တရုတ်နိုင်ငံက NRPC သို့ အမေရိကန်ဒေါ်လာ လေးသိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံက လိုအပ်ချက်များရှိလျှင် အမြန်ဆုံး ကူညီပေးသွားမည်ဟု မစ္စတာဆွန်းကော့ရှန် ပြောကြား

တရုတ်နိုင်ငံက NRPC သို့ အမေရိကန်ဒေါ်လာ လေးသိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံက လိုအပ်ချက်များရှိလျှင် အမြန်ဆုံး ကူညီပေးသွားမည်ဟု မစ္စတာဆွန်းကော့ရှန် ပြောကြား
Published 6 November 2019

တရုတ်နိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  ၌ အမေရိကန်ဒေါ်လာ လေးသိန်း လာရောက် လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံက လိုအပ်ချက်များရှိလျှင် အမြန်ဆုံး ကူညီပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်က ပြောကြားသည်။

နေပြည်တော်ရှိ NRPC တွင် နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီက NRPC ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်တို့ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံက NRPC ထံသို့ အမေရိကန်ဒေါ်လာ လေးသိန်းလှူဒါန်းခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံ ဗဟိုအစိုးရကိုယ်စား မြန်မာနိုင်ငံ NRPC ကို စတုတ္ထအကြိမ်မြောက် ကူညီထောက်ပံ့ငွေ လှူဒါန်းခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မူတည်၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစဉ်တစိုက် တတ်နိုင်သလောက် ကူညီပေးခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သားများ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေလိုသည့် ဆန္ဒရှိကြောင်း အာရှရေးရာ အထူးကိုယ်စားလှယ်က ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်မှု ရနေတာတွေကို သိရလို့ ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံကို ငွေကြေးကူညီတဲ့ပမာဏ မကြီးမားလှပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က ပြတ်ပြတ်သားသား ပေါ်လစီချမှတ်ပြီး ကူညီသွားပါမယ်။ ရေရှည် အနာဂတ်မှာပါ နည်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့ ပေးသွားပါမယ်။ မြန်မာမိတ်ဆွေများဘက်က လိုအပ်ချက်တွေ ရှိခဲ့ရင်ပြောပါ။ မြန်နိုင်သလောက် အမြန်ဆုံး ကူညီပေးပါမယ်လို့ တရုတ်ဗဟိုအစိုးရကိုယ်စား ကျွန်တော် ပြောချင်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်နိုင်တဲ့၊ အားကိုးနိုင်တဲ့ မိတ်ဆွေတစ်ဦး ဖြစ်ပါတယ်”ဟု အာရှရေးရာ အထူးကိုယ်စားလှယ်က ပြောကြားသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က လာရောက် ကူညီပေးခြင်းအပေါ် အထူးကျေးဇူးတင်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ကြီးမားလှသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ယခုကဲ့သို့ တရုတ်နိုင်ငံက အစဉ်တစိုက် ကူညီပေးနေခြင်းကြောင့် တည်တံ့ခိုင်မာလျက်ရှိကြောင်း နှင့် ရေရှည်တွင် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားအတွက် ဆက်လက်ကူညီ ပံ့ပိုးပေးလိမ့်မည်ဟု ယုံကြည်ကြောင်း NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကပြောကြားသည်။

တရုတ်အစိုးရကိုယ်စား အာရှရေးရာ အထူးကိုယ်စားလှယ်က အမေရိကန်ဒေါ်လာ လေးသိန်း လှူဒါန်းပြီးသည့်နောက်တွင် NRPC  ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အာရှရေးရာ အထူးကိုယ်စားလှယ်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

 

Most Read

Most Recent