မိုးလေဝသပညာရှင် ဦးချစ်ကျော်နှင့် တွေ့ဆုံခြင်း

မိုးလေဝသပညာရှင် ဦးချစ်ကျော်နှင့် တွေ့ဆုံခြင်း
Published 8 November 2019

မိုးဦးကာလဖြစ်သည့် ဧပြီ၊ မေနှင့် မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့သည် မြန်မာနိုင်ငံသို့ မုန်တိုင်းအများဆုံးသက်ရောက်သည့် ကာလများဖြစ်ပြီး  လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။ ယခုဖြစ်ပွားနေသည့် မုန်တိုင်းအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းဖြစ်ပွားသည့်အချိန်တွင် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ ထပ်မံဖြစ်ပွားလာနိုင်သည့် မုန်တိုင်းအခြေအနေများနှင့်ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးချစ်ကျော်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - မြန်မာနိုင်ငံကို အဓိက မုန်တိုင်းသက်ရောက်တဲ့ အချိန်ကာလတွေက ဘယ်အချိန်တွေလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ -  မြန်မာနိုင်ငံကို မုန်တိုင်းဖြတ်တာ အများဆုံးက အောက်တိုဘာလ။ သို့သော် မုန်တိုင်းဖြစ်ရင် ပြင်းထန်တဲ့ကာလတွေက ဧပြီနဲ့ မေမှာဖြစ်တဲ့ မုန်တိုင်းတွေက ပြင်းထန်တယ်။ သူတို့ကတော့ အသေအပျောက် အပျက်အစီးများတယ်။ အောက်တိုဘာမှာ ဖြစ်တဲ့မုန်တိုင်းတွေက မြန်မာနိုင်ငံကိုဖြတ်တာများတယ်။ ဧပြီ၊ မေလောက် မပြင်းထန်ဘူး။ နိုဝင်ဘာတို့၊ ဒီဇင်ဘာတို့မှာဖြစ်တဲ့ မုန်တိုင်းတွေကတော့ အနှစ် ၂၀ လောက်မှ တစ်ခါလောက် မြန်မာနိုင်ငံကို ဖြတ်တယ်။ ကျွန်တော်တို့ ဂရုစိုက်ရမှာက ဧပြီ၊ မေနဲ့  အောက်တိုဘာလတွေ ဖြစ်တယ်။ ဒီနှစ်အောက် တိုဘာမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းမဖြစ်ခဲ့ဘူး။ ဒါက မြန်မာပြည်ကို ဒုက္ခပေးလေ့ရှိတဲ့ မုန်တိုင်းကာလတွေပေါ့။

မေး - အခုဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းအခြေအနေကိုလည်း ရှင်းပြပေးပါ။

ဖြေ - ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မုတ်သုံကာလကုန်တဲ့အချိန် အောက်တိုဘာတို့၊ နိုဝင်ဘာတို့၊ ဒီဇင်ဘာတို့ဆိုတာက မိုးလွန်ကာလတွေ၊ မိုးလွန်ကာလမှာ များသောအားဖြင့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကစဖြစ်ခဲတယ်။ နိုဝင်ဘာမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်တယ်ဆိုတာ ထူးခြားဖြစ်စဉ်ပေါ့။ ပုံမှန်အားဖြင့် တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်တယ်။ ပစိဖိတ်မှာဖြစ်တယ်။ တောင်တရုတ်ပင်လယ်ရောက်တယ်။ အဲဒီကနေ တရုတ်သို့၊ ဟောင်ကောင်သို့၊ ဗီယက်နမ်ကမ်းခြေသို့ ဖြတ်တယ်။ ဒါပေမဲ့ အချို့ထူးကဲတဲ့နှစ်တွေမှာ ဗီယက်နမ်ကမ်းခြေကို အောက်ကနေကပ်ဖြတ်ပြီးတော့ ထိုင်းပင်လယ်ကွေ့ကို ရောက်တယ်။ အဲဒီလို ရောက်ပြီးတဲ့အခါမှာ ထိုင်းပင်လယ်ကွေ့ကနေ တနင်္သာရီကမ်းရိုးတန်းကိုကျော်ဖြတ်ပြီးတော့ ကပ္ပလီပင်လယ်ပြင်ထဲကို ရောက်တယ်။ အဲဒီလိုရောက်တဲ့အခါမှာ တစ်ခါတလေကျတော့ ရောက်ပြီးရင်ပျက်သွားတယ်။ ထူးကဲတဲ့နှစ်တွေမှာ အလုံးအရင်းနဲ့ရောက်ပြီး ပြန်အားကောင်းပြီးတော့ မုန်တိုင်းဖြစ်တယ်။ ဖြစ်ပြီးရင် အနောက်မြောက်ကိုသွားတယ်။ ကိုကိုးကျွန်းနားက ကပ်ဖြတ်တယ်။ အိန္ဒိယအထိ သွားတယ်။ နမူနာအားဖြင့်ပြောရရင်မယ်ဆိုရင် ၁၉၈၅ မှာဖြစ်ခဲ့တဲ့ မုန်တိုင်းက ကျွန်တော်ပြောတဲ့အတိုင်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာ မုန်တိုင်းဒဏ်တော့မခံရဘူး။ မုန်တိုင်းမိုးတော့ခံရတယ်။ ခံရတော့ဘာဖြစ်လဲဆိုရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့၊ ရန်ကုန်တိုင်းတို့ စပါးရိတ်ဖို့ဖြစ်နေတဲ့လယ်တွေ အပျက်အစီးကြီးသွားတယ်။ အဲဒီလိုမျိုး ဒုက္ခပေးတယ်။ ဒါက တောင်တရုတ်ပင်လယ်ပြင်ကနေ ဖြတ်ကျော်ပြီးတော့ လာတဲ့ကာလတွေဟာ များသောအားဖြင့်တော့ မုတ်သုံကာလလည်းဖြစ်တယ်။ စက်တင်ဘာပြီးတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွေကအရှေ့ဘက်ကနေ မြန်မာနိုင်ငံထဲကိုရောက်လာနိုင်တဲ့ အခြေအနေရှိတယ်။ အခုနှစ်ဒီဇင်ဘာက ထပ်မံသတိထားရမယ့်နှစ်ဖြစ်တယ်။

မေး - အခု တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းတစ်လုံးဖြစ်နေတယ်လို့ ကြားရတယ်ဆရာ။ အဲဒီမုန်တိုင်းကရော ကပ္ပလီပင်လယ်ပြင်ထဲကိုရောက်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းထပ်ဖြစ်နိုင်သေးလား။

