အခြေခံစပါးစျေးနှုန်းအောက် ကျနိုင်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံစျေးဖြစ်သော စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ဝယ်ယူနိုင်ရေး စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရန် ညှိနှိုင်းနေ

အခြေခံစပါးစျေးနှုန်းအောက် ကျနိုင်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံစျေးဖြစ်သော စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ဝယ်ယူနိုင်ရေး စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရန် ညှိနှိုင်းနေ
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 13 November 2019
နီလာ

အခြေခံစပါးစျေးနှုန်းအောက် ကျနိုင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံစျေးနှုန်းဖြစ်သည့် စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် စပါးဝယ်ယူနိုင်ရေး စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရန် စပါးဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ ညှိနှိုင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အောက်တိုဘာ ၉ ရက်၌ ပြုလုပ်ခဲ့သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးတွင် တင်ဒါစနစ် အပါအဝင်  အခြားနည်းလမ်းများဖြင့် စပါးဝယ်ယူနိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များက စပါး၊ ဆန် ဝယ်ယူရန် စီမံချက်များ တင်ပြခဲ့ကြောင်း၊ ဆွေးနွေးချက်အရ  လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်သာ ဝယ်ယူရန် လိုအပ်သည်ကို တွေ့ရှိရပြီး အဆိုပါ တိုင်းဒေသကြီးတို့မှ စပါး၊ ဆန် ဝယ်ယူရန်အတွက် ရန်ပုံငွေများ တောင်းခံလာသဖြင့်  ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဦးဆောင်အဖွဲ့အနေဖြင့် အောက်တိုဘာ ၁၅ ရက်တွင် စပါးတင်း ၁၀၀  လျှင် ကျပ် ငါးသိန်းဖြင့် ဝယ်ယူရန် အခြေခံစျေးကို သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် စပါးစျေးကျနေသော တိုင်းဒေသကြီး/ပြည်နယ်များတွင် ဝယ်ယူပေးနိုင်ရန်အတွက် လိုအပ်သော လှည့်ပတ်ရန်ပုံငွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအမည်ဖြင့်  ဖွင့်လှစ်ထားသော ဘဏ်စာရင်းအမှတ်တွင် ထည့်သွင်းပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆက်လက် ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသူများက စပါး၊  ဆန်ဝယ်ယူမည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဝယ်ယူနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများကို  သတ်မှတ်ရန် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပြီး ဆွေးနွေးရရှိချက်များကို ဦးဆောင်အဖွဲ့သို့ ဆက်လက် တင်ပြမည်ဟု သိရသည်။

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  မြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခြေခံစပါးစျေးနှုန်းအောက် ကျဆင်းသည့် ဒေသများတွင် နိုင်ငံတော်က ကျပ် ၁၅ ဘီလျံဖြင့် စပါးဝယ်ယူရန် စီစဉ်ထားပြီး ပဲခူးတိုင်းဒေသကြီးတွင် ကျပ်ရှစ်ဘီလျံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ်ငါးဘီလျံဖြင့် ဝယ်ယူရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက  နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Sule Shangri –la  Hotel ပြုလုပ်သည့် “Doing Business 2020 and Way Forward”  အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ကျွန်တော်တို့ လုပ်ခဲ့တာတော့ အဆင့်ဆင့်လုပ်ခဲ့တာပေါ့။ ပထမကတော့ အခြေခံစျေးနှုန်းထက် ကျမယ်ဆိုရင် ဝယ်ယူဖို့ ရန်ပုံငွေပေါ့လေ။ ရန်ပုံငွေကတော့ Initially ၁၅ ဘီလျံ လျာထားပါတယ်။ အဲဒီ ၁၅ ဘီလျံကတော့ ထုတ်ထားပြီးပြီ။ ကျွန်တော်တို့မှာ အဆင်သင့်ပဲ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Most Read

Most Recent