စင်ကာပူနိုင်ငံကမြန်မာနိုင်ငံ၏ဆိုလာ စွမ်းအင်ကဏ္ဍနှင့်ဘဏ်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လာရောက် ဆွေးနွေးထားပြီး အခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင်လည်း နည်းပညာအကူအညီပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာ ထိပ်သီး တွေဆုံပွဲ၌ မီဒီယာများ၏မေးမြန်းမှုကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူးဦးသန့်စင်လွင်က ပြောကြားသည်။
ယခုနှစ်တွင် စင်ကာပူနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆိုင်ရာ အပိုင်းများနှင့် ငွေကြေးထောက်ပံ့မှုစသည့်အပိုင်းများတွင်မြှုပ်နှံရန် မျှော်လင့်ထားသည်ဟုလည်း သိရသည်။
“စင်ကာပူက ရင်းနှီးမြှုပ်နှံဖို့အကြောင်း ကြားထားတာကတော့ ဆိုလာစွမ်းအင်ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံဖို့လာပြောထားတာရှိပါတယ်။ ဘဏ်ပိုင်းဆိုင်ရာကိစ္စတွေ ပြောထားတာ ရှိပါတယ်။ များသောအားဖြင့် စင်ကာပူက တချို့ ကူညီနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကူညီနိုင်မယ့်နည်းပညာပိုင်းတွေပေးမယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ၄၉ နိုင်ငံတွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂ ဘီလျံခန့် ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။
“စင်ကာပူက မြန်မာနိုင်ငံမှာ ဒီနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ ရှိတဲ့ရင်းနှီးမြှုပ်နှံမှုအားလုံးဟာ တခြားနိုင်ငံတွေက ဖြတ်သန်းလာတာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို စင်ကာပူနဲ့ ဆောင်ရွက်နေတာ နှစ်စဉ်နှစ်စဉ်တိုး တက်ပြီး ဆောင်ရွက်လာတာရှိပါတယ်။ စင်ကာပူနဲ့ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်စာချုပ်တွေ ထပ်ပြီးချုပ်ဆိုထားတာလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ-စင်ကာပူစီးပွားရေးဆိုင်ရာ ထိပ်သီးတွေဆုံပွဲတွင်လည်း ယခင်က နှစ်ဦး သဘောတူထားသည့်ဆွေးနွေးမှုများကို ဆက်လက်ဆွေးနွေးခဲ့သည်ဟု သိရသည်။
“ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အိုးအိမ်နေရာချထားမှုများ၊ နိုင်ငံဖွံဖြိုးတိုးတက်မှု၊ စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာတွေ တခြားစင်ကာပူဘက်က ပေးထားတာတွေရှိ သလို ကျွန်တော်တို့ဘက်ကနေပြီးတော့မှ လိုအပ်ချက်တွေလည်းရှိတယ်။ အထူးသ ဖြင့် မူပိုင်ခွင့်ကိစ္စတွေ ဒါမျိုးတွေကို စင်ကာ ပူဘက်က နည်းပညာပိုင်းအရ ကူညီပေး မယ်လို့ သဘောတူထားတာရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။















