သတင်းစာထဲက ခုန်ထွက်လာတဲ့ သတင်းများ

သတင်းစာထဲက ခုန်ထွက်လာတဲ့ သတင်းများ
Published 19 November 2019
ပြည်သစ်ဟန်

လက်ဖက်ရည် ပုံမှန်တစ်ခွက် မှာပြီးတာနဲ့ သတင်းစာရဲ့စာမျက်နှာတိုင်းဆီက ခေါင်းစီးတွေကို တစ်ခုချင်း အရင်လိုက်ကြည့်နေမိတယ်။ စတီးထိုင်ခုံရဲ့ မာကျောမှုနဲ့ ခန္ဓာကိုယ်က အရိုးတွေနဲ့တော့ အံကိုက်ပါပဲ။ နာကျင်ရ တယ်လေ။ လက်ဖက်ရည်ခွက်ရောက်လာတယ်ဆိုရင်ပဲ ဇွန်းနဲ့မွှေပြီး တစ်ငုံမော့သောက်လိုက်တယ်။ ပြီးတော့ သတင်းစာကိုပဲ ကိုယ်နှစ်သက်ရာအကျဉ်းလောက် လိုက်ဖတ်နေမိတယ်။ လက်ဖက်ရည်ဆိုင်ကတော့ ဆူညံတဲ့ အသံတွေနဲ့ အမြဲမိတ်ဖွဲ့နေတတ်တဲ့သဘော သဘာဝထဲကဇာတ်လိုက်ပါပဲ။ သူ့ဝိုင်းနဲ့သူ့ အဖွဲ့နဲ့အားလုံးဟာ တစ်ခုံချင်းဆီမှာ စီးဆင်းနေတာပါပဲ။

လက်ဖက်ရည်ဆိုင်ရှေ့တည့်တည့်က လမ်းမဘက်ကို ကျွန်တော်ကြည့်မိနေစဉ် လူတွေရုတ်ရုတ်နဲ့ ပြေးလွှားသွားကြတာကို တွေ့လိုက်ရတယ်။ အသံတွေကလည်း ဆူညံလာတော့တယ်။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်အပြင်ကို ခဏထွက်ကြည့်မိလိုက်တယ်။ ဆိုင်ကယ်ကို ကားက ပွတ်ဆွဲသွားမိခြင်းပင်။ ဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ အမျိုးသမီးက ပွန်းပဲ့ဒဏ်ရာတချို့ရဲ့ နာကျင်မှုကို အော်ဟစ်ညည်းတွားနေတော့တယ်။ ခြေထောက်တစ်ဖက်ကိုတော့ ပတ်တီးစီးသူက ၀ိုင်းစည်းပေးနေကြတယ်။ ပွတ်ဆွဲမိတဲ့ကားကတော့ အနားမှာရှိဟန် မတူတော့ပါဘူး။ အနားရောက်ရှိနေကြတဲ့သူတွေလည်း တစ်ယောက်နဲ့တစ်ယောက် ကားနဲ့ဆိုင်ကယ်ပွတ် တိုက်မိတဲ့အကြောင်းကို သတင်းကူးလူးပေးနေကြတယ်။ ကျွန်တော်လည်း “အော်... ဒါလည်း အနီးအနား သတင်းပေးနည်းတစ်မျိုးပါလား” ဆိုပြီး ရေရွတ်မိတယ်။ အဲဒီအဖြစ်အပျက်မြင်ကွင်းဟာ ခဏအတွင်းမှာပဲ စက္ကူအလိပ်တစ်လိပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွားတော့တယ်။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်ထဲ ပြန်ဝင်လာခဲ့တယ်။

ခဏတော့ ကျွန်တော်လည်း လက်ဖက်ရည်ကို အေးဆေးထိုင်သောက်နေခဲ့မိတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်းခုံမှာတော့ အသက် ၄၀ ဝန်းကျင်ခန့် လူတစ်ယောက်ဟာ ခန္ဓာကိုယ်ကိုအငြိမ်မနေဘဲ တလှုပ်လှုပ်နဲ့ လက်ဖက်ရည်သောက်လိုက်၊ အီကြာကွေးစားလိုက်နဲ့ ရှိနေတယ်။ ကျွန်တော့်ဘက်ကိုတော့ တစ်ခါတစ်ခါ စိတ်ဝင်စားဟန်နဲ့ စိုက်ကြည့်နေတတ်တယ်။ တော်ကြာတလှုပ်လှုပ်နဲ့ လက်ဖက်ရည် သောက်နေပြန်တယ်။ ခဏပဲကြာပါတယ် ကျွန်တော့်ကို တစ်ခါစိုက်ကြည့်နေပြန်တယ်။ ကျွန်တော်လည်း သိပ်ဂရုမူမနေတော့ဘဲ သတင်းစာကို ခဏချထားပြီး ဖုန်းကိုကြည့်နေလိုက်တယ်။

