပ်မတော်ကဲ့သို့သောကိစ္စကို ဆက်လက်ဆွေးနွေးရမည်ဖြစ်သည်ဟု KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးက သုံးသပ်သည်။

KNU သည် NCA စာချုပ်ပါ တစ်ခုတည်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားမည်ဟု KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးက ကြေညာသည်။

ထိုသို့ လုပ်ဆောင်ရာတွင် KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာ၌ အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်ရန်နှင့် KNU အဖွဲ့အစည်းတစ်ခုလုံး တညီတညွတ်တည်း ပါဝင်ရေး လုံလောက်သည့်ကာလ တစ်ခုယူရန် လိုအပ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် KNU ၏ ပါဝင်မှုကို ယာယီရပ်ဆိုင်းပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများမှတစ်ဆင့် အဖြေရှာသွားမည်ဟု KNU က ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာသည် KNU အရ လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြောင်းအလဲနှင့် စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ အမျိုးမျိုးသော စိန်ခေါ်မှုများ ရှိနေဆဲပင်ဖြစ်သည်။

နိုဝင်ဘာ ၁၀ ရက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပါဝင်တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း KNU က ကြေညာခဲ့သကဲ့သို့ နိုဝင်ဘာ ၁၂ ရက်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ကလည်း  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့် အစည်းအဝေးများတွင် အစိုးရနှင့် RCSS တို့ အကြား ချုပ်ဆိုခဲ့သည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်များနှင့် ပတ်သက်၍ တပ်မတော်နှင့် RCSS တို့အကြား အဓိပ္ပာယ် ဖွင့်ဆိုရာတွင် နားလည်မှုကွဲနေပြီး JMC ၏ အဆင့်ဆင့်သော အစည်းအဝေးများတွင် အဆိုပါကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိဟု RCSS က ယူဆသည်။

ထို့ပြင် တပ်မတော်သည် ၎င်းတို့ နားလည်သည့်အတိုင်း RCSS အဖွဲ့အပေါ် တစ်ဖက်သတ် အပြစ်ပုံချ ဆွေးနွေးမှုများ ရှိနေသည့်အတွက် နှစ်ဖက်ချုပ်ဆိုထားသော အပစ်ရပ် စာချုပ်များအပေါ် နားလည်မှု ရှိစေရန်အတွက် အစိုးရ၊ တပ်မတော်နှင့်  RCSS အကြား ပြန်လည်တွေ့ဆုံ ဆွေးနွေးရန် လိုအပ်သည်ဟု RCSS အဖွဲ့က ယူဆသည်။

ထို့ကြောင့် တပ်မတော်နှင့် RCSS တို့ နှစ်ဖက်ဆွေးနွေးမှု ရလဒ်များအပေါ် မူတည်၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အဆင့်ဆင့်သော အစည်းအဝေးများ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်သွားမည်ဟု RCSS က ကြေညာခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်၏ ဖွဲ့စည်းပုံများ၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းလမ်းညွှန်များအား ပြန်လည်ပြင်ဆင်ရန် လိုအပ်သကဲ့သို့ NCA ပါအတိုင်း JMC အဆင့်ဆင့်တွင် နိုင်ငံတကာ၏ ပါဝင်မှုအခန်းကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း RCSS က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နေပြည်တော် သီးသန့်အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် ခွဲမထွက်ရဟူသော အချက်သည် NCA တွင် ပါဝင်ခြင်းမရှိသဖြင့် RCSS သည် NCA အတိုင်းသာ ရပ်တည်သွားမည်ဖြစ်သကဲ့သို့ တစ်ခုတည်းသော တပ်မတော်ဟူသော ကိစ္စရပ်နှင့်ပတ်သက်၍လည်း တပ်မတော်နှင့် RCSS တို့အကြား အလွတ်သဘော ဆွေးနွေးပွဲများမှသာ အဖြေရှာသွားရန် RCSS ၏ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့တွင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုဖြစ်သည့် KNU နှင့် RCSS တို့က NCA အရ ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ယန္တရားများမှ ပါဝင်ရေးကို ဖြတ်တောက်ခဲ့ပြီးနောက်တွင်မူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်ရှိအချိန်အထိ တစ်နှစ်ကျော်ကြာ ရပ်တန့်သွားခဲ့ရသည်။

ထို့သို့ ရပ်တန့်သွားခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရသည် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ဖြစ်စေ၊ KNU တို့နှင့်ဖြစ်စေ အလွတ်သဘော တွေ့ဆုံမှုများကို ပြည်တွင်းတွင် လည်းကောင်း၊ ပြည်ပတွင် လည်းကောင်း  ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင် ရာ တစ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အဖြေရှာခဲ့သော်လည်း ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော အချက် သုံးချက်နှင့်ပတ်သက်၍မူ အဖြေရှာတွေ့သည့် အနေအထား မရှိခဲ့ပေ။

ထို့ကြောင့် အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရန်အတွက် လမ်းကြောင်းအသစ်တစ်ခု ရှာဖွေခဲ့သကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း NCA အရ သွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးသွားခြင်းမျိုး မဖြစ်စေရန် လမ်းကြောင်းအသစ် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အပြည့်အဝ အာရုံစိုက်နိုင်မည့်အနေအထား မဟုတ်သည့်အတွက် အကျပ်အတည်းများကြားမှ လိပ်ခဲတည်းလည်း သွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးသွားမည်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း စိုးရိမ်မှုရှိနေသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စိုးရိမ်မှုကို  ဖြေလျှော့ပေးရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့သည့် အချက် သုံးချက်နှင့်ပတ်သက်၍ အဖြေမရှာတော့ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပျက်မစီးဘဲ ရှေ့ဆက်သွားမည့်ပုံစံမျိုးကို အစိုးရက အာမခံချက် ပေးလာသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စိုးရိမ်မှုကို အစိုးရက လမ်းကြောင်းသုံးကြောင်းဖြင့် လျှော့ချရန် စီစဉ်ထားသည်။

ပထမလမ်းကြောင်းသည် NCA စာချုပ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းပြီး မူဘောင်သဘော တူညီချက်များကို ရယူမည်ဖြစ်ကာ အဆိုပါ သဘောတူညီချက်များသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်၏ ပထမပိုင်း ဖြစ်လာမည်ဖြစ်သည်။

ဒုတိယလမ်းကြောင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေးမှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၅၁ ချက် ရရှိထားပြီး စတုတ္ထအစည်းအဝေး မတိုင်မီ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များအကြား အခြေခံမူများ ရနိုင်သမျှ ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကာ ထိုသို့ရရှိလာသော သဘောတူညီချက်များနှင့် အခြေခံမူ ၅၁ ချက်တို့သည် ပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ ဒုတိယပိုင်း ဖြစ်လာမည်ဖြစ်သည်။  

တတိယလမ်းကြောင်းအဖြစ် အစိုးရက ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေး အစီအစဉ်များကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဘုံသဘောတူညီချက်များ ရယူသွားမည်ဖြစ်ပြီး ထိုသို့အဆင့်လိုက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရရှိလာသော သဘောတူညီချက်များသည် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ တတိယပိုင်း ဖြစ်လာမည်ဖြစ်သည်။

အစိုးရ၏ ယင်းလုပ်ငန်းစဉ် သုံးရပ်နှင့်ပတ်သက်၍ အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် NCA စာချုပ် လေးနှစ်ပြည့် အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စိုးရိမ်မှုကို လျှော့ချပေးခဲ့သည်။ 

ထို့ပြင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ပြည်သူလူထုက ငြိမ်းချမ်းရေး အသီးအပွင့်များကို ရရှိခံစားနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ယင်းကိစ္စသည် NCA စာချုပ်ပါ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးရေး စသည့် ကြားကာလ အစီအစဉ်များ ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ် လေးနှစ်ပြည့် အခမ်းအနားအလွန်တွင် တစ်နှစ်ကျော်ကြာ ရပ်တန့်နေခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား JICM  အစည်းအဝေး ခေါ်ယူခြင်းမှ ပြန်လည်စတင်ရန် ပစ်မှတ်ထား ဆောင်ရွက်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းအစည်းအဝေးမှာ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးပေ။

ယခု လတ်တလော မကြာသေးမီကာလအတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးတွင် JICM အစည်းအဝေးအား အမြန်ဆုံးစတင်ရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အဆိုပြုခဲ့သည်။

