ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းမှာ စည်းမျဉ်းဥပဒေအရဖြစ်ကြောင်း သာသနာရေးဦးစီးဌာန တာဝန်ရှိသူပြောကြား  

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းမှာ စည်းမျဉ်းဥပဒေအရဖြစ်ကြောင်း သာသနာရေးဦးစီးဌာန တာဝန်ရှိသူပြောကြား  
ဓာတ်ပုံ - Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ
ဓာတ်ပုံ - Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ
Published 13 November 2019
  နေမျိုးဝင်း



ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းမှာ စည်းမျဉ်းဥပဒေအရ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက နိုဝင်ဘာ ၁၃ ရက် ညနေ နာရီခန့်တွင် ပြောကြားသည်။

“ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမဲ့ အစီအစဉ်ရှိပါတယ်ခင်ဗျ သူ့ဥပဒေရှိပြီးသား ၊ ဝန်ထမ်းဆိုရင်လည်း အသက် ၆၀ ပြည့်သွားရင် ပင်စင်ယူရတယ်။ နောက်ငါးနှစ်ကို တစ်နှစ် တစ်နှစ် extension ပေါ့နော် အဲလိုသွားတာခင်ဗျ။ သူ့ရဲ့စည်းမျဉ်းမှာလည်း အဲလိုပဲခင်ဗျ။ ဆရာတော်ကြီးက ၁၄ နှစ်ရှိသွားပြီ၊ extension ယူတာ သူ့ ဥပဒေအတိုင်းပါပဲခင်ဗျ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းပြည့်လို့ နားတာပါခင်ဗျ။ ဒီနေ့ထုတ်ပြန်နိုင်ဖို့ လုပ်နေပါတယ် ဟု ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဖြေကြားသည်။

ယခုကဲ့သို့ ဆရာတော်ကြီး ပါမောက္ခချုပ်တာဝန်မှ သတင်းများနှင့် ပတ်သက်၍ မည်သည့်မိန့်ကြားချက်မျှ မရှိသေးသဖြင့် မသိရှိကြောင်း၊ အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းများကိုသာတွေ့ရကြောင်း၊ တရားဝင်သိရှိရပါက ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ဆရာတော်ကြီး၏ ကပ္ပိယတစ်ဦးဖြစ်သူ ဦးကျော်ငြိမ်းက နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က The Daily Eleven သတင်းစာကိုပြောကြားသည်။



အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်နှင့် ဒုတိယပါမောက္ခချုပ် ဆရာတော်တို့အား အနားယူရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖိအားပေးခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြလျက်ရှိပြီး ယင်းသို့သော သတင်းများနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ထိုသို့ သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ Register ဌာနသို့ ဖုန်းဆက်မေးမြန်းရာ အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းသတင်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ပျံ့ခဲ့သည်ကို ၄င်းတို့မသိကြောင်း၊ ၄င်းတို့ထံတွင် တရားဝင်စာ ရောက်ရှိမလာသေးကြောင်း ထို့ကြောင့် ပါမောက္ခချုပ်ဆရာတော် အနားယူသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဖြေကြား၍ မရသေးကြောင်း သို့သော် ဒုတိယ ပါမောက္ခချုပ်ဆရာတော် အနားယူသည်မှာ မှန်ကန်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက် ဝန်းကျင်ကတည်းက သက်တော်အရ တာဝန်မှ အနားယူသွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဖြေကြားသည်

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကို ၁၉၄၀ ပြည့်နှစ် (မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ် တပေါင်းလပြည့်နေ့) တွင် ဖွားမြင်သန့်စင်ခဲ့ပြီး ဇာတိမှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ၊ညောင်ပင်ကျေးရွာဖြစ်ကာ ငယ်စဉ်ကပင် သာသနာ့ဘောင် ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် သက်တော် ၈၀ တွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

ဆရာတော်သည် နိုင်ငံတကာသို့ ဗုဒ္ဓ၏ အဘိဓမ္မတရားများကို ဖြန့်ဝေလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ သီတဂူကမာ္ဘ့ဗုဒ္ဓတက္ကသိုလ်၊ အဘိဓမ္မာတက္ကသိုလ် စသည့်တက္ကသိုလ်များ၏ ပါမောက္ခချုပ်ဖြစ်သည့်အပြင်  မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနနာယကအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဖော်ဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃအစည်းအဝေးတွင်လည်း ရွှေကျင်ဂိုဏ်းဖွဲ့စည်းပုံအရ သာသနာပိုင်တစ်ပါးနှင့် တွဲဖက်သာသနာပိုင် လေးပါးရှိရမည်ဖြစ်၍ ခန့်အပ်ရန် လိုအပ်လျက်ရှိသော တွဲဖက်ရွှေကျင်သာသနာပိုင် နှစ်ပါးနေရာတွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းနာယက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသနှင့် အတူခန့်အပ် တာဝန်ပေးခြင်းခံရသည်။