ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် ပြည်တွင်းရေးမူဝါဒ

ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် ပြည်တွင်းရေးမူဝါဒ
Published 17 November 2019

လူအများက နေ့စဉ်ဘဝကို နိုင်ငံရေးနှင့် ဆက်နွှယ်မှုမရှိဟု ထင်မြင်လေ့ရှိကြသည်။ နိုင်ငံရေးဟူသည် နိုင်ငံရေးသမားများ၊ ဥပဒေဆိုင်ရာ လုပ်ငန်းများ၊ ရုံးလုပ်ငန်းများနှင့်သာ သက်ဆိုင်ပြီး သာမန်ပြည်သူများ ဘာမျှမသိသောအရာနှင့် ဝင်ရောက်ပြောဆိုရန် မသင့်သောအရာဟူ၍ မှတ်ယူတတ်ကြသည်။ နိုင်ငံရေးဟူသည် ဘဝနှင့်ပတ်သက်သော အကြောင်းအရာဖြစ်သည်ကို လူအများ နားမလည်တတ်ကြပေ။ အစိုးရသည် နိုင်ငံသားတို့၏ နေ့စဉ်ဘဝအပေါ် သက်ရောက်သော ဆုံးဖြတ်ချက်များကို ချမှတ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေ့သို့ တိုးတက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင်၏ လက်ဖြင့် ခံယူရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထု ဖြစ်သည်။ အဆောက်အအုံတစ်ရပ် ဖြစ်သည်။ သဘောထား အယူအဆတစ်ရပ်လည်း ဖြစ်သည်။ ယင်းအရာများ အားလုံးသည် နိုင်ငံတစ်နိုင်ငံဟူသော နိုင်ငံရေးအရ သတ်မှတ်ချက်ထက် များစွာပိုသည်။ နိုင်ငံတစ်နိုင်ငံဟူသည် နိုင်ငံသားတို့၏အကြောင်း ဖြစ်သည်။ နိုင်ငံသားတို့၏ ဘဝဖြစ်သည်။ ထို့ကြောင့် နိုင်ငံကို ချစ်မြတ်နိုးခြင်းသည် မိမိကိုယ် မိမိ ချစ်မြတ်နိုးခြင်းပင် ဖြစ်သည်။ နိုင်ငံရေးအသိစိတ် ရှိခြင်းဟူသည် မိမိကိုယ်မိမိ စောင့်ရှောက်လိုစိတ် ရှိခြင်းပင်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ အားလုံးသော အကြောင်းအရာ၊ လုပ်ဆောင်ချက်တို့နှင့် တိုက်ရိုက်ပတ်သက်သော အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြည်တွင်းရေး မူဝါဒဟု ခေါ်သည်။ ပြည်တွင်းရေး မူဝါဒသည် ကမ္ဘာ့နိုင်ငံရေး၌ နိုင်ငံတစ်နိုင်ငံ၏ အစိုးရက နိုင်ငံ၏အကျိုးစီးပွားဆီသို့ ချဉ်းကပ်ရာ နည်းလမ်းဖြစ်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲပြားခြားနားသည်။ ပြည်တွင်းရေးမူဝါဒသည် လုပ်ငန်းများ၊ ပညာရေး၊ စွမ်းအင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဥပဒေထိန်းသိမ်းရေး၊ ငွေကြေးနှင့် အကောက်ခွန်၊ သဘာဝရင်းမြစ်များ၊ လူမှုဖူလုံရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များဟူ၍ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြည်တွင်းရေးမူဝါဒများစွာတို့သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၌ အစိုးရက မည်သည့်အတိုင်းအတာအထိ ပါဝင်မည်နည်းဟူသည်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြရသည်။

