ယူရို-၂၀၂၀ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်
Published 16 November 2019

အဇာဘိုင်ဂျန် နှင့် ဝေးလ်စ် (စနေည ၁၁း၃၀ နာရီ)

အဇာဘိုင်ဂျန်က အုပ်စုတွင်းအားအနည်းဆုံးအသင်းဖြစ်ပြီး (၆)ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲတောင် မရသေးဘူး။ ဝေးလ်စ်က ဒီပွဲနိုင်ရင် အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိပါတယ်။ လူအင်အားရော၊ ခြေစွမ်းပါ ကွာနေလို့ အဝေးကွင်းဆိုပေမယ့် ဝေးလ်စ် အနိုင်ရလိမ့်မယ်။

ရုရှား နှင့် ဘယ်လ်ဂျီယံ (စနေည ၁၁း၃၀ နာရီ)

ရုရှားနဲ့ ဘယ်လ်ဂျီယံက ဒီအုပ်စုမှာ (၃)မှတ်ကွာနေပြီး ဘယ်လ်ဂျီယံက ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လ်ဂျီယံက (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲမှာသာ ရုရှားက (၂-၀)နဲ့ နိုင်မယ်ဆိုရင် အမှတ်တူသွား မှာဖြစ်သလို၊ Head to Head အသာနဲ့ အုပ်စုနောက်ဆုံးပွဲမတိုင်ခင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်တယ်။ နောက်ဆုံးပွဲမှာတော့ ရုရှားက ဆန်မာရီနိုနဲ့ ကစားရမှာဖြစ်လို့ အုပ်စုဗိုလ်နေရာကို ထိန်းနိုင်ဖို့ သေချာသွားမယ်။ ဒါပေမဲ့ ရုရှားအတွက် လုပ်ရမယ့် အလုပ်က (၂)ဆင့်ဖြစ်နေတယ်။ နိုင်ဖို့ လိုသလို၊ အထက်မှာဆိုခဲ့သလို၊ (၂-၀)ဂိုး၊ သို့မဟုတ် (၂)ဂိုးပြတ်နဲ့အထက် နိုင်ဖို့ လိုနေတာက ဘယ်လ်ဂျီယံလိုအသင်းမျိုးကိုတော့ လုပ်နိုင်ဖို့ မလွယ်ဘူး။ နောက်ဆုံး (၇)ပွဲဆက်အနိုင်ရခဲ့တယ်ဆိုပေမယ့် ဒုတိယတန်းစားအဆင့်လောက်က စကော့တလန်ပဲ ရှိတယ်။ ဘယ်လ်ဂျီယံက ရုရှားထက် တစ်ဦးချင်းပိုကောင်းသလို၊ စုဖွဲ့မှုလည်း သာတယ်။ ရုရှားအားသာတာဆိုလို့ အိမ်ကွင်းမှာ ကစားရတာနဲ့ နိုင်ပွဲဆက်နေတာပဲ ရှိပြီး၊ တစ်ဖက်မှာ ဘယ်လ်ဂျီယံကလည်း Current Form အရမ်းကောင်းတယ်။ ရုရှားသရေလောက်ပဲ ရပါလိမ့်မယ်။

မြောက်အိုင်ယာလန် နှင့် နယ်သာလန် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

