မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသည်ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ယင်းကိစ္စသည် ၀ါဒဖြန့်ခြင်းနှင့် နိုင်ငံရေးအရလည်း ပါဝင်သည်ဟုယူဆကြောင်း MIC ရှင်းလင်း

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသည်ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ယင်းကိစ္စသည် ၀ါဒဖြန့်ခြင်းနှင့် နိုင်ငံရေးအရလည်း ပါဝင်သည်ဟုယူဆကြောင်း MIC ရှင်းလင်း
 နိုဝင်ဘာ ၆ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ သတင်းစာရှင်းလင်းပွဲကျင်းပမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
 နိုဝင်ဘာ ၆ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ သတင်းစာရှင်းလင်းပွဲကျင်းပမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 6 November 2019
နီလာ၊ ဇေယျာငြိမ်း

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသည့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသည်ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ယင်းကိစ္စသည် ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်းနှင့်  နိုင်ငံရေးအရလည်း ပါဝင်သည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုဝင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲ ကျင်းပကာ တရားဝင်ထုတ်ဖော် ရှင်းလင်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဖော်ပြခဲ့မှုတွင် မြန်မာနိုင်ငံတွင်ရှိသည့် စီးပွားရေးလုပ်ငန်း ၁၀၀ ခန့်က စက်မှုလုပ်ငန်းများနှင့် သင့်တော်သည့် ပတ်ဝန်းကျင် မြန်မာနိုင်ငံတွင် မရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းထုတ်ပြန်ချက် ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်တဲ့နေရာမှာ ဒီလိုသတင်းမျိုး ပေါ်ထွက်လာတာဟာ တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

ကိုရီးယားနှင့်မြန်မာအစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လပိုင်းက ကိုရီးယားနိုင်ငံက EDCF ချေးငွေ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ) ပေးအပ်သည့် မူဘောင် သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်းနှင့် ကိုရီးယားနှင့်မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်အဆင့် တရားဝင် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်ကို အာလုံးအသိပင် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၁၇၉ ခုတွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော် (လေးဘီလျံနီးပါး) လာရောက် ရင်းနှီးမြှုပ်နှံထားပြီး   မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ဒီလို ရင်းနှီးမြှုပ်နှံမှုတွေက လွယ်လွယ်ကူကူ ဖြစ်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် ဆွေးနွေး အကြိမ်ကြိမ် တိုင်ပင်ပြီးတော့မှ စက်မှုဇုန်ဆိုတာ ဖော်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့လည်း လိုအပ်တဲ့ အကူအညီတွေကို ဆောင်ရွက်ပေးတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာလည်း အလွယ်တကူရအောင် လုပ်ဆောင်နေတယ်။ ပါမစ်ရပြီး နောက်ပိုင်းမှာ Investment ကို Facilitate လုပ်ပေးတာ ရှိပါတယ်။ ဒါကြောင့်မို့ ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆိုပြု တင်ပြထားတာတွေရှိသလို လာရောက်စုံစမ်းနေတဲ့ လုပ်ငန်းတွေလည်း ဆက်ပြီး တိုးတက်နေပါတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးလို့ ပြောလိုပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။        

“ဒီနေ့မနက်မှာ ကိုရီးယားစီးပွားရေးသံမှူး ဒေါက်တာယွန်းနဲ့ ကျွန်တော် ဖုန်းဆက်ပြီးတော့ ပြောပါတယ်။ ဒီအခြေအနေတွေ နဲ့ပတ်သက်ပြီး ခင်ဗျားဘာပြောချင်လဲဆိုတော့ မဟုတ်ဘူးတဲ့။ ဒါက စီးပွားရေးသမား တစ်ယောက်က ဟိုဘက် ဘင်္ဂလားဒေ့ရှ်ဘက်မှာ သွားပြီးပြောတဲ့ သတင်းအပေါ်မှာ အခြေခံပြီးဖြစ်လာတဲ့ သတင်းသာ ဖြစ်ပါတယ်။အဲဒီစီးပွားရေးသမားကို ရာနှုန်းပြည့် ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်”ဟု ဦးသန့်စင်လွင်က ဆိုသည်။

“ဒီလိုမျိုး ကမ္ဘာ့ဘဏ်ရဲ့သုံးသပ်မှုတွေ ကျွန်တော်တို့အပေါ် ကောင်းလာတဲ့ အခြေအနေမှာ ဒီလိုသတင်းမျိုး ပေါ်ထွက်လာတယ်ဆိုတာ ကျွန်တော်တိုင်းပြည်အတွက် မကောင်းတဲ့ဘက်ကို သွားတယ်လို့ ယူဆပါတယ်။ ဒါက တစ်ဖက်က ၀ါဒဖြန့်တယ်လို့  ယူဆတယ်။ နောက်တစ်ခုက နိုင်ငံရေးလည်း ပါဝင်တယ်လို့ ယူဆပါတယ်”ဟု ဦးသန့်စင်လွင်က မီဒီယာများသို့ ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

 

Most Read

Most Recent