အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ လယ်ယာထွက်အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းစသည့် ကဏ္ဍအသစ်ငါးခု ထပ်မံထည့်သွင်းဆောင်ရွက်မည်

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ လယ်ယာထွက်အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းစသည့် ကဏ္ဍအသစ်ငါးခု ထပ်မံထည့်သွင်းဆောင်ရွက်မည်
 မန္တလေးမြို့တွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
မန္တလေးမြို့တွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
Published 22 November 2019
နီလာ

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅) တွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ လယ်ယာထွက်အခြေခံစားသောက် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း စသည့်ကဏ္ဍအသစ်ငါးခု ထပ်မံထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်မြှင့်တင်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅ -၂၀၁၉) ကို ရေးဆွဲခဲ့ပြီး ဦးစားပေးကဏ္ဍခုနစ်ခုနှင့် အထောက်အကူပြုကဏ္ဍလေးခု စုစုပေါင်း ၁၁ ခုဖြင့် အကောင်အထည်ဖော်ခဲ့ရာ ငါးနှစ်တာကာလ ပြီးဆုံးတော့မည်ဖြစ်သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅ )ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းမဟာဗျူဟာတွင် လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ပြင်ဆင်ဖြည့်စွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထပ်မံဖြည့်သွင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍအသစ်ငါးခုတွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ လယ်ယာထွက် အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍနှင့် လက်မှုအနုပညာပစ္စည်းထုတ်လုပ်မှု ကဏ္ဍများနှင့်ပတ်သက်၍ အဓိကထုတ်လုပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များ ပါဝင်နိုင်အောင် ရေးဆွဲဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေးရည်မှန်းထားပြီး လက်ရှိအခြေအနေတွင် ပို့ကုန်တင်ပို့မှုမှာ ၂၀၁၅ ခုနှစ်ထက် နှစ်ဆတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း / ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကရည်မှန်းချက်မှာ ပို့ကုန်မြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးမြင့်မားနေခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံက တင်ပို့နိုင်မှုစွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်းနေရခြင်းဖြစ်သည်။

“ကုန်သွယ်မှုလိုငွေကတော့ နည်းနည်းလေးလျော့မယ့်သဘောလေးရှိတယ်။ လျာထားချက်ကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲရှိအောင်ပေါ့နော်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာမွေးမြူရေး ကတက်လာတယ်။ ကြက်စာအရမ်း တင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို၊ အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေက လျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန်ဒေါ်လာသန်း ၅၀၀ အထိ လျှော့ချရန်မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent