လှိုင်သာယာမြို့နယ်အတွင်း ထောက်ခံချက်မရှိဘဲ ထုတ်လုပ်နေသော မြင့်မိုရ်တံဆိပ် သောက်ရေသန့်လုပ်ငန်းကို FDA က လုပ်ငန်းပိတ်သိမ်း

လှိုင်သာယာမြို့နယ်အတွင်း ထောက်ခံချက်မရှိဘဲ ထုတ်လုပ်နေသော မြင့်မိုရ်တံဆိပ် သောက်ရေသန့်လုပ်ငန်းကို FDA က လုပ်ငန်းပိတ်သိမ်း
စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် လှိုင်သာယာမြို့နယ်အတွင်းရှိ သောက်ရေသန့် စက်ရုံတစ်ခုကို တွေ့ရစဉ်
စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် လှိုင်သာယာမြို့နယ်အတွင်းရှိ သောက်ရေသန့် စက်ရုံတစ်ခုကို တွေ့ရစဉ်
Published 23 November 2019
အိသဥ္ဇာကျော်

လှိုင်သာယာမြို့နယ်အတွင်း ထောက်ခံချက်မရှိ ထုတ်လုပ်နေသော မြင့်မိုရ် အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိဘဲ ထုတ်လုပ်နေသော လုပ်ငန်းဖြစ်သောကြောင့် လုပ်ငန်းပိတ်သိမ်း အရေးယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀  ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်သည် သက်ဆိုင်ရာ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ လှိုင်သာယာမြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ သောက်ရေသန့်လုပ်ငန်းများအနက် မြင့်မိုရ် အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိဘဲ ထုတ်လုပ်နေခြင်းကြောင့် လုပ်ငန်းကို ပိတ်သိမ်းခဲ့ပြီး ဆက်လက်ထုတ်လုပ်ရောင်းချခြင်း မပြုရန်၊ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထား၍ ထောက်ခံချက်ရရှိမှသာ ထုတ်လုပ်ရောင်းချရန်နှင့် စျေးကွက်အတွင်း တွေ့ရှိပါက အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ခံဝန်ကတိ ရေးထိုးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယင်းမြို့နယ်အတွင်းရှိ ကျန်သောက်ရေသန့်လုပ်ငန်းများမှာလည်း ထောက်ခံချက်လျှောက်ထားစဉ်က စက်ရုံဖွဲ့စည်းပုံနှင့် ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်းအပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှု အလေ့အကျင့်တို့ မရှိခြင်းတို့ကြောင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိရ၍ စက်ရုံအချို့ကို ယာယီ ရပ်ဆိုင်းအရေးယူခဲ့ကြောင်း သိရသည်။

လတ်တလော ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့် အမှတ်တံဆိပ်များ စျေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းတွေ့ရှိက မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ (သို့မဟုတ်) မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်လေးခရိုင်ရှိ ထောက်ခံချက်ရှိပြီး သောက်ရေသန့်စက်ရုံများ အပါအဝင် ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်မှုမရှိသော စက်ရုံများကို စက်ရုံအလိုက် နှစ်ပတ်မှ တစ်လအထိ ထုတ်လုပ်မှုရပ်ဆိုင်း အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။

စစ်ဆေးမှုတွင် ထောက်ခံချက်ရရှိပြီး သောက်ရေသန့် လုပ်ငန်းများအပြင် ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့် လုပ်ငန်းများကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ GMP နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းများကို ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ပြီး ယင်းသောက်ရေသန့် လုပ်ငန်းအနေဖြင့် FDA သို့ ထောက်ခံချက် လျှောက်ထားပြီး GMP နှင့်အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။

စျေးကွက်ထောက်လှမ်း စိစစ်ချက်အရ အချို့သော သောက်ရေသန့်များမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အရည်အသွေး စိစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်းနှင့် ယခင်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ထားခြင်းမရှိသော စံချိန်စံညွှန်းမညီထုတ်လုပ်သည့် သောက်ရေသန့် လုပ်ငန်းများကိုလည်း လုပ်ငန်းပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

                                       

 

Most Read

Most Recent