၂၀၁၉ ခုနှစ် စက်တင်ဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၉ ဒသမ ၈၅ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်

၂၀၁၉ ခုနှစ် စက်တင်ဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၉ ဒသမ ၈၅ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်း တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်း တစ်နေရာကို တွေ့ရစဉ်
Published 18 November 2019
စည်သူအောင်

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၉ ဒသမ ၈၅ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၆၁၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၄၁ ဒသမ ၉၁ နှင့် အုပ်စုအားလုံးအတွက် ၁၅၉ ဒသမ ၈၅ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ် ကာလတူထက် စားသုံးသူ စျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်း စျေးနှုန်းများ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၁၄၈ ဒသမ ၉၅ အထိ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ် ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက် စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူ စျေးဆနှုန်းမှာ အနည်းငယ် ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက် ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း ပြန်လည် မြင့်တက်ခဲ့ရာ စက်တင်ဘာလအထိ ဆက်လက် မြင့်တက်နေသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ က သုံးသပ် တင်ပြထားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူ စျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျဆင်းနေပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သိသာစွာ မြင့်တက်မှုမရှိဘဲ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြင့်တက်ခဲ့သည်ကို တွေ့ရသည်။  လအလိုက် ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် အများဆုံး မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စု ဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။

စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။    

Most Read