မြန်မာ-ကိုရီးယားစီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၅၀ နီးပါးဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထူထောင်ရန် MIC က ခွင့်ပြုပေးထားပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေဟုဆို

မြန်မာ-ကိုရီးယားစီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၅၀ နီးပါးဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထူထောင်ရန် MIC က ခွင့်ပြုပေးထားပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေဟုဆို
  နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 7 November 2019
နီလာ

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း မှုစက်မှုဇုန်စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၁၅၀ နီးပါးဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းထူထောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ခွင့်ပြုပေးထားပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“ပဲခူးတိုင်းဒေသကြီး ညောင်အင်းကျေး ရွာအုပ်စုအတွင်းက မြေ ၂၀၃ ဒသမ ၆ ဧကမှာ အမေရိကန်ဒေါ်လာ ၂၈ သန်း ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းတစ်ခုရှိပါတယ်။ Tae Kaung Myanmar Development Co. Ltd က ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှာဖြစ်ပြီး သူက ရာနှုန်းပြည့် ကိုရီးယားရင်း နှီးမြှုပ်နှံမှုဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀၊ ကိုရီးယားက ရာခိုင်နှုန်း ၆၀ ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စတင်တည်ထောင်ခြင်းနှင့် မြန်မာ -ကိုရီးယား အတူတကွအောင်မြင်တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့ မိတ်ဖက်ခေါင်းစဉ်ဖြင့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးစသည့် များစွာသောစက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံအဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတ နိုင်ငံသမ္မတမစ္စတာမွန်းဂျေအင်းက အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလျံနှင့် ချိတ်ဆက်ပေးမည့် Hub ဆုံချက်နေရာဖြစ်ကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါလူ ဦးရေ၏ တစ်ဝက်က အသက် ၃၀ အောက် လူငယ်များဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သောနိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလားတူ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ သဘောတူညီထားသော ပြင်ပစီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ဒေါ်လာတစ်ဘီလျံမှတစ်ဆင့်ဆက်လက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစက်မှုဇုန်က စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာနှင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ်လုပ် ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာတပ်ဆင်ထားသော အခြေခံအဆောက်အအုံများကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သမ္မတမစ္စတာမွန်းဂျေအင်းက ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ်သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။                                             

Most Read

Most Recent