ဖြေ - မုန်တိုင်းတွေက အခုမြောက်ဘက်ပိုင်းက အေးနေတဲ့အတွက် မြောက်ဘက်ပိုင်းကို သိပ်မတက်နိုင်ဘူး။ အဲဒီတော့ အနောက်ဘက်ကို ရွေ့တာများတယ်။ ဘာဖြစ်လို့ အနောက်ဘက်ကို ရွေ့တာများလဲဆိုတော့ ကုန်းမြေရှိတဲ့တစ်လျှောက်က ပူနေတယ်။ အပေါ်က အေးနေတယ်ဆိုတော့ မုန်တိုင်းရဲ့သဘောက ပူတဲ့နောက်ကိုလိုက်တယ်။ အနောက်ဘက်ကိုရွေ့တဲ့အခါ ဗီယက်နမ်ကမ်းခြေကြီးကို ဖြတ်လိုက်ရင် ကျွန်တော်တို့ ဘက်သိပ်လာမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ထိုင်းပင်လယ်ကွေ့ဘက်ကို ဖြတ်ရင်တော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အကြွင်းအကျန် တိမ်တိုက်တွေလာပြီးတော့ ဆောင်းတွင်းကြီးမိုး ရွာတာဖြစ်နိုင်တယ်။ တောင်တရုတ်ပင်လယ်မှာ ထပ်ဖြစ်တဲ့မုန်တိုင်းက မြန်မာနိုင်ငံဘက်ကို ရွေ့တော့ရွေ့လာနိုင်တယ်။ အကယ်၍ မြန်မာနိုင်ငံဘက်ကို ရောက်လာရင်လည်း အားပျော့နေပြီ။ တစ်ခုပဲရှိတယ်။ ဗီယက်နမ်ကိုဖြတ်တယ်။ ထိုင်းပင်လယ်ကွေ့ကိုရောက်တယ်။ တနင်္သာရီကမ်းရိုးတန်းကို ကျော်တယ်။ အဲဒီမှာကတည်းက တစ်ဆင့်ပြီးတစ်ဆင့် အားလျော့လာတယ်။  အဲဒီတောင်တရုတ်ပင်လယ်က မုန်တိုင်းက ကမ်းကိုဖြတ်လိုက်တဲ့အချိန်မှာ အားဘယ်လောက်ကျန်နေသလဲပေါ် မူတည်တယ်။ မုန်တိုင်းက ကွဲထွက်သွားရင် လေပွေလှိုင်းဖြစ်ပြီးတော့လာတယ်။ တစ်ခါတလေကျတော့ ကွဲမထွက်ဘဲနဲ့ Low Pressure Area အနေနဲ့ လာတယ်။ တိမ်တိုက်ကြီးပေါ့။ အဲဒီလိုလာပြီးတော့ ကပ္ပလီပင်လယ်ပြင်ထဲရောက်ပြီး ပြန်အားကောင်းတယ်။ အဲဒီလိုဆက်သွားတဲ့ မုန်တိုင်းမျိုး ၁၉၈၅ တုန်းက ဖြစ်ခဲ့ဖူးတယ်။ မုန်တိုင်းနှစ်ခါပြန်ဖြစ်တယ်။ မုန်တိုင်းက ကမ်းဖြတ်တယ်။ အကျန်က ပင်လယ်ထဲရောက် ပြန်ထအားကောင်းတယ်။ အဲဒါ ဒီနှစ်မှာ နိုဝင်ဘာ၊ ဒီဇင်ဘာတွေက အရှေ့ဘက်ကလာတဲ့ မုန်တိုင်းအကြွင်းအကျန်တွေက မပျက်သွားဘဲ ပြန်အားပျိုးပြီးဖြစ်လာတဲ့ အခြေအနေရှိတယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ရေမျက်နှာပြင်က ပူနွေးနေလို့ မုန်တိုင်းဖြစ်လို့ မိုးရွာလို့သာ အေးသွားတာ။ တကယ်မိုးမရွာဘူးဆိုရင် နိုဝင်ဘာရောက်နေပေမဲ့ ၉ နာရီ၊ ၁၀ နာရီဆိုရင် ပူနေပြီ။ ဒါက ကုန်းအပူပေါ့။ ပင်လယ်ထဲမှာလည်း အလားတူပူနေမှာပဲ။ အဲဒီလိုပူနေတယ်ဆို ရင်လာတဲ့ အကြွင်းအကျန်တိမ်တိုက်ကပူနေတဲ့ ပင်လယ်ထဲ ပြန်ကျတဲ့အခါ ပြန်ပြီးတော့ အားကောင်းလာတယ်။ အဲဒီလိုဖြစ်နိုင်တဲ့ အခြေအနေရှိတယ်။

မေး - လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းကြောင့် တောင်ကုန်း၊ တောင်တန်းဒေသတွေမှာ မြေပြိုမှုဖြစ်စဉ်တွေရော သတိထားဖို့လိုပါ သလားဆရာ။

