ကမ္ဘာ့ရေနံစျေး တစ်စည် ၅၅ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ တစ်လီတာ ၁၅ ကျပ် ပြန်လည်ကျဆင်း

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၅ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ တစ်လီတာ ၁၅ ကျပ် ပြန်လည်ကျဆင်း
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
Published 20 November 2019
စည်သူအောင်

ကမ္ဘာ့ရေနံစျေး ၅၅ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ တစ်လီတာ  ၁၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ နိုဝင်ဘာ ၂၀ ရက်တွင် ၅၅ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၄၅ ကျပ် (တစ်ဂါလန် ၄၂၉၆ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၉၅၅  ကျပ် (တစ်ဂါလန်  ၄၃၄၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၆၅ကျပ် (တစ်ဂါလန် ၃၉၃၂ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ  ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၆ ကျပ်) ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှ ၁၉ အတွင်း ဖြစ်ပေါ်ခဲ့သော စျေးနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ၁၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်းစက်သုံးဆီစျေးသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။

ထို့နောက် ကမ္ဘာ့ရေနံစျေး ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက် အတွင်း စက်သုံးအမျိုးအစားအလိုက် ၁၁ ရာခိုင်နှုန်းကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ စက်သုံးဆီစျေးနှုန်းများ သုံးရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော်အထိ ပြန်တက်ခဲ့သည်။ ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်းကျော်မှ ငါးရာခိုင်နှုန်းကျော်အထိ စျေးနှုန်းများပြန်ကျလာပြီး သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ  ခုနစ်ရာခိုင်နှုန်းကျော်မှ ကိုးရာခိုင်နှုန်းနီးပါးအထိ ပြန်တက်လာခဲ့သည်။ 

စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စက်သုံးဆီစျေးနှုန်း လေးရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခဲ့ပြီး အောက်တိုဘာ ၉ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ လေးရာခိုင်နှုန်းကျော် စက်သုံးဆီစျေးနှုန်းများ ပြန်တက်လာခဲ့သည်။ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ စက်သုံးဆီစျေးနှုန်းများ တစ်ရာခိုင်နှုန်းဝန်းကျင် ပြန်လည်ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ တစ်ရာခိုင်နှုန်းဝန်းကျင်မှ လေးရာခိုင်နှုန်းဝန်းကျင်အထိ ပြန်တက်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။                                   

 

 

Most Read

Most Recent