နိုင်ငံတစ်နိုင်ငံ၏ အစိုးရပုံစံသည် ယင်း၏ ပြည်တွင်းရေးမူဝါဒ ဖွဲ့စည်းပုံနှင့် အကောင်အထည်ဖော်ပုံကို အကြီးအကျယ် အဆုံးအဖြတ်ပေးနိုင်သည်။ အာဏာရှင်အစိုးရများ လက်အောက်၌ အုပ်စိုးသူတစ်စုသည် အုပ်ချုပ်ခံ ပြည်သူတို့၏ ပါဝင်မှု သို့မဟုတ် သဘောတူမှု မပါဘဲ ပြည်တွင်းရေးမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ကြသည်။ သို့သော် ဒီမိုကရေစီလူ့အဖွဲ့အစည်းများ၌ ပြည်သူတို့၏ဆန္ဒသည် ပြည်တွင်းရေးမူဝါဒများအပေါ် အကြီးအကျယ်သက်ရောက်မှု ရှိသည်။ ဒီမိုကရေစီနိုင်ငံတွင် ပြည်တွင်းရေးမူဝါဒ၏ တရားဝင်ပုံစံသည် ရွေးကောက်တင်မြှောက်ခံ ခေါင်းဆောင်များ၊ ဥပဒေပြုအဖွဲ့များနှင့် အစိုးရ၏ အထူးပြုအေဂျင်စီများ၏ တာဝန်ယူမှုအပေါ်၌ အဓိကမူတည်သည်။ သို့သော် အခြားအကြောင်းခြင်းရာများလည်း လုပ်ငန်းစဉ်၌ ပါဝင်သည်။ ဥပမာအားဖြင့် မဲဆန္ဒရှင်ပြည်သူများက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်နိုင်ငံရေးပါတီက မူဝါဒကို ဆုံးဖြတ်နိုင်သည့်အာဏာ ရှိရမည်ဟု အဆုံးအဖြတ်ပေးနိုင်သည်။ လူထုမီဒီယာများက ပြည်တွင်းရေးအကြောင်းအရာများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖြန့်ဝေပေးပြီး လူများ၏ ယုံကြည်မှုနှင့် ထင်မြင်ချက်အပေါ် သက်ရောက်မှုရှိသည်။

ပြည်တွင်းရေးမူဝါဒ၏ ထိရောက်မှုသည် အစိုးရ၏ ဗျူရိုကရေစီယန္တရားအပေါ်၌ မူတည်နေပြီး ဥပဒေများနှင့် အစီအစဉ်များကို လုပ်ဆောင်ချက်အဖြစ် အကောင်အထည်ဖော်ရသည်။ အချို့ကိစ္စရပ်များတွင် ဗျူရိုကရေစီယန္တရားသည် နှေးကွေးခြင်း သို့မဟုတ် ထိရောက်မှုမရှိခြင်း ဖြစ်ပေါ်နိုင်သကဲ့သို့ မူလက ရည်ရွယ်ထားသည့်အတိုင်း မူဝါဒများကို ကျင့်သုံးအကောင်အထည်ဖော်နိုင်မှု မအောင်မမြင် ဖြစ်ရသည်လည်း ရှိသည်။ ပြည်တွင်းရေးမူဝါဒများအနေဖြင့် တရားရုံးများ၌ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။ နိုင်ငံများစွာတို့တွင် တရားရုံးတို့သည် တရားစီရင်မှုဆိုင်ရာ ပြန်လည်သုံးသပ်နိုင်သည့် အခွင့်အာဏာရှိပြီး နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် မည်သည့်ဥပဒေမဆိုနှင့် မည်သည့်သမ္မတ/ဝန်ကြီးချုပ်တို့၏ အမိန့်/လုပ်ဆောင်ချက်ကို မဆို ပယ်ချပိုင်ခွင့်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းရေးမူဝါဒမှန်သမျှသည် ပြည်သူတို့၏ နေ့စဉ်ဘဝ ကံကြမ္မာများနှင့် ပတ်သက်နေသောကြောင့် ပြည်သူအများစု၏ အကျိုးစီးပွားနှင့် ဆန္ဒတို့မှနေ၍ သွေဖည်ရန် မသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (နိုဝင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent