လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၄၄ ဒသမ ၈၈ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူက ဒေါ်လာတစ်သန်းပင် ပြည့်မီအောင်မရရှိခဲ့သဖြင့် ဒေါ်လာ ၂၄၄ သန်းခန့် ပိုမိုတင်ပို့နိုင်သည့် အနေအထားဖြစ်နေ

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၄၄ ဒသမ ၈၈ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူက ဒေါ်လာတစ်သန်းပင် ပြည့်မီအောင်မရရှိခဲ့သဖြင့် ဒေါ်လာ ၂၄၄ သန်းခန့် ပိုမိုတင်ပို့နိုင်သည့် အနေအထားဖြစ်နေ
 မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်-မြစ်ကြီးနား)
မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်-မြစ်ကြီးနား)
Published 11 November 2019
                                 ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု ဒေါ်လာ ၂၄၄ ဒသမ ၈၈ သန်းရရှိထားပြီး ယခင်နှစ်ကာလတူက ဒေါ်လာတစ်သန်းပင် ပြည်မီအောင် မရရှိခဲ့သဖြင့် လက်ရှိအချိန်အထိ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ၂၄၄ သန်းခန့် ပိုမိုတင်ပို့နိုင်သည့် အနေအထားဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ တစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ဒေါ်လာ ၂၄၄ သန်းကျော်ရှိသည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာတစ်သန်းခန့်သာ တင်ပို့ထားနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၄၄ သန်းခန့် ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျောက်စိမ်းကတော့ လက်ရှိမှာ ဒေါ်လာ ၂၄၄ သန်းဖိုး တင်ပို့ထားတာပေါ့။ ကာလတူထက် ပိုတဲ့ အနေအထားမှာရှိတယ်။ ကာလတူမှာတုန်းက ဒေါ်လာတစ်သန်းတောင် မပြည့်ဘူး။ အခုကဒေါ်လာ ၂၄၄ ဒသမ ၈၈ ဆိုတော့ ဒေါ်လာ ၂၄၄ သန်းလောက် ပိုတဲ့အနေအထားမှာရှိတယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများတွင်  ပြည်ပသို့ ကျောက်စိမ်း ပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများပြုလုပ်မှုနည်းသည့် ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

“အဓိကကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာတာ ပြပွဲလုပ်တာနည်းရင် လျော့တာပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားထားသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချမည့်ကျောက်စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း၊ စိန်နှင့် မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်းအခွန် ကောက်ခံမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရမည့် ကျောက်မျက်ရတနာများ ရောင်းရငွေအပေါ် ကျသင့်အထူးကုန်စည်ခွန်ကို ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ကောက်ခံသွားမည်ဖြစ်သည်။

အရောင်းပြေစာစာအုပ် Cash Memo ဖြင့် ရောင်းချရာတွင် ငွေသားလက်ခံခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပေးသော အရောင်းပြေစာစာအုပ် Cash Memo ဖြင့် ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ငွေသားလက်ခံခြင်းအတွက် ငွေသားဖြစ်ပါက မြန်မာကျပ်ငွေဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ အရောင်းပြေစာစာအုပ် Cash Memo ပါ စာအုပ်တိုင်းတွင် နောက်ဆက်တွဲ(က)ပါ ပုံစံအတိုင်း တံဆိပ်တုံးရိုက်၍ အချက်အလက်ပြည့်စုံစွာ ဖော်ပြရမည်။

နိုင်ငံခြားငွေဖြင့် ရောင်းချပါက ပြည်ပရှိ ဘဏ်များမှ ထုတ်ဝေသည့် Visa, Master, JCB, CUP အစရှိသည့် Debit/ Credit Card တို့ဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ ဝယ်ယူသူ၏ အမည်၊ Passport နံပါတ်နှင့်  ငွေသားအသုံးပြုကတ်နံပါတ်တို့ကို သိသာထင်ရှားစွာ ဖြည့်သွင်းဆောင်ရွက်ရမည်၊ လက်ခံရောင်းချသည့် ကတ်အမျိုးအစား Visa, Master, JCB, CUP ကို နောက်ဆက်တွဲ(ခ)ပါ ပုံစံအတိုင်း ရှင်းလင်းစွာဖော်ပြရမည်၊ အဆိုပါလုပ်ငန်းစဉ်များအပြင် အခါအားလျော်စွာထုတ်ပြန်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်  ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည်။

              

 

Most Read

Most Recent