မြန်မာနိုင်ငံ၏ အဓိကခရီးသွားဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတကာလေကြောင်းလိုင်း ၃၅ ခုက နိုင်ငံတကာခရီးစဉ် ၃၅ ခုအထိ ပျံသန်းနေ

မြန်မာနိုင်ငံ၏ အဓိကခရီးသွားဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတကာလေကြောင်းလိုင်း ၃၅ ခုက နိုင်ငံတကာခရီးစဉ် ၃၅ ခုအထိ ပျံသန်းနေ
  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ Ruili လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ Ruili လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 8 November 2019
ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံ၏ အဓိကခရီးသည် ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ အောက်တိုဘာလကုန်ထိ နိုင်ငံတကာလေကြောင်းလိုင်း ၃၅ ခုက နိုင်ငံတကာခရီးစဉ် ၃၅ ခုအထိ ပျံသန်းနေပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်ပျံသန်းသည့် ၃၅ ခုမြောက် နိုင်ငံတကာခရီးစဉ်အား တရုတ်နိုင်ငံမှ Qingdao လေကြောင်းလိုင်းက တရုတ်နိုင်ငံ နင်းပေါ်မြို့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်အဖြစ် စတင်ပျံသန်းခဲ့ခြင်းဖြစ်သည်။

Qindgao လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် ရှန်ဟိုင်းမြို့တောင်ဘက်ရှိ အဓိကဆိပ်ကမ်းမြို့ဖြစ်ပြီး ရှီကျင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် နင်းပေါ်မြို့သို့ ချိတ်ဆက်ပျံသန်းမည့် ၎င်း၏လေကြောင်းခရီးစဉ်သစ်ကို ခရီးသည် ၁၈၀ ဦးအား သယ်ဆောင်နိုင်မည့် A 320 အမျိုးအစားလေယာဉ်အား အသုံးပြု၍ အပတ်စဉ် တင်္နလာနှင့် သောကြာနေ့တိုင်း ပျံသန်းသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချိတ်ဆက်ပျံသန်းသည့် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများ ပိုမိုများပြားလာနေပြီး လက်ရှိတွင် ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံအကြား ချိတ်ဆက်ပျံသန်းနေသော တရုတ်လေကြောင်းလိုင်း စုစုပေါင်း ၁၃ ခုရှိလာပြီဖြစ်ကြောင်း သိရသည်။

၂၀၁၉ အောက်တိုဘာ ၂၈ ရက်အထိ တရုတ်လေကြောင်းလိုင်း ၁၃ ခုက တရုတ်နိုင်ငံရှိ မြို့ကြီး ၁၈ မြို့နှင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အကြား လေကြောင်းခရီးစဉ် ပျံသန်းနေပြီး ထပ်မံ၍ တရုတ်လေကြောင်းလိုင်းများမှ ရန်ကုန်လေဆိပ်နှင့် ချိတ်ဆက်၍ ခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံမှုများ ရှိနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ တရုတ်လေကြောင်းလိုင်းများဖြစ်သည့် Hainan Airlines, Sichuan Airline, China Eastern Airlines, Xiamen Airlines နှင့် Spring Airlines, Kunming Airlines, Ruili Airlines နှင့် Qingdao လေကြောင်းလိုင်းတို့က ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံရှိမြို့ကြီးများကို ခရီးစဉ်သစ် ပျံသန်းမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၏ ကိုးလတာအတွင်း နိုင်ငံတကာလေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူခရီးသည်ပမာဏ ယခင်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် YACL ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ်၏ ပထမကိုးလတာအတွင်း မြန်မာနိုင်ငံ၏ အဓိကလေကြောင်း ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား အသုံးပြုသူ ခရီးသည် ပမာဏ ၄ ဒသမ ၆၀ သန်းအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်ကာလတူမှ ခရီးသည်ပမာဏ ခရီးသည် ၄ ဒသမ ၃၂ သန်း ဝင်ထွက်မှုရှိခဲ့ပြီး ယမန်နှစ်ထက် ခရီးသည် ၆ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ခရီးသည်ပမာဏ မြင့်တက်လာရခြင်းသည် ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် တရုတ်ခရီးသွားစျေးကွက်မှ ခရီးစဉ်တိုးချဲ့ပျံ သန်းမှုများကြောင့်ဖြစ်ကြောင်း YACL မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent