သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 22 November 2019
လင်းလင်းခိုင်

ခိုင်မာတဲ့ ဇာတ်လမ်းဇာတ်အိမ်၊ သရုပ်ဆောင်အင်အား ကောင်းမွန်မှုတွေနဲ့ စနစ်တကျဖန်တီးထားတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို ပရိသတ် အားပေးစောင့်ကြည့်မှု မြင့်မားလာတာနဲ့အမျှ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရလာတဲ့ မျိုးဆက်သစ်အနုပညာရှင်တွေကိုလည်း သတိပြုအားပေးလာကြပါတယ်။ ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့သလို ဂုဏ်ပြုဆုရယူနိုင်ခဲ့တဲ့ ပျားရည်အိုင်ရုပ်သံဇာတ်လမ်းတွဲမှာ “မြိုင်” ဆိုတဲ့ အဓိကဇာတ်ရုပ်မှာ ပီပြင်စွာပါဝင်ထားသူက သရုပ်ဆောင်မေမီကိုကိုပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်မေမီကိုကိုပြောပြတဲ့ ငယ်စဉ်ဘဝအမှတ်တရလေးတွေကို ဖော်ပြပေးချင်ပါတယ်။

မေမီကိုကိုရဲ့ မွေးရပ်ဇာတိက ကချင်ပြည်နယ် ဗန်းမော်မြို့ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် ၁၉၉၂ မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမသုံးယောက်ရှိတဲ့အနက် အငယ်ဆုံးသမီးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံးမှာ ဗန်းမော်မြို့မှာ ကြီးပြင်းခဲ့သူပါ။ ငယ်စဉ်ကလေးဘဝမှာ ထူးခြားတဲ့ အမှတ်တရတစ်ခုကိုတော့ ယနေ့တိုင် သတိရနေဆဲပဲလို့ ပြောပြခဲ့ပါတယ်။  

“ဖေဖေမေမေတို့ရော မေမီရောအတွက် အခုထိမှတ်မိနေသေးတဲ့ အမှတ်တရကတော့ သုံးနှစ်သမီးလောက်မှာ အိမ်ဘေးကအစ်မတစ်ယောက် နှစ်တန်းလောက်ရှိပြီပေါ့။ မေမီထက်တော့ကြီးတယ်။ သူကမုန့်စားမလားမေးတော့ စားမယ်ဆိုပြီး မေမီကလမ်းလျှောက်လိုက်သွားတာ။ လူကြီးတွေလည်း မသိလိုက်ဘူး။ နှစ်မိုင်လောက်ကိုလျှောက်သွားပြီး အိမ်စုစုလေးတွေရှိတဲ့ဝင်းတစ်ခုထဲကို ရောက်တော့ အဲဒီအစ်မက မေမီကိုထားခဲ့တယ်။ မေမီလည်း ဘာမှသိပ်မပြောတတ်ဘဲနေခဲ့တာပေါ့။ အဲဒီအိမ်ထဲကသူတွေ တွေ့သွားပြီး ဘယ်အိမ်ကလဲမေးတော့လည်း ဘာမှမပြောတတ်ဘူး။ ဗိုက်ဆာတယ်ပဲပြောနေတော့ ထမင်းခွံ့ကျွေးပြီး အိပ်ခိုင်းတယ်။ ပြန်နိုးလာတဲ့အချိန်မှာ စက်ဘီးကယ်ရီယာခုံတစ်ခု ပေါ်ရောက်နေတယ်။ ပြီးတော့ ထပ်အိပ်သွားပြီး နိုးလာတော့ အိမ်ပြန်ရောက်နေတယ်ပေါ့။ ကံကောင်းတာက မေမီတို့က လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတော့ မေမီရောက်သွားတဲ့အိမ်က ဦးလေးကြီးက အိမ်မှလက်ဖက်ရည် လာသောက်ရင်းနဲ့ မေမီကိုမြင်ဖူးလို့ ပြန်ပို့ပေးတာပေါ့။ မဟုတ်ရင်တော့ ဒုက္ခရောက်မှာ။ မေမီမိဘတွေက ရဲတိုင်ဖို့တောင်လုပ်နေပြီပေါ့။ အဲဒါလေးကတော့ ပြန်တွေးတိုင်းလည်း ရင်တုန်ပြီးအမှတ်တရပါ” လို့ ပြောပြခဲ့ပါတယ်။

မေမီကိုကိုက ကျောင်းပညာရေးကိုတော့ ငယ်စဉ်ဘဝမှာ ဗန်းမော်မှာတက်ရောက်ခဲ့ပြီး ရန်ကုန်ကိုပြောင်းရွှေ့လာချိန်မှာတော့ အ.ထ.က(သုဝဏ္ဏ)မှာ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာတော့ သာမန်လောက်ပဲရှိခဲ့ပြီး မြန်မာစာကိုတော့ နှစ်သက်သူဖြစ်တယ်လို့ဆိုပါတယ်။ ငါးတန်းကျောင်းသူဘဝလောက်ကတည်းက အစ်မဖြစ်သူက သရုပ်ဆောင်ဖြစ်တာကြောင့် ကလေးသရုပ်ဆောင် ဝင်လုပ်ခဲ့ဖူးတယ်လို့လည်း အမှတ်တရဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ ဘဝရဲ့တစ်ဆစ်ချိုးအနေနဲ့ မော်ဒယ်လ် စလုပ်ဖြစ်တယ်လို့ဆိုပါတယ်။ အစ်မဖြစ်သူရဲ့လက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အစ်မစာချုပ်ချုပ်ထားတဲ့ မော်ဒယ်လ်ရှိုးတွေမှာ ပါဝင်လျှောက်လှမ်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ မော်ဒယ်လ်လမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။ ဒီနောက်မှာတော့ မူလဝါသနာဖြစ်တဲ့ သရုပ်ဆောင်အလုပ်အတွက် လမ်းကြောင်းရှာဖွေခဲ့ပါတယ်။

“သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာကြောင့် ဘယ်လိုလမ်းကြောင်းသွားရမလဲဆိုတာ အမြဲစဉ်းစားတယ်။ အဲဒီအချိန်မှာ MRTV- 4 Talent Management က သင်တန်းသားခေါ်တဲ့အခါ သွားလျှောက်ဖြစ်တယ်။ အဆင့်ဆင့် စိစစ်ရွေးချယ်ပြီးမှပဲ ပါဝင်ရွေးချယ်ခံခဲ့ရတာပါ။ ရွေးချယ်ခံပြီးတော့လည်း အများကြီးလေ့ကျင့်ပြင်ဆင်ခဲ့ရတယ်” လို့ မေမီကိုကိုက ဆိုပါတယ်။

မေမီကိုကိုက ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး ရခဲ့တဲ့အခွင့်အရေးကိုတော့ အမိအရဆုပ်ကိုင်ကာ ပါဝင်ခွင့်ရခဲ့တဲ့ ကာရိုက်တာတိုင်းကို ပီပြင်အောင်ကြိုးစားခဲ့တာကြောင့် ပရိသတ်သတိထားမိစေခဲ့သူလည်း ဖြစ်ပါတယ်။ “ပျားရည်အိုင်” ဇာတ်ကားမှာ ပရိသတ်အမုန်းကိုရရှိနိုင်တဲ့ “မြိုင်” ဇာတ်ရုပ်နဲ့ ပါဝင်ခဲ့ပါတယ်။ ဆရာမကြီးခင်နှင်းယုရဲ့ အောင်မြင်တဲ့ဝတ္ထုကို ပုံဖော်ထားတာဖြစ်တာကြောင့် တာဝန်ကြီးသလို ပရိသတ်အမုန်းခံရနိုင်တဲ့အတွက် စိတ်ကိုလည်းသေချာပြင်ဆင်ခဲ့ရတယ်လို့ မေမီကိုကိုက ဆိုပါတယ်။

“ဒီကာရိုက်တာမှာ မရိုက်ခင်ဝတ္ထုကို ဖတ်ကြည့်လိုက်တော့ တော်တော်လေး ကြောက်မိတယ်။ ကာရိုက်တာက ပရိသတ်အရမ်းမုန်းမှာဆိုတော့လေ။ ဒါပေမယ့်မေမီစဉ်းစားတာက ပရိသတ်ရဲ့ကာရိုက်တာအပေါ် မုန်းခြင်းချစ်ခြင်းဆိုတာက ကိုယ့်ရဲ့သရုပ်ဆောင်ပီပြင်မှုပဲ။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ကိုယ့်အိပ်မက်အတွက် ဒီစိန်ခေါ်မှုကို လက်ခံရမယ်။ လုပ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ပဲ အကောင်းဆုံး ကြိုးစားခဲ့တယ်။ စလွှင့်ခါစရက်တွေတုန်းကလည်း ပရိသတ်တွေတော်တော်လေးမုန်းကြတယ်။ အဲဒီတုန်းက ဝမ်းနည်းပေမယ့် လေးငါးပိုင်းလောက်ရောက်လာတဲ့အခါ ပရိသတ်တွေက တော်တော်လေးကြိုက်ကြတယ်၊ အမူအရာပီပြင်တယ်လို့ပြောကြတဲ့အတွက် အရမ်းပျော်မိပါတယ်။ ဒီဇာတ်ကားလေးက မေမီအတွက် ဘဝတစ်ဆစ်ချိုးတစ်ခုလို့ ပြောလို့ရပါတယ်” လို့ မြိုင်ဇာတ်ရုပ်နဲ့ပတ်သက်တဲ့ အမှတ်တရကိုဆိုပါတယ်။

မေမီကိုကိုက ရုပ်သံဇာတ်လမ်းတွဲတွေတင်မကဘဲ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ ကမ်းလှမ်းထားတဲ့ ဇာတ်ကားအတွက် ညှိနှိုင်းနေပြီး ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးကြိုးစားမှာပါလို့ ဆိုပါတယ်။ မေမီကိုကိုက ငယ်စဉ်ဘဝရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာပြီဆိုပေမယ့်  အနုပညာဝမ်းစာပြည့်အောင် အမြဲတမ်း လေ့လာဆည်းပူးသွားမယ်လို့ ဆိုပါတယ်။

အခက်အခဲနဲ့စိန်ခေါ်မှုတွေ၊ တိုက်ခိုက်မှုတွေအတွက်တော့ ဝဋ်ကြွေးရှိသလောက် ပေးဆပ်ရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ ရင်ဆိုင်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ မေမီကိုကိုရဲ့ ငယ်စဉ်ဘဝ အမှတ်တရတချို့ကိုဖတ်ရှုရင်း ယုံကြည်ရာအိပ်မက်အတွက် ကြိုးစားနေတဲ့လူငယ်တစ်ယောက်ရဲ့ ခွန်အားတွေကိုတွေ့မြင်ရမှာပါ။ နောက်တစ်ပတ်မှာဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေကို ဖော်ပြပေးသွားမယ်ဆိုတာ စောင့်မျှော်ပေးကြပါဦးလို့ ဆိုပါရစေ။ 

 

 

Most Read

Most Recent