စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပတွင် စက်သုံးဆီသိုလှောင်မှုပမာဏ ဂါလန် ၁၀၀၀ ထက်မပိုသော ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင် စိစစ်ထုတ်ပေးမည်

စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပတွင် စက်သုံးဆီသိုလှောင်မှုပမာဏ ဂါလန် ၁၀၀၀ ထက်မပိုသော ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင် စိစစ်ထုတ်ပေးမည်
  ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 11 November 2019

စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပတွင် စက်သုံးဆီသိုလှောင်မှုပမာဏ ဂါလန် ၁၀၀၀ အောက် ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် Village Mini Pump Station ဖွင့်လှစ်ရောင်းချခွင့်လိုင်စင် စိစစ်ထုတ်ပေးနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်အမှတ် (၅၂၁/၂၀၁၉) ဖြင့် နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အရောင်းဆိုင်တစ်ဆိုင်၏ မြေဧရိယာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀ နှင့် မျက်နှာစာဖွင့်အကျယ် အနည်းဆုံး ပေ ၄၀ ရှိရမည်ဖြစ်သည်။

သက်ဆိုင်ရာမြို့နယ် လယ်ယာစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဌာနက သတ်မှတ်ထားသော ကျေးရွာ၏ အစွန်နယ်နိမိတ်နှင့် အနည်းဆုံး ပေ ၃၀၀ ကွာဝေးရမည်။

အရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီပမာဏ ဂါလန် ၁၀၀၀ ထက်ပို၍ သိုလှောင်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စိစစ်အတည်ပြုပေးထားသည့် သတ်မှတ်ပုံစံအတိုင်းသာ တည်ဆောက်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခြင်းမပြုရ၊ အရောင်းဆိုင်တစ်ဆိုင်၏ သိုလှောင်ကန်၊ ဂိုဒေါင်များနှင့် အခြားဆိုင်တစ်ဆိုင်၏ သိုလှောင်ကန်၊ ဂိုဒေါင်များ၏ ကြားအကွာအဝေးသည် အနည်းဆုံး ပေ ၁၀၀ ရှိရမည်ဖြစ်သည်။

အရောင်းဆိုင် ဖွင့်လှစ်သည့်နေရာသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် (အရောင်းဆိုင်) ကိုရယူ၍ ဖွင့်လှစ်ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်ကြီးများနှင့် အနည်းဆုံးနှစ်မိုင်ကွာဝေးရမည်။ (ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးခက်သော တောင်ပေါ်ဒေသများအတွက် လျှောပေါ့စဉ်းစားပေးနိုင်သည်။)

အရောင်းဆိုင်များအား ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကင်းလွတ်သည့် နေရာများတွင်သာ ဖွင့်လှစ်ရမည်။ မြို့နှစ်မြို့အကြား ဖောက်လုပ်ထားသည့် မော်တော်ကားလမ်းမများ၏ဘေးနှင့် သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ဖွင့်လှစ်ခွင့်ပြုရန်မသင့်ဟု သတ်မှတ်ထားသည့် နေရာများ၊ အမြန်လမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ ခရိုင်ချင်းဆက်လမ်းမကြီးများ၏ဘေးတွင် ဖွင့်လှစ်ခွင့်ပြု မည်မဟုတ်ကြောင်း သိရသည်။

လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ထုတ်ပေးခြင်းအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အတည်ပြုထားသော အရောင်းဆိုင်၏ အကွက်ချပုံစံ Layout Plan အသေးစိတ်ဒီဇိုင်းပုံစံမူရင်းနှင့်မိတ္တူ၊ သတ္တုတွင်းဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင် မူရင်းနှင့်မိတ္တူ၊ လျှောက်ထားသူနှင့်စပ်လျဉ်း၍ သက်ဆိုင်ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်များ လိုအပ်သည်။

ထို့ပြင် တည်ဆောက်ပြီးသည့်အ ရောင်းဆိုင်ရှေ့၊ နောက်၊ ဝဲ၊ ယာ ရိုက်ကူးထားသည့် (၄_၆) လက်မအရွယ်ရှိ ရောင်စုံဓာတ်ပုံလေးပုံနှင့် သိုလှောင်ရုံ သို့မဟုတ် ဂိုဒေါင်အား ထင်ရှားပြတ်သားစွာ ရိုက်ကူးထားသည့် (၄_၆) လက်မအရွယ်ရှိ ရောင်စုံဓာတ်ပုံတစ်ပုံ လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ကျေးရွာ၏ အရွယ်အစားနှင့် လမ်းပန်းဆက်သွယ်ရေး ဒေသအခြေအနေအပေါ်မူတည်၍ ကျေးရွာတစ်ရွာလျှင် ခွင့်ပြုသင့်သည့် ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်အရေအတွွက်ကို လိုအပ်သလို သတ်မှတ်နိုင်သည်။

သက်ဆိုင်ရာကျေးရွာတွင် အခြေချနေထိုင်သူကို ဦးစားပေးခွင့်ပြုမည်ဖြစ်ပြီး ပိုင်ရှင်တစ်ဦးလျှင် ဆိုင်တစ်ဆိုင်ထက်ပို၍ ဖွင့်လှစ်ခွင့်မရှိကြောင်း သိရသည်။

ဇေယျာငြိမ်း

 

Most Read

Most Recent