လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုရရှိ
  ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်ကုန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်ကုန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 7 November 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်းကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ကိုးသောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ထားပြီး ယခင်နှစ်ကာတူထက် တန်ချိန်ကိုးသောင်းကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌနမှ လက်ထောက်အတွင်း ဝန်ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“တန်ဖိုးက အခုလက်ရှိမှာ ဒေါ်လာ ၆၅ သန်းကျော်သွားပြီ။ ကာလတူထက်၂၁ သန်း ကျော်လောက်ပိုတယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြား သည်။

ယခင်နှစ်ကာလတူတွင်မူ တန်ချိန် ၂ ဒသမ ၉၅၄ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၃ ဒသမ ၆၆၂ သန်းအထိ ရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်တွင် အဓိကဆန်တင်ပို့မှုစျေးကွက်ဖြစ်သည့် တရုတ်နှင့် အီးယူနိုင်ငံတို့မှ ဝယ်ယူမှုကျဆင်းခဲ့သဖြင့် ယခင်နှစ်များထက် ဆန်တင်ပို့မှုလျော့ကျခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဆောင်ရွက်သင့်သောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့် စပါးများ အခြောက်ခံရန်အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး ယာဉ်အခက်အခဲများရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှုအားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ဆန်စပါးကဏ္ဍသည် နယ်စပ်မှ အရောင်းအဝယ်အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှု ကျဆင်းနေကြောင်း၊ ယခုအခြေအနေသည် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ယခင်က တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ပြီး  လက်ရှိတွင် ကုမ္ပဏီ ၄၀ ကျော်ကို ထပ်မံရွေးချယ်နိုင်ခဲ့သဖြင့် အဆိုပါကုမ္ပဏီစာရင်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးပါက တရုတ်နိုင်ငံသို့ ဆန်ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူများလယ်သမားများ၏ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင်က တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီက ၁၁ ခုပဲရှိပါတယ်။ မကြာခင်က ဆန်စက်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးမှုများပြုလုပ်ပြီးတဲ့အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စာရင်းတွေကို တရုတ်နိုင်ငံဘက်ကို ပေးပို့ဖို့ရှိပါတယ်။ ဒီလိုစစ်ဆေးပြီး သားဆန်စက်များရဲ့ စာရင်းရောက်သွားတာနဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုတွေပြန်လည် တင်ပို့နိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

 

 

Most Read

Most Recent