လက်ရှိအချိန်တွင် မြန်မာ-တရုတ် မူဆယ်နယ်စပ်သို့ ဆန်တင်ပို့မှု အနည်းငယ်သာရှိခြင်းနှင့် စပါးစျေး ကျဆင်းနေသောကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု လျော့ကျကာ ဆန်စျေး အနည်းငယ်အေးနေဟု ဆို

လက်ရှိအချိန်တွင် မြန်မာ-တရုတ် မူဆယ်နယ်စပ်သို့ ဆန်တင်ပို့မှု အနည်းငယ်သာရှိခြင်းနှင့် စပါးစျေး ကျဆင်းနေသောကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု လျော့ကျကာ ဆန်စျေး အနည်းငယ်အေးနေဟု ဆို
ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 23 November 2019
ဇေယျာငြိမ်း

လက်ရှိအချိန်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်သို့ ဆန်တင်ပို့ အနည်းငယ်သာရှိခြင်းနှင့် စပါးစျေး ကျဆင်းနေသောကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု လျော့ကျကာ ဆန်စျေး အနည်းငယ်အေးနေကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

“ ဆန်အိတ်က ငါးသောင်းလောက် ဝင်တယ်။ ဆန်ကွဲက အိတ်နှစ်သောင်းလောက် ဝင်တယ်။ အရင်ထက်ဝင်တာက အိတ်ရေ နှစ်သောင်းလောက် လျော့တယ်။ မူဆယ်က မသွားဘူး။ နည်းနည်းပဲ Quota လေးနဲ့ တရားဝင်လိုင်စင်လေးနဲ့ နည်းနည်းပဲ သွားတယ်။ ဘုရင့်နောင်ကို ဝင်တာက ၂၅ မှတ် ဆန်အများဆုံး ဝင်တယ်။ ကရင်မဆန် ၁၅ မှတ်တို့  အဲဒီလိုဟာတွေ အများဆုံးဝင်တယ်။ စျေးနှုန်းက ၂၅ မှတ်ကတစ်အိတ်ကို ၁၆၀၀၀ ကျပ်အထိ ဆင်းသွားတယ်။ အခုရက် ၁၆၈၀၀ ပြန်တက်နေတယ်။၂၅မှတ်ဆန်က အခုက ပုံမှန်တော့ မဟုတ်ဘူး။ နိုင်ငံခြားကို ရောင်းနေတဲ့စျေးက ဒေါ်လာ ၂၆၀ နဲ့ ၂၆၀ အောက် ရောင်းတော့ အခုငွေစျေးနဲ့ဆို တစ်အိတ်ကို ၁၇၀၀၀ ကျပ် ပတ်လည်လောက်ပဲ ရှိတယ်။ နိုင်ငံခြားရောင်းတဲ့စျေးနဲ့ပဲ တွက်ပြီး ဝယ်ကြတာပေါ့နော်။ ဆန်အဝင် နည်းတာကတော့ စပါးစျေး မကြိုက်ဘူးလေ။ စပါးစျေး မကြိုက်တော့ မရောင်းဘူးလေ။ တောင်သူက ထိန်းလို့ရတဲ့ အနေအထားဆိုတော့ ထိန်းတယ်လေ။ အရင်ရက်ကတော့ ငွေလိုတဲ့သူ မိုးနဲ့ လေနဲ့ စပါး သိမ်မကောင်းတဲ့ဟာတွေကျတော့ သူ့စျေးနဲ့သူ ရောင်းရတယ်။ နောက်စပါးတွေကလည်း ကောင်းလာပြီး မိုးလွတ်သွားပြီ၊ ခြောက်လည်း ခြောက်သွားပြီဆိုတော့  တောင်သူက သူထိန်းနိုင်သလောက် ထိန်းသွားပြီ။ အခုကစျေးက တအားနည်းနေတာလေ” ဟု ဘုရင့်နောင်ဆန်စပါး ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက နိုဝင်ဘာ ၂၃ ရက်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်သို့ဆန် တင်ပို့ရာတွင် ဆန်ကြမ်းအမျိုးအစားကို အဓိက တင်ပို့နေခြင်းဖြစ်ပြီး ဆန်ချောအမျိုးအစားများမှာ ပြည်တွင်း၌ အဓိကစားသုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုမိုးစပါးပေါ်ချိန်တွင် စပါးစျေးများ ကျဆင်းလျက်ရှိပြီး တောင်ပျံစပါးအမျိုးအစားသည် ယခင်နှစ်က စပါးတင်းတစ်ရာလျှင် ကျပ် ကိုးသိန်းကျော် စျေးရှိသော်လည်း လက်ရှိတွင် ကျပ် ခြောက်သိန်းကျော်သာ ရှိကြောင်း၊ အင်းလယ်အမျိုးအစားမှာ ကျပ် လေးသိန်း ဝန်းကျင်သာရှိကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ တောင်သူများထံမှ သိရသည်။

