အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အူနိုင်းအမ်မရီက ၎င်းနေရာတွင် မော်ရင်ဟို အစားဝင်ရောက်ဖွယ်ရှိနေသည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချခဲ့ပြီး မိမိသည် ယခုအချိန်အထိ အာဆင်နယ်အသင်းနည်းပြ ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ဗစ်တိုးရီးယားဂီမာရေ့စ်အသင်းနှင့် သရေကျခဲ့ပြီးနောက် အမ်မရီ၏အသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး(၆)ပွဲတွင် တစ်ပွဲသာအနိုင်ရခဲ့ပြီး အမ်မရီ၏ရာထူးမှာလည်း ဖိအားများဝင်နေပြီဖြစ်သည်။
၎င်းနေရာတွင် ယခင်ချယ်လ်ဆီးနှင့် မန်ယူအသင်းနည်းပြဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌ အသင်းလက်မဲ့ ဖြစ်နေသည့် မော်ရင်ဟိုက အစားဝင်တော့မည်ဆိုသည့် သတင်းများမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။
ယူရိုပါလိဂ်ပွဲစဉ်အပြီးတွင်လည်း ယင်းကိစ္စအတွက် သတင်းထောက်များက မေးမြန်းခဲ့ရာ အမ်မရီက "ကျွန်တော်က အာဆင်နယ် နည်းပြပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့အဓိက ရည်မှန်းချက်က အုပ်စုဗိုလ်ရဖို့ဖြစ်ပြီး ဒီရည်မှန်းချက်က နောက် (၂)ပွဲကစားပြီးချိန်မှာ ပြည့်ဖို့ သေချာပါတယ်။ အခုတော့ လက်စတာနဲ့ပွဲအတွက် ပြင်ဆင်တော့မှာပါ။ ကျွန်တော်တို့ အလုပ်လုပ်ခဲ့တယ်။ တိုက်ပွဲဝင်ခဲ့တယ်။ စုဖွဲ့မှုကောင်းတဲ့အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ရလဒ်အတွက် နည်းနည်းစိတ်ပျက်မိပေမယ့် ထိပ်ဆုံးနေရာမှာ ရှိနေဆဲပါပဲ"ဟု ပြောကြားခဲ့သည်။
ယင်းပွဲတွင် ကွင်းလယ်လူ စီဘယ်ယို့စ်လည်း ဒဏ်ရာရခဲ့ပြီး အမ်မရီက အသေးစားဒဏ်ရာသာဖြစ်သည်ဟု ပြောကြားခဲ့သည်။