JICM အစည်းအဝေး ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ပြီး PPST အစည်းအဝေးကို ဒီဇင်ဘာ ပထမပတ်တွင် ပြုလုပ်ရန် လျာထားသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အလွတ်သဘော တွေ့ဆုံမှုများမှ သဘောတူညီချက်များအရ PPST အစည်းအဝေး အလွန်တွင် JICM အစည်းအဝေး ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးအလွန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံစတုတ္ထ အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလလယ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလလယ်အကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ယန္တရားများမှ ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းထားသည့် KNU နှင့် RCSS တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘောတွေ့ဆုံမှုများ ကြိမ်ဖန်များစွာ ပြုလုပ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံး တိုးတက်မှု ဖြစ်စဉ်အဖြစ် KNU အဖွဲ့၏ ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်မှ ၂၂ ရက် အထိ KNu ဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးက ၎င်းတို့ ယာယီ ရပ်ဆိုင်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်တက်ရောက်ရန် သဘောဆောင်သည့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို KNU က ထုတ်ပြန်ခဲ့သည်။

 KNU ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်မှန်ကန်ကန်ဖြင့် အောင်မြင်ရေးဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင်လည်း NCA စာချုပ်ပါအတိုင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကာ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးသည် ခိုင်မာရန် လိုအပ်သည် ဟု KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

နောက်ဆုံးဖြစ်ပေါ်တိုးတက်ခဲ့သော အခြေအနေများအရ မကြာမီ ကာလအတွင်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်ရန် မျှော်လင့်နိုင်သည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

အစိုးရအနေဖြင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရန် ကြိုးပမ်းနေသကဲ့သို့ တစ်ဖက်တွင်လည်း NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NCA စာချုပ်ချုပ်ဆိုရန် သို့မဟုတ် အပစ်ရပ်စာချုပ်များ ချုပ်ဆိုရန် ကြိုးစားနေသည်။

သို့သော်လည်း NCA လက် မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA အကြား တိုက်ပွဲများမှာ ရှမ်းမြောက်ဒေသတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရာနှင့်ချီသော စစ်ဘေးရှောင်များ ရှိနေသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်ခန့်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အဆိုပါတိုက်ပွဲများ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် နှစ်ဖက်ထိခိုက်သေဆုံးမှုများ၊ အရပ်သားထိခိုက်သေဆုံးမှုများနှင့် စွပ်စွဲချက်အသီးသီးဖြင့် အရပ်သားဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

အစိုးရအနေဖြင့် NCA ထီးရိပ်အောက်မှ လွတ်ကင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို NCA ထီးရိပ်တွင် လာရောက်ခိုလှုံနိုင်ရေးအတွက် ဆောင်ရွက်နေသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခင်းအကျင်းအရ ယင်းအနေအထားမှာ ဖြစ်လာရန်လွယ်ကူသည့် အနေအထားမျိုး မရှိသေးပေ။

NCA လက်မှတ်ထိုးရန် နီးစပ်သည်ဟု ယူဆထားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP သည်ပင် လက်ရှိအချိန်အထိ NCA လက်မှတ်မရေးထိုးနိုင်သည်ကို တွေ့မြင်နေရဆဲပင်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးရန် မူအားဖြင့် သဘောတူညီသည်ဟု NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပြောဆိုကြသော်လည်း မည်သည့်အတွက်ကြောင့် NCA တွင် လက်မှတ်မရေးထိုးကြသည်ကို စဉ်းစားရန် လိုအပ်နေပြီဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အမြင့်မားဆုံးအနေအထားမရှိသေးသည့်အတွက် မည်သည့်ပုံစံဖြင့် ယုံကြည်မှု တည်ဆောက်ကြမည်ကို နည်းလမ်းရှာခြင်းဖြင့် NCA ထီးရိပ်အောက်သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ခိုလှုံလာရေးကို ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွင်းက တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့လက်ထဲသို့ ငြိမ်းချမ်းရေးပေးအပ်နိုင်ရေးဟူသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စကားမှာ ဖြစ်နိုင်ဖွယ်မရှိတော့သည့် အနေအထား ဖွင့်ဟပြောကြားထားသည်။

တပ်မတော်ကမူ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစွမ်းကုန်သည်းခံ၍ ဆောင်ရွက်ပေးနေသည်ဟု တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောကြာထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စကားမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုးလာရေးဖြစ်ပြီး နိုင်ငံရေးလိုလားချက်များနှင့်ပတ်သက်၍မူ အစိုးရနှင့် ဆက်လက်ဆွေးနွေးရမည့် သဘောမျိုးသာဖြစ်ကာ တပ်မတော်က ရည်ရွယ်ထားသည့် အနေအထားမျိုးသို့ ရောက်နိုင်ခြေ နည်းပါးသော်လည်း ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

 

 

Most Read

Most Recent