ပိုင်ဆိုင်ခွင့်

ပိုင်ဆိုင်ခွင့်
Photo: theatlantic
Photo: theatlantic
Published 20 November 2019
ချစ်ခိုင်စံ ( ဘီအီးဒီ )

ရိုးရိုးသားသား ဝန်ခံရရင် ဘဝမှာ ပိုင်ဆိုင်ချင်ခဲ့တာတွေ အများကြီးပဲ။ အခု သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ဘယ်အရာမှ တိတိပပ မပိုင်ဆိုင်ခဲ့ရပြန်ဘူး။ “ကိုယ့်ဘဝ ကိုယ်ပိုင်တယ်” လို့ ငယ်ရွယ်နုပျိုစဉ်က တွေးထင်ခဲ့မိတယ်။ အမှန်တော့ ကိုယ့်ဘဝကို အနိစ္စ၊ ဒုက္ခ၊ အနတ္တက ပိုင်ဆိုင်ခဲ့မှန်း အသက်ကလေးရလာမှ သိသလိုလို ရှိလာတယ်။ ဒါတောင် တစ်ခါတလေ  မေ့မေ့သွားလို့ နှာနှက်ယူနေရတာ အခါခါ။

ဘဝမှာ ဒီခန္ဓာနဲ့ ဒီအသက်ကို ပိုင်ဆိုင်ခွင့်ရလို့ အပျော်ကြီး ပျော်နေတုန်းမှာ အသိတရားတချို့က မိုးပြိုသလို ဝုန်းခနဲ ပြိုဆင်းလာတယ်။ ဒီခန္ဓာနဲ့ ဒီအသက်ဓာတ်ကို ကျွန်တော်တို့ မပိုင်ဘူးဆိုပဲ။ ကျွန်တော်တို့ ပိုင်ဆိုင်တာဆိုလို့ ဘဝတစ်လျှောက်လုံး လုပ်ခဲ့ဖူးတဲ့ လုပ်နေဦးမယ့် ကုသိုလ်တချို့နဲ့ အကုသိုလ်များစွာပဲ ရှိတယ်။ ဒါကို အစက မသိခဲ့ဘူး။ ဘဝကြီးဟာ အဆန်းသား။ အဟုတ်တကယ် ပိုင်ဆိုင်ခွင့်ရပြီထင်တဲ့ အရာတွေက ကျွန်တော်တို့ ဘယ်တော့မှ မပိုင်တဲ့အရာတွေ ဖြစ်သွားသလို မပိုင်ဘူးထင်တဲ့ အရာတွေကတော့ ကျွန်တော်တို့အပိုင်တွေ ဖြစ်လာခဲ့တယ်။

ဒါကို မသိတော့ ငယ်ငယ်ကဆို အတန်းထဲမှာ အဆင့်ပထမ ရချင်ခဲ့တယ်။ ကိုယ်ရတဲ့အခါ ပျော်ပြီး ကိုယ်မရတဲ့အခါ  မနာလို၊ ဝန်တိုမှုတွေ ထွက်လာတယ်။ “ အနိုင်အရှုံးက အဓိကမဟုတ်ဘူး၊ ပြိုင်ဆိုင်ခြင်းသာ အဓိက” ဆိုပေမဲ့ တကယ်ရှုံးတဲ့အခါ ဘယ်သူမှ တိတိပပ နှလုံးမသွင်းနိုင်ဘူး။ မိဘတွေကလည်း နားလည်မပေးနိုင်ဘူး။ အခုမှ စဉ်းစား ကြည့်မိတယ်။ အဆင့် - ၁ မရတော့ ဘာဖြစ်လဲပေါ့။ အမှန်တော့ ဘာမှမဖြစ်ပါဘူး။ အတန်းထဲမှာ အဆင့် - ၁ ရဖူးသူတွေလည်း ဘဝမှာ ကျရှုံးနေတာမှ အများကြီး။ တကယ်အရေးကြီးတာက လူပီသမှုပြိုင်ပွဲမှာ အဆင့်ကောင်းကောင်း ရဖို့ပဲ မဟုတ်လား။ ဒါကို ငယ်ငယ်က သိခဲ့ရင် အဆင့် - ၁ ရဖို့ထက် လူပီသဖို့ပဲ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပါရဲ့။ အခုတော့ အဆင့် - ၁ မပိုင်ဘဲ အကုသိုလ်တွေသာ ပိုင်ဆိုင်ခဲ့ရတာ ရင်နာစရာ။

လူ့စိတ်ကလည်း အဆန်းသားပါလား။ တစ်ခါတလေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ရင် ပြောင်းလဲတတ်တယ်ထင်ပါ့။ ငယ်ငယ်ကဆို အမေ့အချစ်ကို မရမှာကြောက်ခဲ့တယ်။ အခုတော့ အမျိုးသမီးတစ်ယောက်ရဲ့အချစ်ကို မရမှာကြောက်နေပြန်တယ်။ တွေးကြည့်တော့ ရယ်စရာကြီး။ အမှန်တော့ လူတွေဟာ ဘဝမှာ ဘာကိုကိုယ်တကယ် ပိုင်ဆိုင်ချင်မှန်း မသိကြပါဘူး။ သူများပိုင်ဆိုင်တာတွေကို မျက်စိတွေ့၊ သွားရည်ကျပြီး ကိုယ်ပိုင်ဆိုင်ဖို့  တောက်လျှောက် ကြိုးစားနေကြတာပါပဲ။ နောက်ဆုံး ကိုယ်နဲ့ မအပ်စပ်တဲ့ ပိုင်ဆိုင်မှုမှန်း သိသွားတဲ့အခါ အချိန်ကကုန်ပြီ။ အသက်က မီးညွန့်မှိန်တိမ်တိမ်လောက်နဲ့ ခေါင်းက ဆံပင်မည်းမည်းတွေက အရောင်တွေလွင့်ပြယ်၊ အင်း ခက်တယ်။

ဟိုတစ်လောက မိတ်ဆွေတစ်ယောက် အမှုရင်ဆိုင်နေကြောင်း သတင်းကြားလိုက်တယ်။ ဘာကိစ္စလဲဆိုတော့ အမွေကိစ္စ။ မောင်နှမချင်း ဝေဝေမျှမျှခွဲရင် အဆင်ပြေနိုင်တာကို မတန်မရာ ပိုလိုချင်ကြပုံ ပေါ်ပါတယ်။ လောဘဟာ ကြောက်စရာပဲ။ တကယ်တော့ ဒီမြေကွက်ကို တစ်ဦးတည်း ပိုင်ဆိုင်ရရင်ရော ဘာလုပ်မှာလဲ။ သေတဲ့အခါ ဘယ်သူမဆို ၄ ပေ x ၆ ပေ မြေတစ်ကွက်သာ လိုတာပါ။ အကုန် ထားခဲ့ရမှာပါ။ အခုတော့ လောဘနဲ့တကွ အကုသိုလ်အပေါင်းအပါတွေဟာ ကျွန်တော့်မိတ်ဆွေအိမ်မှာ စရိတ်ငြိမ်း ကူညီနေလေရဲ့။ သြော် ပိုင်ဆိုင်မှုအတွက် ပေးဆပ်ရပုံများ။

တချို့များကျပြန်တော့ မြေခိုးတယ်။ ကိုယ့်အပိုင်မဟုတ်တဲ့ တစ်ပါးသူမြေကို တစ်နေ့နည်းနည်း၊ တစ်လနည်းနည်းနဲ့ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးတယ်။ မသိရင် သံသရာအဆက်ဆက် ဒီခိုးထားတဲ့မြေတွေ သူပိုင်မှာ ကျနေတာပဲ။ အမှန်တော့ ဘယ်သူမှ မြေမပိုင်နိုင်ပါဘူး။ တစ်ခါတုန်းက ရေမြေ့ရှင်ဆိုတဲ့ဘုရင်တွေ သူတို့ သေသွားတဲ့အခါ သူတို့ရေမြေကို ဘယ်သူတွေ ဆက်ပိုင်သွားသလဲတောင် မသိလိုက်ရှာပါဘူး။ ဒီလိုပါပဲ၊ အခု ကျွန်တော်တို့ ရပ်တည်နေတဲ့ နေရာဟာ တစ်ချိန်က ပုဂ္ဂိုလ်တစ်ဦးဦး ပိုင်ဆိုင်ခဲ့ဖူးမှာပါပဲ။ ဒါပေသိ အခု အဲဒီပုဂ္ဂိုလ်ရှိမနေတော့ဘူး။ အဲဒီလိုပဲ အခုကျွန်တော်တို့ ပိုင်ဆိုင်တယ်ဆိုတဲ့မြေဟာ နောင်နှစ် ၁၀၀ မှာ သေချာပေါက် ကျွန်တော်တို့ မပိုင်ဆိုင်တော့ပါဘူး။