ဖြေ - ရခိုင်ပြည်နယ်တို့၊ ချင်းပြည်နယ်တို့ မြေပြိုတာတွေ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတွေက မုန်တိုင်းကြောင့် မိုးကြီးမှာ။ အကယ်၍များ အရှေ့မြောက်ဘက်ကိုယိမ်းပြီး ဘင်္ဂလားဒေ့ရှ်ကို ဖြတ်မယ်တယ်ဆိုရင် အကြွင်းအကျန်တိမ်တိုက်တွေက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းအထိ ရောက်သွားနိုင်တယ်။ ရောက်သွားတော့ အဲဒီနေရာတွေက ဒီအချိန်မိုးရွာတဲ့ အချိန်မဟုတ်ဘူး။ အဲဒီနေရာတွေမှာ ဒီအချိန် ရေစီးရေလာကောင်းအောင် ဘယ်သူမှ လုပ်ထားတာမဟုတ်ဘူး။ အဲဒီလိုမျိုးမိုးရွာလေ့ ရွာထမရှိဘူးဆိုတဲ့အတွက်ကြောင့် ဂရုမစိုက်တဲ့ဟာသည် ကျွန်တော်အမြဲတမ်းပြောတယ်။ မိုးလေဝသအခြေအနေကို ၃၆၅ ရက်လုံး ဂရုစိုက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီကပြောင်းနေတဲ့အတွက် အရင်တုန်းက ဒီလမှာသာဖြစ်တာ ဒီလကျော်သွားရင် မဖြစ်ဘူးလို့ မှတ်ထားရင် မှားတယ်။ ဘာဖြစ်လို့လဲ အခုလည်းဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်နိုင်တဲ့အခါမှာ ကြိုတင်ပြင်ဆင်မှုကမရှိဘူး ဖြစ်နေတယ်။ အကယ်လို့များ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့၊ ချင်းပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်ဆိုရင် ရေအလုံးအရင်းနဲ့ ဆင်းလာမယ်။ အပေါ်ယံမြေလွှာတွေကို မြေတိုက်စားမယ်။ မြေသားပွတဲ့နေရာတွေမြေပြိုမယ်။ ရွ့ံရေတွေက စိုက်ခင်းတွေထဲရောက်မယ်။ နေအိမ်တွေ၊ ရွာတွေကို တိုက်စားမယ်။ အိမ်တွေပြိုသွားနိုင်တယ်။ အဲဒီလိုဟာမျိုးကို သတိပြုဖို့လိုတယ်။ ဂရုစိုက်ဖို့လိုတယ်။ အဲဒီအခြေအနေ မျက်ခြည်မပြတ်စောင့်ကြည့်ပြီးတော့ မိသားစုတွေ ရှောင်ရှားပြေးရမယ်။ အိမ်မှာရှိတဲ့သူတွေ မသေသွားအောင် ဘေးလွတ်ရာကို ရှောင်တိမ်းမှုတွေ လုပ်သင့်တယ်။

မေး -  နောက်ဆုံး ဖြည့်စွက်ပြောကြားချင်တာများရှိ ပါသေးသလား ဆရာ။

ဖြေ - မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းက ရာသီဥတု ဖောက်ပြန်မှုကို ခံစားနေရတဲ့ နိုင်ငံတိုင်းချည်းပဲ။ ဒီအချိန်ကတော့ မုန်တိုင်းရာသီမဟုတ်ဘူး။ ဒီအချိန်ကတော့ မိုးရာသီ မဟုတ်ဘူး။ ဒီအချိန်ကတော့ ဆောင်းရာသီမဟုတ်ဘူးဆိုပြီးတော့ မိုးမရွာဘူး။ နှင်းမကျဘူးဆိုပြီး မျှော်လင့်နေတာမှားတယ်။ မိုးတွင်းမဟုတ်လည်း မိုးရွာမယ်။ ဆောင်းတွင်းမဟုတ်လည်း နှင်းကျမယ်။ မျှော်လင့်ချက်ထားပြီး ကြိုတင်ပြင်ဆင်နေရမယ်။ သတိထားနေရမယ်။ အဲဒီတော့မှ မိမိရဲ့အသက် စည်းစိမ်းတွေအပေါ် ထိခိုက်တဲ့အန္တရာယ် လျော့ကျသွားမယ်။ ဒါမှ မိမိရှာတဲ့ငွေကို မိမိစားသုံးနိုင်မယ်။

 

Most Read

Most Recent