(၈)ပွဲစီကစားကြရမယ့် အုပ်စုမှာ နယ်သာလန်နဲ့ ဂျာမနီက အမှတ်တူအနေအထားနဲ့ ထိပ်ဆုံးမှာရှိနေကြတယ်။ ဒါပေမဲ့ Head to Head အရ နယ်သာလန်က အသာစီးယူထားနိုင်လို့ လက်ကျန်နှစ်ပွဲစလုံး အနိုင်ကစားရင် နယ်သာလန်အုပ်စုဗိုလ်နေရာရပါပြီ။ မြောက်အိုင်ယာလန်ကတော့ ဒီနှစ်သင်းရဲ့နောက် (၃)မှတ်အကွာနဲ့ ရပ်တည်နေတယ်။ ဒါပေမဲ့ လက်ကျန်နှစ်ပွဲက နယ်သာလန်၊ ဂျာမနီတို့နဲ့ ဖြစ်နေတဲ့အပြင်၊ ပထမအကျော့မှာ နှစ်သင်းစလုံးကို ဂိုးပြတ်တွေနဲ့ ရှုံးထားပါတယ်။ ဒါပေမဲ့ ဒီပွဲကို အိမ်ကွင်းမှာ (၂-၀)လောက်နဲ့ ပြန်နိုင်ရင်တော့ လောလောဆယ်အနေအထားအရ နယ်သာလန်ကို ကျော်တက်နိုင်မှာဖြစ်တယ်။ မျှော်လင့်ချက်နည်းနေပေမယ့် မြောက်အိုင်ယာလန်အတွက် ဒါက နောက်ဆုံးအခွင့်အရေးလိုဖြစ်နေတာကို သတိပြုရမယ်။ မြောက်အိုင်ယာလန်ရဲ့ပြဿနာက နယ်သာလန်က လက်ရှိအချိန်မှာ ကြယ်ပွင့်ကစားသမားအများကြီးနဲ့ အကောင်းဆုံးပုံစံရနေပြီး၊ ဘဲလ်ဖတ်စ်ကို မလာခင်မှာ (၄)ပွဲဆက်နိုင်ပွဲယူခဲ့တယ်။ ဒဏ်ရာကြောင့် ဒီပိုင်းမပါရင်တောင် နယ်သာလန်တိုက်စစ်က ပြဿနာမရှိပါဘူး။ နယ်သာလန် (၁-၂)လောက်နဲ့ နိုင်မယ်။

ဂျာမနီ နှင့် ဘီလာရုစ် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

နယ်သာလန်သာ မြောက်အိုင်ယာလန်မြေမှာ ခြေချော်ခဲ့ရင် ဂျာမနီက အုပ်စုဗိုလ်နေရာအတွက် အခြေအနေကောင်းပါပြီ။ နောက်ဆုံးပွဲမှာ မြောက်အိုင်ယာလန်နဲ့ ကစားရဦးမယ်ဆိုပေမယ့် အိမ်ကွင်းမှာပဲ ကစားရမှာပါ။ ဒါပေမဲ့ အရင်ဆုံးမဖြစ်မနေလုပ်ဖို့ လိုနေတာက ဒီပွဲမှာ အနိုင်ရဖို့ ဖြစ်တယ်။ ပထမအကျော့တုန်းက ဘီလာရုစ်မြေမှာ (၂-၀)နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာလည်း ဂျာမနီ (၃-၀၊ ၄-၁)လောက်နဲ့ ထပ်နိုင်ဦးမှာပါ။

ခရိုအေးရှား နှင့် ဆလိုဗက်ကီးယား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဆလိုဗက်ကီးယားက နောက်ဆုံးပွဲကို အဇာဘိုင်ဂျန်နဲ့ ကစားရမှာဖြစ်လို့ (၃) မှတ်သေချာတယ်။ ဒီပွဲမှာသာ ခရိုအေးရှားကို သရေလောက် ခံကစားနိုင်ရင် အုပ်စု ဒုတိယနေရာအတွက် မျှော်လင့်ချက် အားကောင်းလာနိုင်တယ်။ ဒါပေမဲ့ အုပ်စုဗိုလ်နေရာသေချာဖို့ ခရိုအေးရှား အနိုင်ကစားမှာပါ။

အစ္စရေး နှင့် ပိုလန် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ပထမအကျော့တုန်းက ပိုလန်မြေမှာ အစ္စရေး ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီပွဲမှာတော့ အစ္စရေးက အိမ်ကွင်းဖြစ်တာမို့ သရေလောက် ကစားနိုင်မှာပါ။

သြစတြီးယား နှင့် မက်ဆီဒိုးနီးယား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

သြစတြီးယားက ဒီပွဲနိုင်ရင် အနည်းဆုံး အုပ်စုဒုတိယနေရာ သေချာပါပြီ။ အိမ်ကွင်းမှာ သေချာပေါက် အနိုင်ကစားလိမ့်မယ်။

အခြားပွဲစဉ်များ

ဆိုက်ပရပ်စ် နှင့် စကော့တလန် (စနေည ၈း၃၀ နာရီ)

ဆလိုဗေးနီးယား နှင့် လတ်ဗီးယား (စနေည ၁၁း၃၀ နာရီ)

ဆန်မာရီနို နှင့် ကာဇက်စတန် (စနေည ၁၁း၃၀ နာရီ)

Most Read

Most Recent