မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရေး စီမံကိန်းအတွက် ဂျပန်ယန်း ၄၄၄ သန်း ထောက်ပ့ံမည့် Grant Agreement ကို JICA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်မှတ်ရေးထိုး

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရေး စီမံကိန်းအတွက် ဂျပန်ယန်း ၄၄၄ သန်း ထောက်ပ့ံမည့် Grant Agreement ကို JICA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်မှတ်ရေးထိုး
Grant Agreement အား JICA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့  လက်မှတ်ရေးထိုး လဲလှယ်စဉ်
Grant Agreement အား JICA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့  လက်မှတ်ရေးထိုး လဲလှယ်စဉ်
Published 6 November 2019

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရေး စီမံကိန်းအတွက် ဂျပန်ယန်း ၄၄၄ သန်း ထောက်ပံ့မည့်  Grant Agreement         အား JICA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့  လက်မှတ်ရေးထိုးခဲ့ကြောင်း JICA Myanmar မှ သတင်းရရှိသည်။

နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် ၅၀ ၌ ဂျပန်နိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသများအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရေး စီမံကိန်းအတွက် Grant Agreement အား JICA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ နိုဝင်ဘာ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ အမှုဆောင် အရာရှိချုပ် Mr. Masayuki KARASAWA တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ဂျပန်နိုင်ငံအစိုးရရဲ့ ငွေကြေးအထောက်အပံ့နဲ့ ဆောင်ရွက်မည့် ကျေးလက်ဒေသများအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးရေး စီမံကိန်းအတွက် Grant Agreement ကို လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ ဒီငွေကြေးအထောက်အပံ့ကို ဧရာဝတီနဲ့ ချင်းပြည်နယ်ရှိ ဒေသခံတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်”ဟု JICA Myanmar office မှ တာဝန်ရှိသူက ဆိုသည်။

စီမံကိန်းအတွက် ဂျပန်အစိုးရက ဂျပန်ယန်းငွေ စုစုပေါင်း ၄၄၄ သန်း တန်ဖိုးရှိသည့် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်၊ စက်ယန္တရား ၆၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ ဆန်စပါးကို အဓိကထား စိုက်ပျိုးနေသည့် ဒေသခံများအတွက် ရည်ရွယ်ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအား အကောင်အထည်ဖော်ရာတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့သည် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် စီမံကိန်းက ထောက်ပံ့ပေးထားသည့် ယာဉ်/စက် ယန္တရားများကို အသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း အခြေခံအဆောက်အအုံများ တိုးတက်လာစေရေး၊ ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေများတိုးတက်ရရှိရေး စသည့် စီမံကိန်းရည်ရွယ်ချက်များ ပြည့်မီအောင် ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများ အသုံးပြုခြင်းသည် လယ်ယာလုပ်သားခနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျှော့ချရေး၊ သီးနှံအရည်အသွေးနှင့် ထွက်နှုန်း မြင့်တက်လာရေး၊ တောင်သူများ ဝင်ငွေတိုးတက် ရရှိရေးတို့အတွက် အဓိက အချက်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများသည် ကျေးလက်ဒေသများတွင် နှစ်စဉ်မိုးရာသီတွင် ကြုံတွေ့နေရသည့် မိုးရေကြောင့် မြေပြိုမှု၊ လမ်းပျက်စီးမှုများကို ထိန်းသိမ်း၊ ပြုပြင်သွားနိုင်မည် ဖြစ်သည့်အတွက် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး ဒေသတွင် လမ်းကွန်ရက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပေးနိုင်မည်ဟု သိရသည်။

 

Most Read

Most Recent