မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များတည်ဆောက်ရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပြီး စိတ်ပါဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ရန် ခေါ်ယူမည်

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များတည်ဆောက်ရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပြီး စိတ်ပါဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ရန် ခေါ်ယူမည်
ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ်
ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ်
Published 20 November 2019
ဇေယျာငြိမ်း

မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များတည်ဆောက်ရန် မြန်မာ-တရုတ်နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး စိတ်ပါဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ရန် ခေါ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။

“ လုပ်မယ့်နေရာကို ယူနန်ဘက်နဲ့ ညှိပြီးတော့ သတ်မှတ်ထားပြီ။  MoU ထိုးဖို့ကျတော့ သူတို့က ပေးတယ်။ ကျွန်တော်တို့က ပြန်ပို့ပြီးပြီ။ ဟိုကိုရောက်သွားပြီ။ သူတို့ဘက်က ဘယ်သူက တာဝန်ယူမလဲဆိုတော့ တရုတ်နိုင်ငံ စီးပွား/ကူးသန်းဝန်ကြီးဌာနက တာဝန်ယူမယ်။ သူတို့ကအခု ယူနန်နဲ့ ညှိနှိုင်းနေတယ် ပြောတယ်။ မကြာခင် ကျွန်တော်တို့ဆီကို ပြန်ပို့မယ်။ ကျွန်တော်တို့ဘက်က သဘောတူတယ်ဆိုရင် MoU လက်မှတ်ထိုးမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များတည်ထောင်ရာတွင်   ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ဖော်ပြသည့်လျှောက်လွှာ EOI ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ လက်မှတ်ထိုးပြီးရင် တဖက်က လုပ်မယ့်နေရာကို EOI ခေါ်မယ်။ ဘယ်နေရာတွေလုပ်မလဲဆိုတော့ ကျွန်တော်တို့က အခြေခံအားဖြင့် မူဆယ်-နမ့်ခမ်းပေါ့နော်။ တရုတ်ဘက်ကတော့ မူဆယ်ဘက်ကို စပြီးလုပ်ချင်တယ်။ အခုဆိုရင် ကချင်ပြည်နယ်ကလည်း ကန်ပိုက်တီးနဲ့ ဟိုဘက် ထိန်ချုန်းဘက်ကလည်း လုပ်ချင်တယ်ဆိုတော့ လုပ်ဖို့ရည်ရွယ်တယ်။ လောက်ကိုင်နဲ့ လင်ချန်းနဲ့ ချင်းရွှေဟော်ဘက်မှာလည်း လုပ်ချင်တယ်ဆိုတော့ သုံးနေရာ ရွေးထားတယ်” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ စီးပွားရေးဇုန်များ ဖော်ဆောင်ရန် နှစ်နိုင်ငံရေးထိုးမည့် နားလည်မှု စာချွန်လွှာအတွက် မြန်မာဘက်မှ သဘောထားများကို တရုတ်ဘက်သို့ ပေးပို့ထားပြီဖြစ်ကြောင်းနှင့် မကြာခင် တရုတ်ဘက်မှ အကြောင်းပြန်ကြားလာပါက လက်မှတ်ရေးထိုးနိုင်တော့မည်ဟု သိရသည်။

“ သူတို့ဘက်ကတော့ ရွှေလီဘက်မှာ Free Trade Zone ဖွဲ့ပြီးပြီ။ ကျွန်တော်တို့ဘက်မှာ အလားတူဟာမျိုး လုပ်မယ်။ လုပ်မယ်ဆိုတော့ MoU ထိုးဖို့ မကြာခင်ပြန်ပို့လိမ့်မယ်။ ပြီးရင် EOI ခေါ်မယ်။ စိတ်ပါဝင်စားတဲ့ကုမ္ပဏီတွေကို ခေါ်ပြီး ဒါကိုဘယ်လိုလုပ်ကြမလဲဆိုတာ သူတို့တင်ပြတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ဆောင်ရွက်မယ်။ အခုထိတော့ ကျွန်တော်တို့ပို့ထားတဲ့ MoU ဟာ အကြောင်းမပြန်သေးဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) မြန်မာဘက်ခြမ်း တည်ထောင်အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့်အချက်များဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းအတည်ပြု သတ်မှတ်ပြီးဖြစ်ခြင်း၊    မြေအသုံးချခွင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများ အပ်နှံအကောင်အထည်ဖော်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင်ရာတွင် နှစ်နိုင်ငံအကြား နယ်နိမိတ် သတ်မှတ်ချက် တိုင်းတာသတ်မှတ်နိုင်ရေး၊ မြန်မာ- တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မူဘောင်သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                      

 

Most Read

Most Recent