ခဏကြာတော့ အဲဒီလူဟာ ကျွန်တော့်အနားကိုလျှောက်လာပြီး သတင်းစာခဏဖတ်ချင်လို့ဆိုပြီး သတင်းစာကို ခဏငှားတော့တယ်။ ကျွန်တော်လည်း ကိုယ်မဖတ်ဖြစ်သေးတာနဲ့ ပေးလိုက်ပါတယ်။ သူလည်း သူ့စားပွဲမှာ ပြန်ထိုင်ပြီး သတင်းစာကို ဟိုလှန်ဒီလှန် လိုက်ကြည့်နေတော့တယ်။ အခြေအနေကတော့ သတင်းစာကိုကြည့်လိုက် လက်ဖက်ရည်သောက်လိုက်နဲ့ အဲဒီလူဟာ ဟန်ကျနေတော့တယ်။ ဒီတစ်ခါ  မကြာမကြာကြည့်နေမိတာက ကျွန်တော်ပြန်ဖြစ်နေခဲ့တယ်။ သတင်းစာပြန်မပေးမှာကို မယုံသင်္ကာလို့တော့ မဟုတ်ပါ။ အမှတ်မထင်ဘဲသာ အဲဒီလူကို မကြာခဏ လှမ်းကြည့်နေမိခြင်းပင်။

အဲဒီလူဟာ ပထမတော့ သတင်းစာရဲ့ နောက်ကျောဖုံးကို ပြူးပြဲကြည့်နေတာ ကျွန်တော် သတိပြုမိတယ်။ သူဘာကိုစိတ်ဝင်စားနေလဲဆိုတာတော့ မသိပါ။ ဒါပေမဲ့ သူအဲလိုကြည့်နေချိန်မှာ သူ့ရှေ့မှာက အားကစားသုံး ပစ္စည်းတွေဟာ ခုန်ပေါက်နေတော့တယ်။ သူဒါကို သတိမပြုမိဘူး။ နဖူးကို ဘောလုံးတက်မှန်မှ ဒုက္ခရောက်နေဦးမယ်။ နောက်တော့မှ ရှေ့မျက်နှာဖုံးကို အကြာကြီးကြည့်နေ ပြန်တော့တယ်။ ကျွန်တော်ကလည်း အဲဒီအချိန်မှာ တစ်ခုတွေးမိတယ်။ ဒီလူတော့ ရှေ့မျက်နှာဖုံးက ဒီရက်ရဲ့ ထိပ်တန်းသတင်းခေါင်းစဉ်တွေကို ဖတ်နေလောက်ပြီလို့ တွေးမိတယ်။ နောက်ပြီးတော့ အတွင်းသတင်းရဲ့ အကျဉ်းအတိုလေးတွေကိုလည်း ဖတ်နေလောက်ပြီလို့ ထပ်တွေးမိတယ်။ အဲဒီအချိန်မှာတော့ သူ့အရှေ့မှာ ကျည်ဆန်တွေ၊ ဗုံးဆန်တွေက ဖြတ်သန်းနေကြတယ်။ အော်ဟစ်သံတွေကလည်း ဆူညံနေတော့တယ်။ ပြေးလွှားနေတဲ့ အရိပ်တွေလည်း ပေါ်နေတယ်။ အဲဒါကိုလည်း ဒီလူ သတိမပြုမိပြန်ဘူး။ နားထင်ထဲ ကျည်ဆန်ဖောက်ဝင်သွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။ ဒီလိုနဲ့ ကျွန်တော်တွေးနေတုန်း သူဟာ အတွင်းစာမျက်နှာ တစ်ရွက်နှစ်ရွက်ကို ထပ်ပြီးလှန်ကြည့်နေတော့တယ်။ ကျွန်တော်လည်း ဒီလူတော့ ကာတွန်းတချို့နဲ့ သတင်းစာခေါင်းကြီးကို ဖတ်နေလောက်ပြီလို့ ထပ်တွေးမိပြန်တယ်။ အဲဒီအချိန်မှာလည်း သူ့အရှေ့မှာ ရယ်မောနေသံတွေနဲ့ သက်ပြင်းချနေကြတဲ့ အသံတွေဟာ လူတစ်စုဆီကနေ ထွက်ပေါ်နေခဲ့တယ်။ အဲဒီလိုတွေးပြီး ကျွန်တော်လည်း သူ့ဆီကအကြည့်ကိုခွာကာ ဆေးလိပ်တစ်လိပ်မီးညှိပြီး ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လိုက်တယ်။

