လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ယခင်နှစ် ကာလတူထက် ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၃၀,၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ယင်းကာလအတွင်း ပဲစျေးမြင့်တက်သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းကျော် ပိုမိုရရှိခဲ့

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ယခင်နှစ် ကာလတူထက် ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၃၀,၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ယင်းကာလအတွင်း ပဲစျေးမြင့်တက်သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းကျော် ပိုမိုရရှိခဲ့
မြန်မာပြည် အထက်ပိုင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)
မြန်မာပြည် အထက်ပိုင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)
Published 6 November 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ယခင်နှစ် ကာလတူထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၃၀,၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ယင်းကာလအတွင်း ပဲစျေးနှုန်းမြင့်တက်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၆ သန်းကျော် ရရှိထားသည်။

“ပဲမျိုးစုံကတော့ လက်ရှိမှာ တန်ချိန် ၈၀,၀၀၀ ကျော်ပေါ့ ဝင်ငွေကတော့ ၅၆ ဒသမ ၂၂၉ သန်းပေါ့။ ကာလတူထက်ယှဉ်ရင် တန်ချိန် နှစ်သောင်းကိုးထောင်လောက် နည်းတဲ့အနေအထားမှာရှိတယ်။ ဝင်ငွေရတာပေါ့ ပိုနေတယ်။ ဘယ်လောက်လဲဆိုတော့ ဒေါ်လာ ၅ သန်းလောက် ပိုနေတယ်။ တန်ချိန်တော့ နည်းသွားတယ် ဝင်ငွေကတော့ ပိုလာတယ်။ အဓိကတော့ စျေးနှုန်းကြောင့်ပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အဓိက တင်ပို့နေသည့် ပဲအမျိုးအစားများမှာ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ဖြစ်သည်။

မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေခြင်းဖြစ်ပြီး ပဲတီစိမ်းကို ဥရောပနိုင်ငံတချို့နှင့် တရုတ်နိုင်ငံက ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ ၂၀၁၉ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပြည်တွင်းမတ်ပဲ စျေး FAQ တစ်တန်လျှင် ကျပ် ၇၅၂၅၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၉၇၅၀၀ စျေးဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ပြည်တွင်းမတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၅၃၀၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၈၉၈၀၀၀ စျေးဖြင့် အရောင်းအဝယ် ရှိခဲ့သည်။

အောက်တိုဘာ ၄ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၈၅၃၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၅၀၀၀ စျေးရှိခဲ့သည်။ စက်တင်ဘာ ၆ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၂၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၆၂ဝဝဝစျေး၊ စက်တင်ဘာ ၉ ရက်တွင် မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၄၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၂၀၀၀ စျေးရှိခဲ့သည်။

စက်တင်ဘာ ၁၀ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ်ရ၅၀၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀ စျေးအထိရှိလာပြီး စက်တင်ဘာ ၁၁ ရက်တွင် မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၅၄၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၉၀၀၀ စျေးအထိ မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးလျက်ရှိသည့် ပဲမျိုးစုံတိုးချဲ့ တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောငး်ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ် ရေးထိုးတင်ပို့နိုင်ရေး ထပ်မံညှိနှိုင်းခဲ့ကြပြီး G to G မတိုင်မှ အချက်သုံးချက် တောင်းဆိုခဲ့ကြောင်း၊ ပထမအချက် အနေဖြင့် ယခုနှစ်အတွက် တင်သွင်းခွင့်ခွဲတမ်း ထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ ဒုတိယအချက် အနေဖြင့် မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် တတိယအချက်အနေဖြင့် ခွဲတမ်းကို သုံးလသာ မဟုတ်ဘဲ တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောငး်ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Most Read

Most Recent