သရုပ်ဆောင်ဧငြိမ်းဖြူနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်ဧငြိမ်းဖြူနှင့် တွေ့ဆုံခြင်း
Published 13 November 2019
စုမှူးနိုင်

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ကက်ဆက်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ မျိုးဆက်သစ ်အနုပညာရှင်တစ်ဦးကတော့ ဧငြိမ်းဖြူပါ။ သရုပ်ဆောင်တစ်ဦးအဖြစ် မရပ်တည်ခင်ကတည်းက Dancer တစ်ဦးအဖြစ် အနုပညာခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့တဲ့ လူငယ်အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူအဓိကပါ ဝင်သရုပ်ဆောင်မယ့် လူငယ် Dancer တွေအကြောင်း ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် ဇာတ်ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး -  A (တစ်စုံတစ်ယောက်)ဇာတ်ကားကြီးမှာ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်သရုပ်ဆောင်မလဲ။

ဖြေ- ဒီဇာတ်ကားထဲမှာက ဧရဲ့ ဇာတ်ကောင်က အပြင်ပုံစံနဲ့ သိပ်ပြီးမကွာပါဘူး။ ဇာတ်လမ်းထဲက နာမည်ကလည်း Aပါပဲ။ ဇာတ်ကားထဲမှာလည်း လူငယ်တစ်ယောက်၊ အကကို ရူးသွပ်တဲ့ သူတစ်ယောက်နဲ့ လူငယ်တစ်ယောက်ကြုံ ရတဲ့ အခက်အခဲ၊ သူ့ရဲ့ဖြေရှင်းကြိုးစားမှုတွေကို လူငယ် Dancer ဇာတ်လမ်း အနေနဲ့ ပုံဖော်ထားတာပါ။

မေး- Dancer ဇာတ်လမ်းကို ရွေးချယ်ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းကိုလည်း သိပါရစေ။

ဖြေ- ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာလည်း အခုလို Dancer တွေနဲ့ပတ် သက်တဲ့ဇာတ်ကားလေးတွေကို ကောင်းကောင်းမွန်မွန်ရိုက်ကူးနိုင်တယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာက Dancer တွေ အက တွေနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ ဖွံ့ဖွံ့ဖြိုးဖြိုးမရှိသေးဘူးလေ။ အကပိုင်းနဲ့ပတ်သက်ရင်တော့ အားနည်းနေသေးတယ်။ ညီမကိုယ်တိုင်ကလည်း ငယ်ငယ်က အကကိုဝါသနာပါခဲ့တယ်။ Dancer တစ်ယောက်အဖြစ်လည်း အရင်ရပ်တည်ဖြတ်သန်းခဲ့တယ်ဆိုတော့ Dancer တွေရဲ့ ဘဝကို ကောင်းကောင်းကြီး နားလည်တယ်။ Dancer တွေကို အနုပညာရှင်တွေအဖြစ် အသိ အမှတ်ပြုမှုက အားနည်းတဲ့အခါကျတော့ ဖျော်ဖြေရေးတစ်ခုသွားရင်လည်း Dancer တွေက တခြားအနုပညာရှင်တွေနဲ့ယှဉ်ရင် ချောင်မှာကပ်နေရတယ်။ နှိမ်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာရှင်တစ်ယောက်လိုတော့ သူတို့ဘက်က သဘောမထားကြဘူး။ Dancer ဆိုရင် သိပ်ပြီးအရေးမပါတဲ့သူတွေလိုဖြစ်နေကြတယ်။ ကိုယ်တိုင်လည်း အဲဒီလိုမျိုးကြုံဖူးတယ်လေ။  အဲဒါကို ညီမကကိုယ်တိုင်အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အခါ Dancer တွေရဲ့ ဘဝနဲ့ခံစားချက်တွေကို ပရိသတ်တွေသိအောင် ရိုက်ကူးချင်တယ်ဆိုတဲ့ စိတ်ကူးအိပ်မက်လေးက ဧဆီမှာရှိနေခဲ့တာပါ။ ကိုယ်တိုင်သရုပ်ဆောင် တစ်ယောက်ဖြစ်လာတဲ့အခါမှာလည်း အရင်ဆုံးရိုက်ကူးချင်ခဲ့တာက ဒီလို ဇာတ်ကားမျိုးပါ။ ဒါပေမဲ့လည်း အရှေ့မှာ ရုပ်ရှင်ဇာတ်ကားနှစ်ကား ရိုက်ဖြစ် ခဲ့တယ်။ ဒီဇာတ်ကားကိုလည်း တတိယမြောက်ဇာတ်ကားအနေနဲ့ ရိုက်ကူးရ တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့ပထမဆုံးဇာတ်ကားလိုပဲ ခံစားရတယ်။ စိတ် လည်းလှုပ်ရှားတယ်။ ဇာတ်ကားနာမည်ကလည်း A ဖြစ်နေတဲ့အတွက် ကိုယ့်အတွက်လည်း တာဝန်ပိုကြီးပါတယ်။

မေး- ကိုယ်စိတ်ကူးထဲက ဇာတ်လမ်းကို ကိုယ်တိုင်အဓိကနေရာကနေ ပါဝင်ရမယ်ဆိုတော့ ဒီဇာတ်ကားက ညီမလေးအတွက် ဘယ်လိုဖိအားမျိုးတွေရှိလဲ။

