လက်ပေပြီးသား နိုင်ငံရေးသမားများ

လက်ပေပြီးသား နိုင်ငံရေးသမားများ
Published 15 November 2019

 

နိုင်ငံရေးသမားတွေနဲ့ ကလေး ခါးတောင်းကျိုက် ပိတ်စတို့ကို တူညီတဲ့ အကြောင်းရင်းတွေအတွက် မကြာခဏ လဲပစ်ရမယ်။

                                              - မက်တွိန်း (၁၈၃၅-၁၉၁၀)၊ အမေရိကန်စာရေးဆရာ

 

သြဇာကြီးမားလှသော စာရေးဆရာကြီး မက်တွိန်းက နိုင်ငံရေးသမားများနှင့် ကလေးသေးခံ ပိတ်စတို့အား မကြာခဏ လဲပေးရမည် ဖြစ်ကြောင်းနှင့် လဲရသည့် အကြောင်းရင်းချင်းမှာလည်း အတူတူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဆိုအမိန့်သည် အမေရိကန်သမိုင်း၌ ထင်ရှားလှသည်။ ကလေး ခါးတောင်းကျိုက် ပိတ်စများအား ညစ်ပတ်သွားပါက လဲပစ်ရမည် ဖြစ်သကဲ့သို့  ညစ်ပတ်သွားသော (အဂတိလိုက်စားသော) နိုင်ငံရေးသမားများကိုလည်း လဲပစ်ရမည်သာ ဖြစ်သည်။ သို့မှသာ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံရေးအင်စတီကျူးရှင်းများအပေါ် ပြည်သူများ အယုံအကြည်ကင်းမဲ့လာမှုများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

အဂတိလိုက်စားသော နိုင်ငံရေးသမားဟူသည် ဥပဒေနှင့် မလျော်ညီသော ကိုယ်ပိုင်အကျိုးအမြတ်အတွက် အာဏာကို အသုံးပြုသူဖြစ်သည်။ ၎င်းတို့၏ တရားဝင် တာဝန်ဝတ္တရားများနှင့် ဆက်နွှယ်လျက် နိုင်ငံရေးအာဏာကို အသုံးပြုကြသူများ ဖြစ်သည်။ အဂတိလိုက်စားမှုပုံစံ အမျိုးမျိုးတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ ခရိုနီဝါဒ ကျင့်သုံးခြင်း၊ ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးခြင်း၊ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးခြင်း၊ ဒေသစွဲ လွန်ကဲခြင်း၊ သူကောင်းပြုခြင်း၊ မလျော်သြဇာ သုံးစွဲခြင်းနှင့် အလွဲသုံးစားပြုခြင်းတို့ ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုများသည် မူးယစ်ဆေးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုတို့ ကဲ့သို့သော ရာဇဝတ်မှုများကိုလည်း ပေါများစေနိုင်သည်။ အစိုးရအာဏာကို အခြားရည်ရွယ်ချက်များအတွက် အလွဲသုံးစားပြုခြင်းနှင့် ဥပဒေ ထိန်းသိမ်းရေးအဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အနိုင်အထက် ပြုကျင့်မှုများသည်လည်း နိုင်ငံရေး အဂတိလိုက်စားမှု၌ အကျုံးဝင်သည်။

နိုင်ငံရေးတွင် အဂတိလိုက်စားမှုသည် ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ယိုယွင်းလှိုက်စားပြီး အစိုးရအဖွဲ့၏ ပုံမှန်လုပ်ငန်းစဉ်များကို လမ်းလွဲစေခြင်းနှင့် ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ဥပဒေပြုရာ၌ အဂတိလိုက်စားမှုကြောင့် တာဝန်ခံမှုလျော့ကျကာ မူဝါဒချမှတ်ခြင်း၌ ပြည်သူအား ကိုယ်စားပြုမှုကို ပုံပန်းပျက်စေသည်။ တရားရေးစနစ်၌ အဂတိလိုက်စားမှုသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး ပြည်သူ့အုပ်ချုပ်ရေး၌ အဂတိလိုက်စားမှုသည် အများပြည်သူဝန်ဆောင်မှုများကို မဖူမလုံ ဖြစ်စေသည်။

အဂတိလိုက်စားမှုကြောင့် လုပ်ငန်းစဉ်များ ကမောက်ကမဖြစ်ခြင်း၊ နိုင်ငံရင်းမြစ်များ လမ်းလွဲသို့ ရောက်ရှိသွားခြင်းနှင့် ပြည်သူ့ဝန်ထမ်းများအား အရောင်းအဝယ်ပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ပြီး အစိုးရအဖွဲ့၏ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းရည်ကို ယိုယွင်းပျက်စီးစေသည်။ အစိုးရအဖွဲ့၏ တရားဝင်ဖြစ်မှုနှင့် ဒီမိုကရေစီ၏ စံတန်ဖိုးတစ်ရပ် ဖြစ်သော ယုံကြည်မှုတို့ကိုလည်း အဂတိလိုက်စားမှုက အကြီးအကျယ် ထိခိုက်စေနိုင်သည်။ အဂတိလိုက်စားမှုသည် ပြည်သူ့ဘဏ္ဍာများကို အများပြည်သူ အကျိုးရှိစေမည့် စီမံကိန်းများအစား လူနည်းစုသာ အကျိုးရှိမည့် စီမံကိန်းများအဖြစ် လမ်းလွဲရောက်ရှိ သွားစေသောကြောင့် နိုင်ငံစီးပွားရေးကိုလည်း အလွန်အမင်း ကျဆင်းသွားစေနိုင်သည်။

ထို့ကြောင့် ညစ်ပတ်သွားသော ကလေး ခါးတောင်းကျိုက်ပိတ်စများကို ဖယ်ရှားပေးရသည့် နည်းတူ ညစ်ပတ်သွားသော (အဂတိလိုက်စားသော)  လက်ပေပြီးသား နိုင်ငံရေးသမားများကိုလည်း ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အချိန်မီဖယ်ရှားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent