ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားရှိ ရှုခင်းသာ အနီးတွင် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက TNLA လက်နက်ကိုင်အဖွဲ့က ပြည်ထောင်စု ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသည့်ယာဉ်များအား လမ်းပိတ်ဆို့ကာ တားဆီးထားသောကြောင့် မူဆယ်ဘက်သို့ သွား မည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်အများအပြား ကွတ်ခိုင်အထွက် တိုးဂိတ် တွင်စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မှ မူဆယ်ဘက်အထွက်ဘက်တွင် ပစ်ခတ်သံများကြားသဖြင့် မူဆယ်ဘက်သို့ ထွက်ခွာ မည့်ယာဉ်များ ကွတ်ခိုင်တိုးဂိတ်တွင် ရပ်တန့်စောင့်ဆိုင်းခဲ့ကြခြင်းဖြစ်ပြီး နံနက် ၉ နာရီခွဲ တွင် စောင့်ဆိုင်းနေကြသည့်ယာဉ်များ မူဆယ်ဘက်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ကွတ်ခိုင်ကို မနက် ၅ နာရီလောက်ကတည်းက ရောက်တယ်။ တိုးဂိတ်ရောက်တော့ ရှေ့မှာ ပစ်ခတ်သံတွေကြား တယ်။လမ်းပိတ်ဆို့ထားတာတွေကြားတယ်။ အဲဒါနဲ့ ကားတွေ ဘယ်ကားမှ မထွက်ရဲကြဘူး။အကုန်အခြေအနေကို စောင့်ကြည့်နေကြတာပေါ့။ မနက် ၉ နာရီခွဲလောက်မှာတော့ တိုးဂိတ်ကလည်း ယာဉ်တွေ ဖြတ်သန်းခွင့်ပြုလိုက်တာနဲ့ အကုန်ထွက်လာကြတယ်။ကွတ်ခိုင်တိုး ဂိတ်မှာတော့ စောင့်နေတဲ့ကားတွေ တော်တော်များတယ်။ တန်းစီနေတာပဲ”ဟု မူဆယ်သို့ ကုန်စည်တင်ပို့နေသည့် ယာဉ်မောင်း ကိုစိုင်းလောဝ်က ဆိုသည်။
အဆိုပါ ယာဉ်များသည် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြား ရှုခင်းသာမရောက်မီ နမ့်ကွတ်ကျေးရွာအနီးတွင် အဆိုပါလက်နက်ကိုင်အဖွဲ့မှ ယာဉ်များအား လမ်းပေါ်တွင် ကန့်လန့်အနေအထားအတိုင်း လမ်းပိတ်ဆို့ ထားခြင်းကြောင့် ပြန်လည်စောင့်ဆိုင်းနေကြ ရကြောင်း သိရသည်။
“ကွတ်ခိုင်ကနေပြီး ကားတွေ တန်းစီထွက်လာလိုက်ကြတာ အလုအယက်ပဲ။နမ့်ကွတ်ရောက်တော့ ကားတွေ ပြန်တန်းသွားတယ်။ ကွတ်ခိုင်နဲ့ဆို ဘာမှမဝေးသေးဘူး။ ရှေ့မှာ ကားတွေကန့်လန့်ခံပြီး ပိတ်ထားတယ် ပြောတယ်။ ကျွန်တော်တို့ကားက နောက်မှာ တော်တော်လှမ်းတယ်။ ဘယ်ကားမှ ရှေ့ဆက် မတက်ရဲကြဘူး။ မူဆယ်ဘက်ကနေလာတဲ့ အဆင်းကားလည်းတစ်စီးမှ မရှိဘူး”ဟု ကိုစိုင်းလောဝ်က ဆက်လက်ပြောကြားသည်။
ယာဉ်မောင်းများသည် လမ်းဖြစ်စဉ် အခြေအနေပေါ်မူတည်၍နမ့်ကွတ်မှ တဖြည်းဖြည်းချင်း ထွက်ခွာလာရာ နေ့လယ် ၁၁ နာရီခန့်တွင် ရှုခင်းသာတာဝါတိုင်အနီးအရောက် လက်နက်ကြီး ပစ်ခတ်သံများ ကြားရသဖြင့် စောင့်ဆိုင်းနေကြရဆဲဖြစ်ပြီး ရှေ့ဆက်မောင်းနှင်သွားသော ခရီးသည်တင်ယာဉ်ငယ်များလည်း ပြန်လှည့်လာကြောင်း သိရသည်။