ဖြေ- ဒီဇာတ်ကားက နာမည်က အစက ကိုယ့်ကို ဦးတည်နေတဲ့ဇာတ်ကားဖြစ်သလို ကိုယ်တန်ဖိုးရတဲ့အကကို ဦးစားပေးပြီး တင်ဆက်ထားတဲ့ဇာတ်ကား ဖြစ်တဲ့အတွက် ကိုယ်တန်ဖိုးထားတဲ့ ဒီအကအပေါ်မှာ တစ်ခုခုလွဲချော်သွားမှာ မှားယွင်းသွားမှာမျိုး၊ အဆင်မပြေဖြစ်သွားမှာမျိုးကို ညီမအနေနဲ့ အရမ်း စိုးရိမ်တယ်။ အဲဒါတွေက ညီမအတွက် ဖိအားအရမ်းလည်းများတယ်။ ညီမ ဖိအားများသလိုပဲ ဒီဇာတ်ကားမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေလည်း အကပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်လေ့ကျင့်ရတာတွေက အရမ်းဖိအား များပါတယ်။ နောက်ပြီး ဒီဇာတ်ကားအတွက် ဇာတ်ကားတစ်ကားလုံး ရဲ့ အကတွေကို ဦးဆောင်တီထွင်သင်ကြားပေးတဲ့ ထိုင်းက ဆရာ နှစ်ယောက်ဆိုရင်လည်း ညီမတို့တွေက ဒီဇာတ်ကားအပေါ်အရမ်း စိတ်နှစ်ထားသလို သူတို့တွေလည်း ဖိအားအရမ်းများပြီး ကြိုးစားရပါတယ်။ ပြီးတော့ ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာတွေဖြစ်တဲ့ ကို Jason နဲ့ ကိုPK ဆိုရင်လည်း ဒီဇာတ်ကားက သူတို့ရဲ့ပထမဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့အတွက်လည်း သူတို့တွေမှာလည်း အရမ်းဖိအားများတယ်။ ပြောရမယ်ဆိုရင် ညီမတင်မဟုတ်ပါဘူး ဒီဇာတ်ကားမှာပါဝင်ကြတဲ့ တစ်ယောက်ချင်းစီတိုင်းက ဒီဇာတ်ကားအပေါ်မှာ အရမ်းကိုစိတ်နှစ်ပြီး ကြိုးစား ကြပါတယ်။ အဲဒီအတွက် ဇာတ်ကားထွက်လာတဲ့အခါမှာ ထင်သလောက် မဖြစ်လာမှာကို  စိုးရိမ်တဲ့အတွက်ရော ပရိသတ်တွေကို အကောင်းဆုံးတွေပေးချင်တဲ့အတွက် ရော အားလုံးက ဖိအားတွေအများကြီးနဲ့ ကြိုးစားခဲ့ကြ တဲ့ဇာတ်ကားတစ်ကားပါ။

မေး- အကကို ငယ်ငယ်ကတည်းက ၀ါသနာပါတဲ့သူဆိုတော့ မြန်မာအကကိုရော သင်ယူဖူးလား။

ဖြေ- ဟုတ်ကဲ့။ ဧက ငယ်ငယ်ကတည်း က အကဆိုရင် အရမ်းဝါသနာပါတဲ့လူဖြစ် တော့ မြန်မာအကကိုရော အနောက်တိုင်း အကတွေကို သင်ဖြစ်ပါတယ်။ ဧရဲ့ ပထမ ဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘ဘာတဲ့လဲ ဟေ့ လာ’ဆိုတဲ့ဇာတ်ကားကြီးမှာဆိုရင် လည်း ဧကမြန်မာအက ကထားပါ တယ်။

မေး- A(တစ်စုံတစ်ယောက်)ဇာတ်ကားအတွက် ဘယ်လိုတွေပြင်ဆင်ကြိုးစားခဲ့လဲပြောပြပေးပါဦး။

ဖြေ- ဒီဇာတ်ကားကို အကောင်းဆုံးဖြစ်ချင်ပါတယ်။ အဲဒီအတွက်လည်း ပါဝင်ကြတဲ့တစ်ယောက်ချင်းစီ တိုင်းက အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ် ကားမှာ အကနဲ့ပတ်သက်တဲ့အပိုင်းတွေကလည်း အများဆုံးပါဝင်တာဖြစ်လို့ ထိုင်းက အကဆရာ၊ ဆရာမနှစ်ယောက်နဲ့အတူ ညီမတို့လူငယ်တွေအား လုံး နာရီပေါင်းများစွာ သေချာကြိုးစားခဲ့ကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထိကို အကတိုက်ခဲ့ကြပါ တယ်။ တကယ်ကို အားသွန်ခွန်စိုက်နဲ့ ကြိုးစားထားတဲ့ ဇာတ်လမ်းပါ။ နောက်ပြီး ဒီလိုဇာတ်ကားမျိုးကို ပရိသတ် တွေက ကြိုက်ရော ကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ လည်း ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း အဖွဲ့ သားတွေအားလုံးက အကောင်းဆုံးဖြစ်အောင်ကို ကြိုး စားထားပါတယ်။                                           

 

Most Read

Most Recent