ဒါပေမဲ့ ကျွန်တော် ကြာကြာမနေနိုင်ပါဘူး။ အဲဒီလူဆီသာ အကြည့်က ထပ်ရောက်သွားပြန်တယ်။ သူက သတင်းစာရဲ့စာမျက်နှာရှစ်မျက်နှာ၊ ကိုးမျက်နှာလောက်ကို ရောက်နေခဲ့ပြီ။ ကျွန်တော်ထင်တယ်။ ဒီလူ အခုလောက်ဆို အက်ဆေးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေကို ဖတ်နေလောက်ပြီဆိုတာကိုပဲ မှန်းဆတွေးနေမိပြန်တယ်။ အဲဒီအချိန်မှာတော့ သူ့ရှေ့မှာ ဦးနှောက်တွေနဲ့ နှလုံးသားတွေဟာ အခွေလိုက် ပြုတ်ကျလာနေတော့တယ်။ သူကတော့ ဘာကိုမှ သတိမပြုမိပြန်ဘူး။ ဒီလိုနဲ့ ခဏကြာတော့ သတင်းစာရဲ့ စာမျက်နှာတစ်ဝက်လောက်ကို ရောက်သွားပြီလို့ ကျွန်တော်ထင်လိုက်မိတယ်။ အဲဒီအခါ သူ ထင်ရှားတဲ့သတင်းနဲ့ သတင်းအတိုတချို့ကို ဖတ်နေလောက်ပြီဆိုတာကို တွက်ဆလိုက်မိပြန်တယ်။ အဲဒီအချိန်မှာ သူ့စားပွဲခုံရဲ့ဘေးပတ်ချာလည်မှာ လူတစ်ပိုင်း၊ သစ်ပင်တစ်ပိုင်းနဲ့အရာတွေ၊ စက်ပစ္စည်းတစ်ပိုင်း၊ လူတစ်ပိုင်း နဲ့အရာတွေ၊ အဆောက်အအုံတွေတစ်ပိုင်း၊ နည်းပညာပစ္စည်းတွေတစ်ပိုင်းနဲ့ အရာတွေ ဝန်းရံနေတော့တယ်။ ကျွန်တော်တော့ သူ့အစား လန့်နေမိတယ်။ ကျွန်တော် အဲဒီလို သတိထားကြည့်နေတာကို သူရိပ်မိသွားပုံရလာတာနဲ့ ကျွန်တော်လည်း မသိမသာ ရေနွေးကိုသာ ပြန်သောက်နေခဲ့တယ်။ သူ့စိတ်ထဲမှာတော့ ဘယ်လိုထင်နေမလဲတော့မသိပါ။ ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်မှာ အတော်ကြာ နေခဲ့ပြီ။