ဒါဟာ သီအိုရီပဲ။ ပိုင်ဆိုင်မှုမှာ မတည်မြဲမှုဆိုတဲ့ သီအိုရီတစ်ခုပဲ ရှိပါတယ်။ ဒါနဲ့များ ကျွန်တော်တို့တတွေ တခြားအရာတွေကို ပိုင်ဆိုင်ဖို့ကြိုးစားနေတာ ရင်နာစရာ။ တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ရဲ့ မောဟထုထည်ဟာ သိပ်ကြီးမားတာပဲလို့။ ချေဖျက်ဖို့  သိပ်ခက်တယ်။ ဆင်မည်းကို ဆင်ဖြူဖြစ်ဖို့ ဆပ်ပြာတိုက် ရေချိုးပေးလို့ မရသလိုပေါ့။ ကျွန်တော်ဟာ အဲဒီလိုလူထဲမှာ ပါမယ်ထင်ပါ့။

ဘယ်အရာမှ ကျွန်တော်တို့ တကယ်မပိုင်ဆိုင်နိုင်ဘူးဆိုတာ သိပေမဲ့  မင်္ဂလာဆောင်တဲ့နေ့မှာ မိန်းမတစ်ယောက်ကို ကျွန်တော် ပိုင်ဆိုင်သွားပြီလို့ ထင်ခဲ့မိတယ်။ ကျွန်တော့်ဇနီးကလည်း ပြောတယ်။  ‘ ရှင့်ကို ကျွန်မ ပိုင်တယ်နော်’ တဲ့။ ဟုတ်ကဲ့။ ကျွန်တော် ပိုင်တယ်ထင်တဲ့အရာက ကျွန်တော့်ကို ပြန်ပိုင်သွားတယ်လို့ သိလိုက်ရချိန်မှာ ကျွန်တော့် အတွေးဟာ မှန်တစ်ချပ်ထဲ ခုန်ဝင်သွားသလိုပဲ။ ဘယ်သူက ဘယ်သူ့ကို ပိုင်တာလဲမသိ။ အားလုံးအမြင်မှာ နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် တကယ်ပိုင်သွားပြီလို့ ပြောနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့တတွေဟာ တစ်ယောက်နဲ့တစ်ယောက် တကယ်မပိုင်ကြဘူးဆိုတာလည်း သိထားရမှာပေါ့။

