နိုဝင်ဘာလ(၆)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်-၄(ဒုတိယနေ့)ပွဲစဉ်တွေမှာ နောက်တစ်ဆင့်တက်ရောက်ခွင့်ရတဲ့အသင်း (၃)သင်း ထွက်ပေါ်လာပြီး ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ လက်ကျန်(၂)ပွဲအလိုမှာပဲ စာရင်းပေါက်ခဲ့ကြတာဖြစ်ပါတယ်။
ပထမနေ့ပွဲစဉ်တွေမှာ ရှုံးထွက်အဆင့်ကို စောစောစီးစီးတက်ခွင့်ရတဲ့အသင်း မရှိခဲ့ဘဲ အခုဒုတိယနေ့မှ (၃)သင်း ထွက်ပေါ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ PSG အသင်းတို့က ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်ကတော့ နာကျင်အချိန်ပိုအနိုင်ဂိုးကြောင့်သာ တက်လှမ်းနိုင်ခဲ့တာဖြစ်တယ်။
မန်စီးတီးကတော့ အီတလီမြေမှာ သရေသာကစားနိုင်ခဲ့လို့ နောက်တစ်ဆင့်အတွက် အာမခံချက်မရခဲ့ပါဘူး။
အတ္တလန်တာ-မန်စီးတီးပွဲမှာ မန်စီးတီးဂိုးသမား အီဒါဆန် အသေးစားဒဏ်ရာရခဲ့လို့ ပထမပိုင်းအပြီးမှာ ဘရာဗိုနဲ့ လူစားလဲခဲ့ရပြီး ဘရာဗိုကလည်း (၈၁)မိနစ်မှာ အထုတ်ခံခဲ့ရလို့ လက်ကျန်(၁၀)မိနစ်ကျော်လောက်ကို နောက်ခံလူ ဝေါ်လ်ကာက အစားဂိုးဝင်ဖမ်းခဲ့ရပါတယ်။
ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ရီးယဲလ်မက်ဒရစ်၊ စပါးအသင်းတို့ကလည်း ရှုံးထွက်အဆင့်တက်ခွင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၅)ရာသီဆက်တိုက် ဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစာရင်းမှာ စီရော်နယ်လ်ဒို(၁၀၅ ဂိုး)၊ ရာအူးလ်(၆၆ ဂိုး)တို့နောက် တတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းအတွက် ရမ်ဆေး သွင်းယူပေးတဲ့ဂိုးကတော့ အသင်းသမိုင်းမှာ ချန်ပီယံလိဂ်သွင်းဂိုး (၃၀၀)ပြည့်မြောက်ခဲ့ပြီး ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်ယူအသင်းတွေနောက် ဒီမှတ်တိုင်ကိုရောက်ရှိခဲ့တဲ့ ပဥ္စမမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။