ကြာကြာတော့ မနေနိုင်ပါဘူး။ အဲဒီလူဆီသာ အကြည့်က ရောက်သွားခဲ့ပြန်တယ်။ အဲဒီအချိန်မှာတော့ သူဟာ သတင်းစာရဲ့ စာမျက်နှာတွေ ကုန်ခါနီးနေရာရောက်နေပါပြီ။ သေချာတယ်၊ ဒီလူကမ္ဘာနဲ့ မြန်မာက အနုပညာသတင်းတွေ၊ အားကစားသတင်းတွေကို ဖတ်နေလောက်ပြီဆိုတာကိုပါ။ အဲဒီစာမျက်နှာတွေမှာတော့ သူဟာ အတော်လေးကြာနေခဲ့တယ်။ အဲဒီအခါမှာတော့ သူ့အနောက်နဲ့ အရှေ့မှာ ဂီတဖျော်ဖြေပွဲတွေနဲ့ အားပေးသံတွေ၊ အနိုင်အရှုံးတစ်ခုကို ဝေဖန်နေကြတဲ့လူတွေဟာ သူ့ကိုညှပ်ပိတ်ထားတော့တယ်။ ဒါကိုလည်း သူမသိဘူး။ ပြီးတော့မှ နောက်ကျောဖုံးကို ခဏကြည့်ပြီး ရှေ့မျက်နှာဖုံးဘက် ပြန်ရောက်သွားတော့တယ်။ ကျွန်တော် ဒီလူသတင်းစာကို အတော်လေး အသေအချာဖတ်တာပဲလို့ စိတ်ထဲက ချီးကျူးနေမိတယ်။ သူ့ ဘေးက အရာတွေကိုလည်း ဘာမှ သူသတိ မပြုမိဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော် က သတင်းစာကို ပြန်ဖတ်ချင်နေခဲ့ပြီ။ သူ ပြန်ပေးလာမယ့် အရိပ်အခြေကို ခဏတော့ စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ပြန်မပေးသေးဘဲ မျက်နှာဖုံးဆီကိုသာ အကြာကြီးစိုက်ကြည့်နေပြန်တယ်။ စိတ်ထဲကနေ ခက်တော့နေပြီလို့ ရေရွတ်လိုက်မိတယ်။

ကျွန်တော့်မှာ သတင်းစာဝယ်ပြီး လက်ဖက်ရည်ဆိုင်မှာ အေးဆေးဖတ်မယ်လို့ စိတ်ကူးထားမိတာ အခုတော့ သတင်းစာသာ မြန်မြန်ကိုယ့်ဆီဘယ်တော့ပြန်ရောက်လာမလဲ ဆိုတာကိုသာ ဆုတောင်းနေရတော့တယ်။ ဒီကြားထဲ သူသတင်းစာဖတ်နေတာကိုကြည့်ပြီး သတင်းစာထဲက ခုန်ထွက်လာတဲ့အကြောင်း တွေကိုပါ လိုက်တွေးနေမိတယ်။ ကျွန်တော်က သူ့ကို ကြာကြာအကဲခတ်ကြည့်လေလေ သူက မလုံမလဲဖြစ်လာလေလေနဲ့  သတင်းစာရှေ့မျက်နှာဖုံးဆီမှာသာ အာရုံစိုက်နေတော့တယ်။

လက်ဖက်ရည်ဆိုင်ထိုင်နေခဲ့တာလည်း ကျွန်တော်အတော်လေးကြာနေခဲ့ပြီ။ အလုပ်တွေကလည်း ရှိသေးတယ်။ အဲဒါနဲ့ကျွန်တော် သူပြန်ပေးအလာကို မစောင့်တော့ဘဲ ကိုယ့်ဘာသာပြန်တောင်းမှသာ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ တစ်နည်းတွေးမိတာက စားပွဲထိုးညီလေးကို လှမ်းခေါ်ပြီး ငွေရှင်းလိုက်ရင် ကျွန်တော်ပြန်တော့မယ်မှန်း သူသိသွားပြီး သတင်းစာပြန်ပေးနိုင်တယ်။ ကျွန်တော် ချက်ချင်း အဲဒီအကြံအစည်ကိုပဲ အကောင်အထည်ဖော်လိုက်တယ်။ လက်ဖက်ရည်ဖိုးငွေရှင်းပြီးတာနဲ့ သူ့ရဲ့တုံ့ပြန်မှုကို ကြည့်လိုက်တော့ ဘာမှထူးခြားမလာပြန်ဘူး။ သတင်းစာကိုသာ ပြန်လှန်ကြည့်နေခဲ့ပြန်တယ်။ ခက်တော့နေပြီ။ ကျွန်တော်လည်း စိတ်ကမရှည်တော့တာနဲ့ လွယ်အိတ်ကိုလွယ်ပြီး အဲဒီလူဆီ လျှောက်သွားလိုက်တော့တယ်။ ပြီးတော့မှ ပြန်မလို့ပြောပြီး သတင်းစာကိုတောင်းလိုက်ရတော့တယ်။ တော်တော်မောရတဲ့ အဖြစ်ပါဗျာ။

 

 

 

Most Read

Most Recent