ဒီလိုပါပဲ၊ ပိုင်ဆိုင်မှုတွေအကြောင်း တွေးတောကြည့်တဲ့အခါ စွန့်လွှတ်ပေးဆပ်လိုက်ရတာတွေလည်း ရှိတယ်ဆိုတာ သိလာရပြန်တယ်။ ဗင်းဆင့်ဗန်ဂိုးက မိန်းမတစ်ယောက်အတွက် သူ့နားရွက်တစ်ဖက်ကို စွန့်လွှတ်ခဲ့သလို၊ ဂေါ်ဂင်ကလည်း ပန်းချီတွေ ပိုင်ဆိုင်ဖို့ မိသားစုကို စွန့်လွှတ်ခဲ့တာပဲ မဟုတ်လား။ ကျွန်တော်တို့ဘဝမှာလည်း ကိုယ်တကယ်ပိုင်ဆိုင်ချင်တဲ့ အရာတွေအတွက် စွန့်လွှတ်ခဲ့ရတာတွေ ရှိမှာပေါ့။ တချို့က အချိန်တွေ၊ တချို့က ဘဝတွေ၊ တချို့က ဂုဏ်သိက္ခာနဲ့ အရှက်တရားတွေ၊ တချို့ကငွေကြေးနဲ့ အခွင့်အရေးတွေ၊ တချို့ကတော့ အသက်တွေပေါ့။ သင်ကရော ဘာတွေ ပိုင်ဆိုင်ဖို့ ဘာတွေ စွန့်လွှတ်ခဲ့ရပြီးပြီလဲ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ အချစ်ကဗျာကောင်းကောင်းလေးတွေ ပိုင်ဆိုင်ရဖို့ ခဏခဏ အသည်းကွဲပြီး ခဏခဏ အရက်သောက်လို့ ပေါက်ကွဲခဲ့ဖူးတယ်။ အခုတော့ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်သွားပါပြီ။ သူ ပိုင်ဆိုင်ချင်တဲ့ အချစ်ကဗျာတွေတော့ စွန့်လွှတ်ရတော့မယ် ထင်ပါ့။ နောက် တစ်ယောက်ကတော့ သူများထက် အမြင်ပိုကျယ်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ စာတွေဖတ်ရင်း ဘဝင်ရူးသွားတဲ့အခါ သူ့မျက်စိတွေ စုံလုံးကန်း ကုန်တယ်။ စာဖတ်တာ ကောင်းပါတယ်။ စာဖတ်ပြီး ဘဝင်ရူးသွားရင်တော့ မကောင်းဘူးပေါ့။ ဒီအကြောင်းလေး ရှင်းပြချင်ပေမဲ့ ကျွန်တော့်သူငယ်ချင်းဟာ အကြားအာရုံပါ ဆုံးရှုံးသွားခဲ့လေပြီ။

တရားတစ်ပုဒ်မှာ နာကြားဖူးပါရဲ့။ ဒီဘဝမှာ ဒီခန္ဓာဟာ ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူး။ အငှားခန္ဓာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ ကုသိုလ်တွေ ပိုင်ဆိုင်ဖို့ ဒီအငှားခန္ဓာနဲ့ ရင်းနှီးမြှုပ်နှံရမှာပါ။ အခုတော့ ကျွန်တော်တို့ သတိမမူမိချိန်မှာပဲ အကုသိုလ်တွေ ပိုင်ဆိုင်ဖို့ အငှားခန္ဓာနဲ့ ရင်းနှီးမြှုပ်နှံပြီးတာ ရင်နာစရာ။ ဒီခန္ဓာဟာ အသက်ဓာတ်စာချုပ်နဲ့ ကတိပြု ချုပ်ဆိုထားတာပါ။ အသက်ဓာတ် စာချုပ်ပြည့်တဲ့နေ့ ဒီခန္ဓာကို သဘာဝတရားကြီးက ပြန်သိမ်းသွားမှာပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့အရာတွေက ကျွန်တော်တို့ တကယ်လိုအပ်တဲ့အရာတွေ ဖြစ်ဖို့တော့ လိုတာပေါ့။ မဟုတ်ရင် ရင်နာစရာ။

ဘာပဲပြောပြော ကျွန်တော်တို့ဘဝမှာ ပိုင်ဆိုင်မှုကိစ္စဟာ အမြဲရှင်သန်နေမှာပါ။ ဘယ်သူမဆို တစ်ခုခုကို ပိုင်ဆိုင်ဖို့ ကြိုးစားကြတာချည်းပါပဲ။ သူတော်ကောင်းတွေကတော့ သံသရာကို ဖြတ်တောက်မယ့် တရားတော်ကို ပိုင်ဆိုင်ဖို့ ဒီဘဝမှာ ပိုင်ဆိုင်ထားသမျှကို  စွန့်လွှတ်တတ်ကြပါတယ်။ တချို့လူများကျတော့ သံသရာအဓွန့်ရှည်ဖို့  ဒီဘဝမှာ ပိုင်ဆိုင်သင့်တာထက် ပိုပိုင်ဆိုင်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြလေရဲ့။ သေချာတာကတော့ ကုသိုလ်နဲ့  အကုသိုလ်ကလွဲရင် ကျွန်တော်တို့ တကယ်ပိုင်ဆိုင်တဲ့အရာတွေကို ကျွန်တော်တို့ တကယ်မပိုင်ဆိုင်ပါဘူးလေ။

 

Most Read

Most Recent