မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ မြစ်ကြောင်းများတွင် ဇိမ်ခံသင်္ဘောပြေးဆွဲခြင်း၊ အလယ်ပိုင်းဒေသတွင် စက်မှုမြို့သစ် တည်ဆောက်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းသုံးခုရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး

မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ မြစ်ကြောင်းများတွင် ဇိမ်ခံသင်္ဘောပြေးဆွဲခြင်း၊ အလယ်ပိုင်းဒေသတွင် စက်မှုမြို့သစ် တည်ဆောက်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းသုံးခုရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး
  နိုင်ငံတကာလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 11 November 2019
ဇေယျာငြိမ်း

မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ မြစ်ကြောင်းများတွင် ဇိမ်ခံသင်္ဘောပြေးဆွဲခြင်း၊ အလယ်ပိုင်းဒေသတွင် စက်မှုမြို့သစ် တည်ဆောက်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းသုံးခု ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မလေးရှားနိုင်ငံက မြန်မာနိုင်ငံအလယ်ပိုင်းတွင် စက်မှုမြို့သစ် တည်ဆောက်ရေးလုပ်ငန်းအပြင် လူနေအိမ်ရာတည်ဆောက်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လာရောက်ဆွေးနွေးထားခြင်းဖြစ်သည်။

“မလေးရှားက စီးပွားရေးသုံးမျိုးလုပ်ဖို့ လာတိုင်ပင်ပါတယ်။ ပထမတစ်ခုက ပြည်တွင်းမြစ်ကြောင်းမှာသွားတဲ့ Cruise လုပ်ငန်း၊ နောက်တစ်ခုက စက်မှုမြို့သစ်လိုဟာမျိုး ဆောက်ချင်တယ် မြန်မာနိုင်ငံအလယ်ပိုင်း လောက်မှာ။ နောက်တစ်ခါ လူနေအိမ်ရာတွေနဲ့ပတ်သက်ပြီး တည်ဆောက်ချင်တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အဆင့် (၈) နေရာတွင် ရပ်တည်နေသော်လည်း လာမည့်နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု ထိပ်သီးငါးနိုင်ငံအတွင်း ပါဝင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း Malaysia – Myanmar Connect (MMC) 2019 အခမ်းအနား၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် နည်းပညာ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိကစိတ်ဝင်စားနေကြောင်း အထက်ပါအခမ်းအနားမှ သိရသည်။

“မလေးရှားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးကဏ္ဍတော်တော်များများမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်ကို စိတ်ဝင်စားတယ်။ အထူးသဖြင့်တော့ နည်းပညာပိုင်း၊ ဆောက်လုပ်ရေးအပိုင်း၊ ကုန်ထုတ်လုပ်ရေးအပိုင်း၊ ဝန်ဆောင်မှုအပိုင်း၊ အဲဒီအပိုင်းတွေမှာ ပိုပြီးတော့စိတ်ဝင်စားမှု ရှိတယ်။ စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးလုပ်ငန်းပိုင်းတွေမှာ ပိုပြီးတော့စိတ်ဝင်စားမှုရှိတာကို တွေ့ရပါတယ်။ အကြမ်းဖျင်းပြောမယ်ဆိုရင်တော့ မလေးရှားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကဏ္ဍတော်တော်များများ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုရှိတယ်လို့ မြင်ပါတယ်” ဟု မြန်မာ-မလေးရှားစီးပွားရေးအသင်း၏ ဥက္ကဋ္ဌ Gilbert Lee က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၅၀ က လုပ်ငန်းပေါင်း ၁၈၃၇ ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၈၇၄ ဘီလျံအထိရှိသည်။

ယင်းအနက် မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးရှိပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအဆင့်သတ်မှတ်ချက်၌ အဆင့် ၈ နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent