၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ၊ သွင်းကုန်ကဏ္ဍမှ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံရရှိရန် လျာထားပြီး ပို့ကုန်သည် သွင်းကုန်ထက် လျော့နည်းနေသောကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာနှစ်ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ၊ သွင်းကုန်ကဏ္ဍမှ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံရရှိရန် လျာထားပြီး ပို့ကုန်သည် သွင်းကုန်ထက် လျော့နည်းနေသောကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာနှစ်ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထား
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 15 November 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ၊ သွင်းကုန် တင်သွင်းမှုကဏ္ဍမှ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံရရှိရန် လျာထားကြောင်းနှင့် ပို့ကုန်သည် သွင်းကုန်ထက် လျော့နည်းနေသောကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ နှစ်ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၉၇ ဘီလျံကျော်ရှိကာ လျာထားချက်ဖြစ်သည့် ဒေါ်လာ ၃၁ ဘီလျံထက် ကုန်သွယ်မှုပိုမို ပြုလုပ်နိုင်ခဲ့သော်လည်း ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏတွင် ပို့ကုန်ပမာဏ ဒေါ်လာ ၁၆၉၁၉ ဒသမ ၉၂၅ သန်းနှင့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၈၀၅၉ ဒသမ ၉၂၃၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄၉၇၉ ဒသမ ၈၆၃ သန်း (ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံ) ရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ပြည်ပကုန်သွယ်မှု ပမာဏတွင် ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၁၆၄၄၆ ဒသမ ၇၀၇ သန်း၊ သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၁၉၄၄၈ ဒသမ ၆၅၆ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၈၉၇ ဒသမ ၃၆၃ သန်း (၃၅ ဒသမ ၈၉၅ ဘီလျံကျော်) ရရှိခဲ့သည်။

အဆိုပါကာလတူ နှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏထက် ဒေါ်လာ ၉၁၅ ဒသမ ၅၀၀ သန်း လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန်နှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ အထိ လျော့ကျရန် လျာထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျာထားချက်ပမာဏထက် ကုန်သွယ်မှု ပိုမိုပြုလုပ်နိုင်ခဲ့သော်လည်း ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

“ဘာလို့ ကုန်သွယ်ရေးလိုငွေ ဆက်ရှိနိုင်လဲလို့ပြောရင် ကျွန်တော်တို့ရဲ့ နံပါတ် (၁) အချက်က ကျွန်တော်တို့က ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်၊ စက်မှုနိုင်ငံ မဟုတ်သေးတဲ့အတွက် ဖြစ်ပါတယ်။ ဒါက နံပါတ် (၁) အချက်ပါ။ နံပါတ် (၂) အချက်က ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အအုံပိုင်းမှာ အားနည်းနေသေးတယ်။ အခြေခံ အဆောက်အအုံပိုင်းမှာ လိုအပ်တဲ့ပစ္စည်းတွေ သွင်းရသေးတယ်။ အဲဒီအတွက်ကို သွင်းကုန်လိုအပ်ချက် ဆက်ရှိနေဦးမယ်။ နံပါတ် (၃) အချက်ကတော့ ပို့ကုန်တင်ပို့နိုင်မှု အနေအထားက အမျိုးအစားအားဖြင့် နည်းနေသေးတယ်။ ပို့ကုန်အမျိုးအစား အားနည်းသေးတယ်။ ပို့ကုန်အမျိုးအစား အားနည်းတဲ့ အချက်ကတော့ စောစောကပြောတဲ့ နံပါတ် (၁) နဲ့ နံပါတ် (၂) က သက်ဆိုင်နေတာပေါ့။ အဲဒီတော့ နံပါတ် (၃) အချက်ဖြစ်တဲ့ ပို့ကုန်တင်ပို့နိုင်မှု အားနည်းတယ်။ အဲဒီတော့ သွင်းကုန်များမယ်၊ ပို့ကုန်နည်းမယ်ဆိုရင် ကုန်သွယ်ရေး လိုငွေကတော့ ဆက်ရှိတာပေါ့နော်။ ဒါပေမဲ့ နံပါတ် (၄) အချက်အနေနဲ့ ငွေလဲနှုန်းသည် လွန်ခဲ့တဲ့ သုံးနှစ်၊ ငါးနှစ်နဲ့စာရင် တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ ကျွန်တော်မြင်ရသလောက် ပြောရရင် ဗဟိုဘဏ် က ငွေကြေးစျေးကွက်ကို ပိုမိုထိန်းချုပ်လာနိုင်တာ တွေ့ရတယ်။ အရင်က ငွေကြေးစျေးကွက် က ဗဟိုဘဏ်စျေးနှုန်းကို ထိန်းကျောင်းထားသလို ဖြစ်တာပေါ့နော်။ အရင်တုန်းကပေါ့။ ဒီလိုကနေ တဖြည်းဖြည်းနဲ့ ဗဟိုဘဏ်က စျေးကွက် လက်ရှိပေါက်စျေးနဲ့ ထိန်းကျောင်းနိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာတယ်လို့ မြင်ရတယ်။ အဲဒါကလည်း အရေးကြီးတဲ့ အချက်ပါ။ ဒီအချက်တွေကြောင့် ကျွန်တော် စောစောကပြောတဲ့ ပို့ကုန်နဲ့ သွင်းကုန်ကြားမှာ ရှိနေတဲ့ ကွာဟမှုကတော့ တဖြည်းဖြည်း လျော့နည်းလာတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားထားသည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြင့်လာခြင်းကြောင့် လိုအပ်သော ကုန်ကြမ်းပစ္စည်းများတင်သွင်းမှု (သွင်းကုန်တင်သွင်းမှု) မြင့်တက်လာနိုင်သည့် အခြေအနေများလည်း ရှိနေသည်။  

Most Read

Most Recent