ကျပ် ငါးသိန်းစျေးဖြင့် ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ စပါးစတင် ဝယ်ယူသွားရန် နိုင်ဝင်ဘာ ၂၀ ကြေညာချက် ထုတ်ပြန်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုဝင်ဘာ ၁၆ ရက်က ပြောကြားထားသည်။

“ ပြဿနာက စပါးကစောထွက်တယ် အဲမှာစပါးစျေးက ကျတာပေါ့လေ။ ကျပ် ငါးသိန်းစျေးနဲ့ ဝယ်ဖို့ဆိုတာ ၂၀ ရက်နေ့ ကြေညာချက်ထုတ်မယ်။ အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းရယ် ရန်ကုန်တိုင်းမှာ စပြီး ဝယ်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်အစိုးရက ဝယ်ပေးရမှာ အခုမူဝါဒဆွဲပြီးတော့ အခုညှိပြီးတော့ ၂၀ ရက်နေ့ကိုတော့ ထုတ်ပြန်ကြေညာလိမ့်မယ်။ စပြီးဝယ်တော့မှာပေါ့နော်။ ပြဿနာက လယ်သမားတွေလည်း စပါး စောစောပေါ်တယ်။ ဆန်စက်တွေကလည်း ဂိုဒေါင်တွေက ရှားလာတဲ့အတွက် အဲဒီပြသနာ။ ဒါပေမဲ့ စပါးစျေးက လျော့ပေမဲ့ ဆန်စျေးက မကျဘူး ဖြစ်နေတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

လက်ရှိတွင် မြန်မာ့ဆန်ကို စျေးနှုန်း သက်သာမှုရှိမှသာ ပြည်ပဝယ်လက်များက ဝယ်ယူနေခြင်း၊ မူဆယ်နယ်စပ်သို့ တင်ပို့မှု လျော့နည်းနေခြင်းများကြောင့် ပြည်တွင်း စပါးစျေးနှုန်းနှင့် ဆန်စျေးနှုန်းများ လက်ရှိ ဖြစ်ပေါ်နေသည့် စျေးနှုန်းအကျတိုင်းသာ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ ဆန်စျေးက လောလောဆယ်က မတက်နိုင်ဘူး။ မြန်မာနိုင်ငံကဆန်ကို စျေးပေါလို့ ဝယ်တာပေါ့နော် ဝယ်သူက စျေးပေါမှ ဝယ်တယ်။ စျေးပေါပေါနဲ့ ရောင်းတော့ ပြည်တွင်းက ဒေါ်လာစျေးနဲ့တွက်ရင် ဒေါ်လာစျေးကလည်း ငြိမ်နေတော့။ ဒီအတိုင်းပဲ သွားမှာပဲ” ဟု ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက သုံသပ် ပြောကြားသည်။

                                                           

 

Most Read

Most Recent