မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လျက်ရှိပြီး လက်ရှိတွင်လည်း လုပ်ခလစာကြောင့် ထိုင်းနိုင်ငံမှ စက်ရုံများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက် ဆွေးနွေးထားကြောင်း DICA ညွှန်ကြားရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လျက်ရှိပြီး လက်ရှိတွင်လည်း လုပ်ခလစာကြောင့် ထိုင်းနိုင်ငံမှ စက်ရုံများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက် ဆွေးနွေးထားကြောင်း DICA ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 10 November 2019
ဇေယျာငြိမ်း

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လျက်ရှိပြီး လက်ရှိတွင်လည်း လုပ်ခလစာကြောင့် ထိုင်းနိုင်ငံမှစက်ရုံများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက် ဆွေးနွေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း တိုးလာပါတယ်။ ကျွန်တော်တို့ဆီကို ထိုင်းနိုင်ငံ အတွင်းမှာရှိနေတဲ့ လုပ်ခလစာကြောင့် မြန်မာနိုင်ငံကို ရွှေ့မယ်ဆိုပြီး လာပြီးတော့ ဆွေးနွေးကြပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ လာရောက် ဆွေးနွေးထားသည့် လုပ်ငန်းများမှာ LED လုပ်ငန်း၊ ကားအပိုပစ္စည်း ထုတ်လုပ်ရေး၊ မော်တော်ကား အလှဆင်ပစ္စည်း ထုတ်လုပ်မည့် လုပ်ငန်းအမျိုးအစား စသည်တို့ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ လာဆွေးနွေးနေတာကတော့ LED စက်ရုံတွေ ရွှေ့လာချင်တယ်ဆိုပြီး လာဆွေးနွေးတာရှိတယ်။ ထို့အတူ မော်တော်ကား အပိုပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုးတွေ လာဆွေးနွေးတာရှိတယ်။ မော်တော်ကားထဲမှာ လိုအပ်တဲ့ပစ္စည်း စက်ရုံတွေ လာဆွေးနွေးတာ ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံပေါင်း ၅၀ မှ လုပ်ငန်းပေါင်း ၁၈၃၇ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၈၇၄ ဘီလျံရှိကြောင်း သိရသည်။

ယင်းအနက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအဆင့် သတ်မှတ်ချက်$ အ ဆင့် (၃) နေရာတွင် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထူးစီးပွာရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆၁ ဘီလျံ အထိရှိသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံ အထိရှိသည်။

ယင်းတို့အနက် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား နှင့် ဗီယက်နမ်တို့က လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ အနက် အာဆီယံဒေသတွင်း ကိုးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၈ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၄၆ ရာခိုင်နှုန်းကျော် အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့် ၁၁ ခု၌ အဓိက ဝင်ရောက်ထားခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ-၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent