လက်ရှိအစိုးရလက်ထက်၌ ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေး ရည်မှန်းထားပြီး လက်ရှိအခြေအနေတွင် ပို့ကုန်တင်ပို့မှုမှာ၂၀၁၅ ခုနှစ်ကထက် နှစ်ဆတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီး ပြောကြား

လက်ရှိအစိုးရလက်ထက်၌ ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေး ရည်မှန်းထားပြီး လက်ရှိအခြေအနေတွင် ပို့ကုန်တင်ပို့မှုမှာ၂၀၁၅ ခုနှစ်ကထက် နှစ်ဆတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီး ပြောကြား
 မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ဆန်စပါးစိုက်ခင်းများအနက် ပဲခူးတိုင်းဒေသကြီးအတွင်း စပါးရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ဆန်စပါးစိုက်ခင်းများအနက် ပဲခူးတိုင်းဒေသကြီးအတွင်း စပါးရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 21 November 2019
        နီလာ

လက်ရှိ NLD အစိုးရလက်ထက်တွင် ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေး ရည်မှန်းထားပြီး လက်ရှိအခြေအနေတွင် ပို့ကုန်တင်ပို့မှုမှာ ၂၀၁၅ ခုနှစ်ထက် နှစ်ဆတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကရည်မှန်းချက်မှာ ပို့ကုန်မြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌  အခက်အခဲများရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး မြင့်မားနေခြင်းကိုဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံက တင်ပို့နိုင်မှုစွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်းနေရခြင်းဖြစ်သည်။

“ကုန်သွယ်မှုလိုငွေကတော့ နည်းနည်းလေးလျော့မယ့်သဘောလေးရှိတယ်။ လျာထားချက်ကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲ ရှိအောင်ပေါ့နော်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ့်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာအရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ။ ဒါတွေကလျှော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့၊ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျှော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျှော့လို့မရဘူး။ ဆေးဝါးကလည်း လျှော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျှော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိ လျှော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း ပစ္စည်းစသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

                                                                

 

Most Read

Most Recent