Yangon Water Bus ကို နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်များဖြင့် Payment စက်များ တပ်ဆင်၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ရေယာဉ်အချို့ဖြင့် ဧရာဝတီတိုင်းတွင်ပြေးဆွဲရန် စီစဉ်နေဟုဆို

Yangon Water Bus ကို နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်များဖြင့် Payment စက်များ တပ်ဆင်၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ရေယာဉ်အချို့ဖြင့် ဧရာဝတီတိုင်းတွင်ပြေးဆွဲရန် စီစဉ်နေဟုဆို
ရန်ကုန်မြစ်အတွင်း ပြေးဆွဲခဲ့သော Yangon Water Bus ကိုတွေ့ရစဉ်
ရန်ကုန်မြစ်အတွင်း ပြေးဆွဲခဲ့သော Yangon Water Bus ကိုတွေ့ရစဉ်
Published 21 November 2019
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်

Yangon Water Bus ကို နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်များဖြင့် Payment စက်များတပ်ဆင်၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ရေယာဉ်အချို့ဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပြေးဆွဲရန်စီစဉ်နေကြောင်း နိုဝင်ဘာ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် နိုင်ငံခြားမှဝယ်ယူထားသည့် သင်္ဘောခြောက်စင်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး သုံးစင်းကို ရေချထားပြီးဖြစ်ကြောင်း သိရသည်။

“ ဒီနှစ်မှာ ဘယ်ယာဉ်တွေနဲ့ ရန်ကုန်မှာ ပြေးဆွဲမလဲဆိုရင် နိုင်ငံခြားက ယာဉ်သစ်ခြောက်စင်း ဝယ်ယူထားပါတယ်။ သုံးစင်းဟာ ရေချပြီးဖြစ်ကြောင်း၊ ခြောက်စင်းအနက် နှစ်စင်းမှာ Payment Machine တွေနဲ့ပတ်သက်ပြီး KBZ Pay၊ CB Pay၊ Visa၊ Master card စတဲ့ ဒီလိုကတ်မျိုးတွေနဲ့ ပေးနိုင်အောင် စက်များတပ်ဆင်လျက်ရှိကြောင်း နှစ်စင်းမှာ တပ်ဆင်ပြီးဖြစ်ကြောင်း၊ လေးစင်းမှာ တပ်ဆင်ရန်ကျန်ရှိကြောင်း သက်ဆိုင်ရာကုမ္ပဏီကနေ ကျွန်တော်တို့ဆီကို အကြောင်းကြားပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

ယင်းသို့ လုပ်ငန်းများပြီးစီးရန် ၂၅ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး လုပ်ငန်းအားလုံးပြီးဆုံးက ပြန်လည်ပြေးဆွဲကြောင်းနှင့် ယခင်ပြေးဆွဲခဲ့သည့် ပြေးဆွဲလမ်းကြောင်းများတွင် ရှိသည့် ဆိပ်ခံတံတားများကို အသစ်ပြန်လည် ဆောင်ရွက်လျက်ရှိကြောင်း ဦးလှအောင်က ပြောကြားသည်။

“ ပြီးခဲ့တဲ့ကာလမှာ ပြည်တွင်းထုတ်တဲ့ ယာဉ်ခုနစ်စင်းနဲ့ နိုင်ငံခြားကထုတ်တဲ့ ရေယာဉ်သုံးစင်း စုစုပေါင်း ၁၀ စင်းကို ဧရာဝတီတိုင်းမှာ ဒေါက်တင်ထားပါတယ်။ ဒီရေယာဉ်တွေကို ကုမ္ပဏီရဲ့တင်ပြချက်အရ Water Bus ရေယာဉ်တွေကို ဧရာဝတီတိုင်းဒေသကြီးဘက်မှာ ပြေးဆွဲမယ်လို့ သက်ဆိုင်ရာကုမ္ပဏီက ကျွန်တော်တို့ကို သတင်းပေးပို့ထားပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

Yangon Water Bus ပြေးဆွဲလျက်ရှိသည့် လမ်းကြောင်းများကို စက်တင်ဘာ ၂၇ ရက်မှစ၍ ရပ်နားခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းများ၏ မိုးရာသီ၌ပျက်စီးမှုများအား ပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့်ရေယာဉ်များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေးချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန် စသည်တို့ကြောင့် Yangon Water Bus ပြေးဆွဲခြင်းကို ခေတ္တရပ်နားထားခြင်းဖြစ်သည်။

ယခင်က Yangon Water Bus မှ ပြေးဆွဲလျက်ရှိသည့် လမ်းကြောင်းများမှာ ဗိုလ်တထောင်-သမတ၊ ပန်းဆိုးတန်းဆိပ်ကမ်း-အ့ံကြီး၊ ဗိုလ်တတောင်-အင်းစိန်၊ တွံတေးဘုရားဖူးလမ်းကြောင်း၊ ကျောက်တန်းရေလယ် ဘုရားဖူးလမ်းကြောင်း၊ ညနေပိုင်း အပျော်စီး Sunset ကြည့်ရှုလမ်းကြောင်းတို့တွင် သင်္ဘော ၁၁ စင်းဖြင့် ပြေးဆွဲခဲ့ကြောင်း သိရသည်။

Yangon Water Bus ကို ၂၀၁၇ အောက်တိုဘာမှ စတင်၍ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခေတ္တရပ်နားထားကြောင်း သိရသည်။

 

 

Most Read

Most Recent